အမှတ်-၁ ချစ်ကြည်ရေးတံတား နဲ့မြဝတီမြို့တွင်းနေရာတွေကို စစ်တပ်ပြန်ဝင်ပြီး လုံခြုံရေးယူလာ

စက်တင်ဘာ ၁၁ ၊ ၂၀၂၅
CC (VOM)
ထိုင်းမြန်မာနယ်စပ် ၊ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ စစ်တပ်က ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား အပါအဝင် မြို့တွင်းရှိနေရာတွေမှာ တပ်စခန်းချပြီး လုံခြုံရေးပြန်လည်ရယူလာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား အမပတ်လမ်းအောက်ရှိ BGF လုံခြုံရေး ကင်းစခန်းနေရာမှာ စစ်တပ်က လုံခြုံရေးပြန်လည်ရယူလာခြင်းဖြစ်ပြီး မြဝတီ ကုန်သွယ်ရေးဇုန်၊ မြေနီကုန်း၊ ခလရ ၂၇၅ ၊ ဟေမန်ဦးပြည်သူ့စစ်ကုန်း ၊ ရှေ့ တန်းရုံး ၊စစ်မှုထမ်းဟောင်းရပ်ကွက် နေရာတွေ မှာပါ အထိုင်ချပြီး လုံခြုံရေးပြန်လည်ရယူလာတာဖြစ်တယ်လို့သိရပါတယ်။
” တံတားပေါ်မှာကတော့နဂိုထဲက စစ်တပ်ရှိတယ်။အခုကစစ်တပ်က အမှတ်၁ တံတားအောက် BGF ရေစစ်တပ်ရောနှစ်ခုတွဲထားတယ်။စစ်တပ်ကလုံခြုံရေးပိုင်းပြန်ဝင်လာတယ်။ခလရ ၂၇၅ မှာက စစ်တပ်ရော အဖွဲ့အစည်းရောတွဲထိုင်တယ်။ခုအာရှလမ်းပြန်ရ ပြီးတော့ ဗျူဟာကုန်းမှာစစ်တပ်ပြန်ဝင်လာတယ်။သူတို့ရှိရမယ့်နေရာတွေမှာ စစ်တပ်က အကုန်ပြန်ဝင်လာတယ်။” လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီ အာရှလမ်းမကြီးကို စက်တင်ဘာ ၆ ရက်နေ့မှာ ထိန်းချုပ်လိုက်ပြီးနောက်ကစလို့ စစ်တပ်ဟာ မြဝတီမြို့တွင်းရှိ ယခင်တပ်စခန်းချခဲ့တဲ့နေရာတွေကို ပြန်ဝင်ရောက်တပ်စွဲကာ လုံခြုံရေးရယူလာတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ စစ်တပ်က မြဝတီမြို့မှာ စစ်အင်အားဖြည့်တင်းပြီး လုံခြုံရေးယူလာတဲ့အပြင် စစ်တပ်ဂိတ်စခန်းရှိတဲ့နေရာတွေမှာတော့ စစ်ဆေးမှုတွေရှိနေတယ်လို့သိရပါတယ်။
” မြဝတီမှာ စစ်တပ်ကနေရာစုံပြန်ယူလာတာတွေ့ရတယ်။ခုရက်ပိုင်းအတွင်းမှာပဲ နေရာစုံကိုပြန်ဝင်လာတပါ။ မြို့ထဲလည်း လက်နက်ကိုင်အဖွဲ့တွေ သွားလာမှုကလည်းရှိပါတယ်။စစ်တပ်ပြန်နေရာယူလာပေမယ့် အခုထိတော့ မြို့ပေါ်အေးဆေးဖြစ်နေတုန်းပါဘဲ။သူတို့ဂိတ်နေရာဖြတ်ရင်တော့ စစ်ဆေးမှုရှိတယ်။” လို့ မြို့ခံတယောက်က ပြောပါတယ်။
မြဝတီ – သင်္ဃန်းညီနောင် – ကော့ကရိတ်အာရှလမ်းမကြီးကို စစ်တပ်က စက်တင်ဘာလ ၆ ရက်နေ့မှာ ပြန်လည်ထိန်းနိုင်ချုပ်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ အာရှလမ်းမကြီးတလျှောက် လုံခြုံရေးယူကာ ရှင်းလင်းရေးတွေဆောင်ရွက်နေသလို သင်္ဃန်းညီနောင်မြို့သစ်မှာလည်း စစ်တပ်က လုံခြုံရေးပြန်လည်ရယူခဲ့သလို မြဝတီမြို့တွင်းပါ ဝင်ရောက်နေရာယူလာတာဖြစ်တယ်လို့သိရပါတယ်။
စစ်တပ်က မြဝတီမြို့ရှိ လက်ခတ်တောင်စခန်းကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
လက်ရှိအထိ မြဝတီမြို့ပေါ်မှာ တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိပေမယ့် စစ်တပ်က လေးကေ့ကော်ဒေသကို မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုအပြင် လေကြောင်းကနေပါ တိုက်ခိုက်မှုရှိနေတာကြောင့် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။
စစ်တပ်က မြဝတီအာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်လိုက်သလို မြဝတီမြို့တွင်း မှာပါ နေရာပြန်ယူလာတာကြောင့် ဩဂုတ် ၁၈ ရက်ကပိတ်ထားတဲ့ ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးတံတားဖြစ်တဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားကို မကြာခင်မှာပြန်လည်ဖွင့်လှစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW