ပေကျင်း၊ စက်တင်ဘာ-၁၂-၂၀၂၅
မျိုးဆက်(VOM)
တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်ဟာ မကြာသေးမီက ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်အတွင်းကို ခုတ်မောင်းခဲ့တယ်လို့ တရုတ်ရေတပ်က ထုတ်ပြန်ပါတယ်။
ဒါဟာ လေယာဉ်တင်သင်္ဘော ဖူကျန်အတွက် တာဝန်ထမ်းဆောင်းခြင်းမပြုမီ ပင်လယ်ရေကြောင်းစမ်းသပ်မှုရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ ခရီးစဉ်ဟာ သိပ္ပံဆိုင်ရာ သုတေသနနဲ့ လေ့ကျင့်ရေးမစ်ရှင်တွေ ဆောင်ရွက်ဖို့ ခရီးစဉ်ကို စက်တင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့ကြောင်း တရုတ်ရေတပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ဖူကျန်ဟာ တရုတ်နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ပထမဆုံး ထုတ်ဖော်ပြသခဲ့ပြီး ပြီးခဲ့တဲ့ နှစ်မှာတော့ ပင်လယ်ပြင်မှာ စမ်းသပ်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။
လေယာဉ်တင်သင်္ဘော စမ်းသပ်မှုနဲ့ လေ့ကျင့်မှုတွေဟာ တည်ဆောက်စမ်းသပ်မှု ပုံမှန်အစီအစဉ်တခုဖြစ်ပြီး ဘယ်သူ့ကို ပစ်မှတ်ထား ရည်ရွယ်ပြုလုပ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။
တိုင်ဖွန်း ဒုံးခွင်းဒုံးစနစ်နဲ့ အခြားအဆင့်မြင့် သင်္ဘောဖျက်လက်နက်တွေနဲ့ အတူ အနီးနားရှိ အိုကီနာဝါကျွန်းမှာ အမေရိကန် နဲ့ ဂျပန်ရေတပ်ရဲ့ နှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် တရုတ်လေယာဉ်တင်သင်္ဘောရဲ့ လှုပ်ရှားမှုတွေ ထွက်ပေါ်လာတာ့ဖြစ်ပါတယ်။
ဖူကျန်ဟာ တရုတ်ရေတပ် ဒုံးကျည်ဖျက်သင်္ဘောနှစ်စင်းနဲ့ အတူ အရှေ့တရုတ်ပင်လယ်ကို ဝင်ရောက်ပြီး အနောင်တောင်ဘက် ထိုင်ဝမ်ကျွန်းဘက်ကို ဦးတည်ခုတ်မောင်းခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက အခြေအနေကို ပူးတွဲထောက်လှမ်းရေး စောင့်ကြည့်စစ်ဆေးနေပြီး သင့်လျော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို မတုံ့ပြန်သေးပါဘူး။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး စစ်ရေးလေ့ကျင့်မှုတွေအပါအဝင် ကျွန်းအနီးမှာ စစ်ရေးအင်အား တိုးချဲ့နေပါတယ်။ ထိုင်ဝမ်ရေလက်ကြားကိုလည်း သူ့ရေပိုင်နက်အဖြစ် သတ်မှတ်ပြီး ထိုင်ဝမ်၊ အမေရိကန်နဲ့ မဟာမိတ် အများအပြားက ဒါဟာ နိုင်ငံတကာ ရေကြောင်းလို့ သတ်မှတ်ထားပါတယ်။
Ref:CNA
Photo:AP