ကျောက်မဲမြို့အနီး နေရာသုံးခုမှာ နလအ ဘက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လာ

စက်တင်ဘာ ၁၃၊ ၂၀၂၅
Shy V (VOM)
TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ အနီး သုံးနေရာခန့်မှာ စက်နင်ဘာလ ၁၂ ရက်နေ့ညကစ နလအ တပ်ဖွဲ့ဘက်က ဒရုန်း၊ လေကြောင်း၊ လက်နက်ကြီး တွေနဲ့ ပြင်းပြင်း ထန်ထန် တိုက်ခိုက်လာကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
“မ‌နေ့ညကတော့ စစ်တပ်ဘက်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ကျောက်မဲပတ်ပတ်လည် သုံး နေရာလောက်ကိုတော့ ချနေတာပဲ။ တိုက်ပွဲက မြို့ထဲတော့ မရောက်သေးပါဘူး။ မြို့ အနီး လေး၊ ငါး၊ ခြောက်မိုင် ပတ်ဝန်းကျင်ပေါ့။ အဲမှာပဲ ရောက်သေးတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မနေ့ည တညလုံး Y-12 နဲ့ရော ဒရုန်းနဲ့ရော ဗုံး အလုံး ၇၀၊ ၈၀ ခန့် ချသံကြားရပြီး ကျောက်မဲ အနီး ခိုက်တုန်ဟုန်း၊ ကောင်းမှုလျန်၊ မိုင်းလင်း၊ နမ့်ဆော့ ဘက်တွေ လို့ ယူဆရတယ်လို့ သူက ပြောပါတယ်။
“အခြေအနေကို ခန့်မှန်းကြည့်ရသလောက်ကတော့ သူတို့ ရှေ့တိုးဖို့အတွက် စစ်တပ်ဘက်က လေကြောင်းကနေ လမ်းရှင်းတယ်လို့ တော့ ယူဆရတယ်။ အဲလိုသာဆိုရင်တော့ ဒီနေ့လည်း သူတို့ ချပြီးတော့ ခန့်မှန်း အနည်းဆုံး နှစ်ရက်၊ သုံးရက်၊ အများဆုံး တပတ် ‌လောက်ဆိုရင် ကျောက်မဲကို ဝင်လာမယ်” လို့ ‌သူက ပြောပါတယ်။
လူအင်အား၊ လက်နက် အင်အား မမျှတော့ဘူးလို့ ယူဆရပြီး TNLA တပ်ဖွဲ့ဘက်က ကာကင်းတွေကိုတောင် မကာနိုင်တော့တဲ့ အနေအထား တွေ့ရတယ်လို့ ဆိုပါတယ်။
ယမနေ့က ကြားသလောက် ဆိုရင်တော့ TNLA ပူးပေါင်း တပ်ဖွဲ့ဘက်က ကာကင်း တချို့ သီပေါဘက် ဆုတ်တယ်လို့ ကြားရပေမယ့် သီပေါဘက် ဆုတ်မလား ကျောက်မဲဘက်ဆုတ်မလားဆိုတာ သေချာမသိရဘူးလို့ သူက ပြောပါတယ်။
ကျောက်မဲဘက်ထဲဆုတ်ပြီး ‌ပြန်လည် ခုခံတာမျိုးဆိုရင်တော့ ပြည်သူလူထုပဲ နစ်နာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“မနေ့က မနက်ပိုင်း ငြိမ်းချမ်းရေးကုန်းဂိတ်အနီးဘက် ဒရုန်း ဗုံးကြဲခံရတယ်လို့ ကြားတယ်။ မနေ့ မွန်းလွဲပိုင်းမှာက ကောင်းမူးလျန်ရွာဘက် Y-12 ဖြင့် ဗုံးအလုံး ၃၀ ထက်မနည်း လာကြဲချ သံကြားရတယ်။” နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။
ယမန်နေ့ညပိုင်းက နမ့်စော့ရွာ ဗြုံးကျင်းတောင်ဘက် ဒရုန်းဗုံးကြဲသံကြားရပြီး ဇီးပင်စခန်းရွာဘက်လည်း လေကြောင်းနဲ့ ဗုံးကြဲသွားတဲ့ အပြင် ခိုက်တုန်ဟုန်းဘက်လည်း ဒရုန်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲသံကြားရတယ်လို့ သူက ပြောပါတယ်။
ကျောက်မဲ မြို့တွင်းမှာတော့ စစ်ဘေး မရှောင်နိုင်သေးတဲ့ ဒေသခံတွေ ရှိနေပေမယ့် အများစု စစ်ဘေးရှောင်သွားလို့ မြို့ထဲ လူသွား လူလာ နည်းပါးသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ခန့်ကစ ကျောက်မဲ မြို့နယ်အတွင်း TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ နလအ တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်လာတာဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW