စက်တင်ဘာ ၁၃ ၊ ၂၀၂၅
CC (VOM)
ထိုင်းနိုင်ငံကို နယ်စပ်ကနေ တရားမဝင်ဝင်ရောက်ခဲ့တဲ့ မြန်မာအလုပ်သမားတွေလိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်ပြီး မြန်မာသုံးယောက်ရဲ့ရုပ်အလောင်းကိုရရှိထားကာ ပျောက်ဆုံး ၁၉ ယောက်ရှိနေသေးတယ်လို့ သိရပါတယ်။
ရုပ်အလောင်းတွေကို စက်တင်ဘာ ၁၂ ရက်နေ့မှာကန်ချနဘူရီခရိုင် ၊ ဆန်ခလဘူရီမြို့နယ် ရေလှောင်ကန်တမံအတွင်းကနေ တွေ့ရှိခဲ့ရတာဖြစ်ပြီး အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတယောက်ရုပ်အလောင်းတွေဖြစ်တယ်လို့သိရပါတယ်။
“ကန်ချနဘူရီခရိုင်မှာဖြစ်တာ။ရေလှောင်ကန်တမံတခုမှာ ကယ်ဆယ်ရေးအဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့မနက် ၁၁ နာရီလောက်မှာ အမျိုးသားအလောင်းနဲ့အမျိုးသမီးအလောင်းတွေ့တယ်။တွေ့တာနဲ့ပတ်သက်ပြီး ဘယ်တုန်းကလှေမှောက်သလဲသတင်းလိုက်တော့ မြန်မာကနေ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး စက်လှေနဲ့လာတော့သူတို့စီးလာတဲ့စက်လှေက သစ်ငုတ်ကိုတိုက်ပြီးတော့ စက်လှေတိမ်းမှောက်ရေနစ်ပြီးသေတာပေါ့။ စက်လှေပေါ်မှာ မြန်မာ ၂၂ ယောက်လိုက်ပါလာတယ်။ရေနစ်သေဆုံးတာ သုံးယောက်ပေါ့။ပျောက်ဆုံး ၁၉ ယောက် နဲ့ပတ်သက်ပြီး စုံစမ်းဆဲဖြစ်တယ်။” လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA )၊ ဥက္ကဋ္ဌ ဉီးမိုးကြိုးက ပြောပါတယ်။
လက်ရှိမှာ ရေနစ်သေဆုံးခဲ့တဲ့ ရုပ်အလောင်းသုံးလောင်းကို ဆန်ခလဘူရီဆေးရုံကိုပို့ဆောင်ထားပြီး ကျန်တဲ့ပျောက်ဆုံးနေသူတွေနဲ့ပတ်သက်ပြီးလည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရှာဖွေမှုတွေဆက်လုပ်နေတယ်လို့သိရပါတယ်။
နယ်စပ်ကနေ ထိုင်းဘက်ကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတင်းကြပ်နေတာကြောင့် လူခေါ်ပွဲစားတွေက ရေလမ်းကြောင်းကနေ ဝင်ရောက်ဖို့ကြိုးစားလာကြတာဖြစ်တယ်လို့သိရပါတယ်။
ယခုလို နယ်စပ်ကနေ တရားမဝင်ဝင်ရောက်ဖို့ကြိုးစားတဲ့အခါ မြန်မာနိုင်ငံသားတွေနဲ့ အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့ စွန့်စားမှုမျိုးကို မလုပ်ကြဖို့ ဦးမိုးကြိုးက အကြံပြုပြောပါတယ်။
” ဒီဖြစ်စဥ်က တရားမဝင်နယ်စပ်ဖြတ်ကျော်မှုရဲ့ အဆိုးတကာ့အဆိုးဝါးဆုံး မြင်ကွင်းဖြစ်တယ်။မြန်မာနိုင်ငံမှာလည်းဘေးကျပ်နံကျပ်အခြေအနေတွေကြောင့် လူငယ်တွေဟာ ထိုင်းကိုလွယ်လွယ်ကူကူပဲ ပွဲစားတွေလက်ထဲကိုထိုးအပ်ပြီးအခုလိုလာကြတယ်။ပွဲစားတွေက ကုန်းလမ်းဘက်ကအဖမ်းများတော့ရေလမ်းဘက်ကနေတကျော့ပြန်ကြိုးစားကြတာပေါ့။စွန့်စားကြတဲ့နေရာမှာ အသက်ပိုမပါတဲ့အတွက် ကိုယ့်အသက်ကိုနှမြောပြီး လိုတာထက်ပိုပြီးဆန္ဒဇောနဲ့ ကိုယ့်ဝမ်းရေးဇော မိသားစုဇောနဲ့အခြားသောဇောတွေနဲ့အတောမသတ်တဲ့ဇောတွေကို အပြင်းအထန်မဖြစ်ပေါ်လေအောင် ရောင့်ရဲတင်းတိမ်မှုလေးတွေနဲ့မြန်မာမှာနေပြီး တရားဝင်လမ်းကြောင်း ကနေလာနိုင်အောင်ကြိုးစားကြစေချင်ပါတယ်။ ” လို့ ပြောပါတယ်။
ထိုင်းကိုနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေဘက်က နေ့စဥ်နဲ့အမျှ တင်းတင်းကြပ်ကြပ် ဖမ်းဆီးမှုတွေပြုလုပ်နေသလို အခန့်မသင့်ပါက ယခုလိုအသက်ဆုံးရှုံးရတဲ့အထိမတော်တဆမှုတွေ ဖြစ်ပွားပေမယ့်လည်း ထိုင်းကို နယ်စပ်ကနေ တရားမဝင်နည်းလမ်းသွားရောက်ဖို့ကြိုးစားသူ အများအပြားရှိနေဆဲဖြစ်ပါတယ်။
” ဒီမှာက စားရဖို့တောင်အလုပ်ကနပ်မမှန်တော့ ထိုင်းကိုရတဲ့နည်းနဲ့သွားဖို့လုပ်နေတာပါ။ထိုင်းဘက်မှာအဖမ်းခံရတဲ့သတင်းတွေလည်းကြားပါတယ်။ဒါပေမယ့်လည်း ရွေးချယ်စရာမှသိပ်မရှိတာ။ကျွန်တော်တို့အခု တရားမဝင်သွားရပေမယ့် ပိုက်ဆံက ၇၀ လောက်ပေးရတယ်။ဘယ်လမ်းကြောင်းကသွားရမလဲမသိဘူး။နယ်စပ်ကနေအဆင်ပြေသလိုပို့ပေးမယ်။အာမခံတယ်ပြောတာပဲ။” လို့ ထိုင်းကိုသွားဖို့ကြိုးစားနေသူတယောက်ကပြောပါတယ်။
လှေမှောက်မှုထဲမှာ နေပြည်တော် ပျဥ်းမနားမြို့နယ်ထဲက အမျိုးသမီးနဲ့အမျိုးသားအချို့ ပါဝင်နေတယ်လို့ကနဦးသိရပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ကန်ချနာဘူရီခရိုင်၊ လောင်းခွမ်မြို့နယ် ၊နောင်မဆန်ခ်ရွာအနီး ကြံစိုက်ခင်းထဲမှာ ထိုင်းကိုနယ်စပ်ကနေ တရားမဝင်ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၅၆ ယောက် ဖမ်းခံခဲ့ရပြီး စက်တင်ဘာ ၈ ရက်ကလည်းကန်ချနဘူရီခရိုင် ၊ ကန်ချနဘူရီ-ဘော့ဖလွိုင်းလမ်းတနေရာရှိ သစ်တောအစပ်မှာ မြန်မာနိုင်ငံသား ၇၅ ယောက်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။
နလအ တာဝန်စတင်ယူတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ပြည်ပကို ထွက်ပြီးအလုပ်လုပ်ကိုင်ဖို့ကြိုးစားသူများလာပြီး အဲဒီထဲမှာ ထိုင်းကိုသွားရောက်မှုကအများဆုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ ထိုင်းကို နယ်စပ်ကနေ တရားမဝင် သွားရောက်မှုနူန်း မြင့်လာခြင်းနဲ့အတူ ထိုင်းအာဏာပိုင်တွေဘက်ကလည်း ဖမ်းဆီးမှုကိုပိုတင်းကြပ်လုပ်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်။