လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၆)

ဆူးငှက်
ထိုစာအုပ်ကို ဖတ်ပြီးတော့ လူကြီးတွေ စကားဝိုင်းမှာ လူရာဝင်လာသည်။ သူတို့ပြောကြသော နောက်ပိုင်းဇာတ်တော်ကြီးတွေ ထဲက အပူတိုက် ငိုချင်းတွေအကြောင်း သဘောပေါက်လာသည်။ အပူငို၊ အအေးငို ဆိုတာတွေ ခွဲတတ်လာသည်။ ဇာတ်သဘင်၏ “ရသ” သဘောကို တီးခေါက်မိလာသည်။
“ပြည်သူချစ်သော အနုပညာသည်များ” ဟူသော စာအုပ်ခေါင်းစီးနှင့်အတူ ရေးသားပြုစုသူ “လူထုဒေါ်အမာ” ဟူသော ကလောင်အမည်ကိုလည်း စာအုပ်ဖတ်တိုင်း တနုံ့နုံ့ ကျေးဇူးတင်ကာ ရိုသေကြည်ညိုနေမိတော့သည်။
လူထုသတင်းစာတွေကို စုဆောင်းထားသူ ဦးလေးတစ်ယောက်က “လူထုဒေါ်အမာ”ရဲ့ လှုပ်ရှားနေတဲ့ ကမ္ဘာ …ဆိုတဲ့ ပင်တိုင် ဆောင်းပါးခန်းတွေကို မင်းအနေနဲ့ အခုပြန်ဖတ်ရမယ်ကွ၊ ကမ္ဘာ့ရေးရာတွေကို လူတန်းစားအမြင်နဲ့ သုံးသပ်ရေးသားထားတာ…” ဟု ပြော သည်ကို ထိုစဉ်က ကျွန်တော် လိုက်မမီနိုင်ခဲ့ …။ လူထုသတင်းစာက ဆက်မထွက်တော့ဘဲ ရပ်နားခံရကာ သတင်းစာဟောင်းတွေပဲမို့ လတ်တလော ဖြစ်ရပ်များလောက် အာရုံမရတာလည်း ဖြစ်မည်။ (နောက်မှ ထိုဆောင်းပါးများ၏ တန်ဖိုးကို ပိုမိုသိလာသည်။) ဦးလေးက… “ပြည်သူချစ်သော အနုပညာသည်များကို ဖတ်ပြီးရင် မင်းဆက်ဖတ်ရမယ့် စာတမ်းတစ်စောင်ရှိသေးတယ်” ဟု ဆိုသည်။ ကျွန်တော် စိတ် ဝင်စားသွား၏။ ဦးလေးက သူ့စကားကို ဆက်သည်။
“စာဆိုတော်နေ့လို့ အစဉ်အဆက် သတ်မှတ်ခဲ့ကြတဲ့ နတ်တော်လဆန်း ၁ရက်နေ့ရောက်တိုင်း အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက အနောက်ကျုံးလမ်း ဓမ္မဗိမာန်မှာ စာတမ်းဖတ်ပွဲတွေ ကျင်းပတယ်။ နတ်တော်လဆန်း ၁ရက်၊ ၂ရက်၊ ၃ရက် ညမျိုး တွေမှာ ဆက်တိုက်ကျင်းပကြတာ။ စာပေစာတမ်းတွေ ဖတ်ကြ၊ ဆွေးနွေးကြ၊ မေးမြန်းကြတယ်။ ရပ်ဝေးရပ်နီးက စာတမ်းဖတ်ချင်သူတွေ များလို့ အကုန်မဖတ်နိုင်ကြဘူး။ ရက်က နည်းနေတာကိုး …။ အဲဒီစာတမ်းတွေထဲက လူထုဒေါ်အမာရဲ့ “ဗမာသံတွေ ပျောက်ကုန် ပြီ” ဆိုတဲ့ စာတမ်းက သိပ်ကောင်းတယ်။ အဲဒီစာတမ်းက ၁၉၇၀ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ စပြီး ကျင်းပတဲ့ စာဆိုတော်နေ့ အခမ်း အနားမှာ ဖတ်ခဲ့တာကွ။ နောက်နှစ် ၁၉၇၁ ခု နိုဝင်ဘာလမှာ “စာပေလုပ်သား အင်အားသစ်”ဆိုပြီး ထုတ်ဝေတဲ့ စာအုပ်ထဲမှာ ပါတယ်”ဟု ဆိုသည်။
ဓမ္မဗိမာန် စာတမ်းဖတ်ပွဲတွေ အားကောင်းမောင်းသန် ဖြစ်ချိန်က ကျွန်တော် ငယ်သေးသည်။ နောက်ပိုင်း ကျင်းပသော ပွဲတွေသို့ ဦးလေးများ၊ အစ်ကိုများနှင့် စာဖတ်ပရိသတ် တစ်ဦးစ၊ နှစ်ဦးစတို့ အပြန်အလှန် မေးမြန်း၊ ဖြေကြား၊ ငြင်းခုန်ကြတာလည်း မှတ်မိသည်။ တကယ်တမ်း ကျွန်တော် ကောင်းကောင်းကြီး သိမီခဲ့သည်က ဟံသာဝတီ စနေစာပေဝိုင်းပဲ ဖြစ်ပါ၏။ ကဲ … ထားပါတော့။
ကျွန်တော် … “စာပေလုပ်သား အင်အားသစ်” စာအုပ်ကို ရှာဖွေ ဖတ်ရှုရသည်။ “အား .. ဒီစာအုပ်ထဲမှာ ကျွန်တော် သိချင်တာ တွေ အများကြီးပါလား …” ။ စာအုပ်အဖုံးကလည်း ဆွဲဆောင်မှုရှိ၏။ လူထုကြီးပွားရေးတိုက်ထုတ် စာအုပ်များ ထုံးစံအတိုင်း ကိုယ့်မူကိုယ့် ဟန်နှင့်ဖြစ်သည်။ မြင်ရုံနှင့် ဆန်းသစ်သော အဖုံးများကြောင့် လူထုကြီးပွားရေး တိုက်ထုတ်ဆိုတာ သိသာမြင်သာသည်။ နောက်လိုက် မဟုတ်ခဲ့ …။ ရှေ့က ဦးဆောင်သည့် ဖန်တီးမှုများဖြစ်သည်။ ခေါင်းစီးစာလုံးများ၊ ရေခံအပြင်အဆင်၊ ဆောင်းပါးခေါင်းစီးတွေကအစ တီထွင်မှုရှိသည်။ စာအုပ်ပါ စာတမ်းအကြောင်းအရာတွေ ကြည့်ပါဦး။ ဆရာတော် ရွှေကိုင်းသားက “စာအကြောင်း ပေအကြောင်း” တဲ့။ မောင်သိန်းနိုင်၊ မောင်သစ်လွင်(လူထု)၊ တက္ကသိုလ်မောင်ထွန်းဝေတို့က “မြမျိုးလွင်ရဲ့ စာ” တဲ့။ မောင်သာနိုးနှင့် (ကဗျာဆရာ ကိုမြင့်နွယ်) က “ဒေါက်တာမောင်ဖြူး၊ သူ့ဘဝ-သူ့စာ”တဲ့။ ဒေါက်တာသန်းထွန်းက “ဗမာနိုင်ငံ ကျောက်ခေတ်သမိုင်း” တဲ့။ ဇေယျာမောင်က “လူငယ်တစ်စုရဲ့ စာပေလှုပ်ရှားမှုတစ်ရပ်” တဲ့။ လူထုဒေါ်အမာက “ဗမာသံတွေ ပျောက်ကုန်ပြီ” တဲ့။ သိန်းသန်းထွန်းက “အင်း သားများရဲ့ တိုက်တေးအနုပညာ”တဲ့။ မောင်စွမ်းရည်က “ဒီနေ့ကဗျာ ပြဿနာ”တဲ့။ ဖတ်ပါလေ့ အားပါးတရ …။ သို့သော် လူထု ဒေါ်အမာ၏ စာတမ်းကိုပဲ အရင်ဆုံးလှန်ကာ အငမ်းမရ ဖတ်ရှုဖြစ်သည်။
၁၉၇၀ ဝန်းကျင်က တင်သော စာတမ်းမို့ ထိုခေတ် ထိုအချိန်ကပင် စတင်၍ အပြောင်းအလဲ အဆစ်အချိုး ဖြစ်တော့မည့် ယဉ် ကျေးမှုရေးရာများအပေါ် စိုးရိမ်တကြီး သတိပေးသော စာတမ်းဖြစ်၏။ သို့သော် “အနှစ်” ကို အခြေခံပြီး သဘောထားတစ်ရပ်အပေါ် ဆုတ် ဆုတ်ကိုင်ကိုင် ပြုကာ သုံးသပ်သည်မို့ စကားလုံး အသုံးအနှုန်းထက် “စေတနာ” က ထင်းထင်းကြီး ပေါ်လွင်နေသည်။
“တိုးတက်တဲ့ လူ့ဘောင်သစ်ကို တကယ်တမ်း တည်ဆောက်တော့မယ်ဆိုရင် အရင်းရှင် အတွေးအခေါ်နဲ့ အမူအရာမှန်သမျှကို ပယ်ရှားသုတ်သင်ရမှာပဲ။ ပြီးတော့မှ ပြည်သူက တောင်းဆိုတဲ့ ဘဝသစ်တည်ဆောက်ရေးအတွက် လိုအပ်ချက်တွေကို အမျိုးသားဟန် အပေါ် အခြေခံပြီး ဆန်းသစ်တဲ့ တီထွင်ချက်တွေကို ဖန်တီးကြရမှာပဲ” ဟူသော ရေးသားချက်က မှန်ကသည့်သဘောထားဖြစ်သည်။ စေတနာဖြစ်သည်။ လူကြီးသူမတွေက ဘယ်လို “နည်းဗျူဟာမြောက်” ဆောင်ရွက်ခဲ့ကြသလဲ …။ ဒါကိုလည်း လူထုဒေါ်အမာက သူ့စာ တမ်းမှာ ဆက်ရှင်းသည်။
“ဒီကိစ္စနဲ့ပတ်သက်လို့ တိုးတက်တဲ့ ဗမာပြည်သူတွေ အလွန်လေးစားမြတ်နိုးကြတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြသသွားတဲ့ နမူနာကြီးတစ်ရပ်ကို ကျွန်မတို့ အလေးထားပြီး သုံးသပ်သင့်ပါတယ်။ ဆရာကြီးက နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ် လပ်ရေး အရေးတော်ပုံကြီးမှာ သူ့ကလောင်ကို တစ်တပ်တအား ပါဝင်ဆင်နွှဲ တိုက်ပွဲဝင်လိုတယ်။ ဒါကြောင့် စာပေတပ်ဦးမှာ သူက မားမား ဝင်ရပ်ခဲ့တယ်။ ဒီလိုရပ်တဲ့အခါ ဆရာကြီး ကိုင်စွဲသွားတဲ့ တိုက်ပွဲနည်းပရိယယ်ဟာ အလွန်မှ မှန်ကန်ကောင်းမွန်တာကို တွေ့ရပါ မယ်။ ဆရာကြီးက လယ်သမား၊ အလုပ်သမားနဲ့ ဆင်းရဲသားများပါ ရွတ်နိုင်၊ ဆိုနိုင်၊ ဖတ်နိုင်၊ ညည်းနိုင်တဲ့ ကဗျာပုံစံတစ်ခုကို ရှာတယ်။ ရှာတော့ လေးချိုးပုံစံကို တွေ့တယ်။ ဒီလေးချိုးပုံစံကို မဟာလေးချိုးများအဖြစ် မွမ်းမံပြုပြင် ဖန်တီးပါတယ်။ ဆရာကြီးရဲ့ လေးချိုးကြီးတွေ ကို ဖတ်တဲ့အခါ စိတ်ထဲကတင် ဖတ်ရရုံနဲ့ အားမရဘူး။ အသံထွက်ပြီး ဘယ်သူမဆို ဖတ်မိတာချည်းပဲ။ ဒီအသံကိုလည်း လူတိုင်းက လွယ် လွယ်ကူကူ ထွက်တတ်ကြတယ်။ “အကြွေးတစ်ရာကို ဒွေးခါကလည်း တောင်းပြန်ပေါ့တဲ့”။ ဆိုတဲ့ အသံထွက်မျိုးကို ဘယ်သူမဆို ထွက်လို့ရတာကိုး။” ဟ ဆိုသည်။ ဆရာမကြီး လူထုဒေါ်အမာက ဤသို့ လူတိုင်းက လွယ်လွယ်ကူကူ အသံထွက် ရွတ်ဆိုနိုင်သဖြင့် လူထု အကြား ကျယ်ပြန့်ကာ ထိရောက်မှုရှိပုံကိုလည်း ဤသိ့ု ဆက်လက်ရေးသားခဲ့သည်။
“ဒါကြောင့် ကျွန်မတို့တစ်တွေ ခရီးဝေးထွက်ကြည့်တဲ့အခါ အလွန်ခေါင်တဲ့ဒေသ၊ အကြိုအကြားတွေကို ရောက်ရင် မြို့ပေါ်က နိုင်ငံရေးသမားတွေရဲ့ နာမည်တွေကို မကြားဖူး၊ မသိဖူးကြပေမယ့် ဆရာကြီးအကြောင်းကိုတော့ ကြားဖူးကြတာချည့် တွေ့ရတယ်။ “ဆရာလွန်းကြီးလား၊ မစ္စတာမောင်မှိုင်းကြီးလား” လို့ ပြောပြီး ဆရာကြီးရေးတဲ့ လေးချိုးကြီးတွေထဲက တစ်ပိုဒ်စ နှစ်ပိုဒ်စကို ရွတ်ပြနိုင်ကြ တဲ့ ရှင်လူရဟန်း အမျးကြီး တွေ့ရတတ်ပါတယ်။ ဒါကို ထောက်ရင် ဆရာကြီးရဲ့ ကလောင်ရဲ့ ကဗျာနဲ့ စည်းရုံးရေး၊ ဆရာကြီးရဲ့ တပ်လှန့် ချက် ပြည်သူအကြား ဘယ်လောက်နက်နက်ကြီး စိမ့်ဝင်ထိုးဖောက်ထားသလဲ ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။ ဆရာကြီး ဘာလို့ ဒီလိုအောင်မြင်သလဲ။ အလွယ်ဆုံး အဖြေကတော့ အမျိုသားဟန်အပြည့်အဝရှိတဲ့ ရိုးရာဗမာ(မြန်မာ) သံကို ဆရာကြီးက အခြေခံ ထား ကိုင်စွဲသွားပြီးမှ သူ့တီထွင်ဆန်းသစ်ချက်တွေကို ရိုးရာသံပေါ်မှာ တည်ဆောက်လို့ပါပဲ။” ဟူလို …။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်
Top fan

Ni Ni

မဂ်လာပါ။

Related posts

✕
VOM News

FREE
VIEW