လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၈)

ဆူးငှက်
ကြောင်းရင်းခံမှာ …
“ဗမာ့သဘင် ဒီခေတ်မှာ ဘာ့ကြောင့် ဆုတ်ယုတ်ရသလဲဆိုတာကို ဝေဖန်ဆန်းစစ်တဲ့အခါ၊
(၁) ပြောင်းလဲလာတဲ့ ခေတ်ကာလ၊ လူတွေရဲ့ အတွေးအခေါ်နဲ့ ညီအောင် သဘင်ပညာက ပြောင်းလဲမလိုက်နိုင်လို့ ဆိုတာ
တစ်ချက်
(၂) နယ်ချဲ့ယဉ်ကျေးမှုရဲ့ ထိုးနှက်ချက်၊
(၃) ပြည်သူတွေရဲ့ စီးပွားရေးဆိုပြီး အပိုင်း ၃ပိုင်းရှိတာကို တွေ့ရပါတယ်” ဟု သုံးသပ်ဝေဖန်ပြထားသည်။
ထိုဝေဖန်ချက်က ယခုအချိန်ထိ မှန်နေသည်။ ယခုအချန်အထိ ပိုမှန်နေဆဲဟုလည်း ထပ်ဆင့်ဆိုရမည်။ အခြေခံအချက်က ဒါပါပဲ။ စကားလုံး အသုံးအနှုန်းလေးပါပဲ။ အခု … မန္တလေးမှာပင် အငြိမ့်မရှိတော့ပြီ။ ဇာတ်များကလည်း ပဒေသာကပွဲ ဖြစ်သွားပြီ။ နောက် ပိုင်းဇာတ်တော်ကြီးမှာ လောက်လောက်လားလား မရှိတော့ ..။ မြန်မာ့ဆိုင်းဝိုင်းကြီးများကလည်း မှန်စီရွှေချ ဗိမာန်ပဲ ကျန်တော့သည်။ မြန်မာသံမရှိတော့ …။ မြန်မာသံမကြားရတော့ …။ အားလုံးပျက်ပြီ။
ကျွန်တော်သည် လူထုဒေါ်အမာ၏ စာအုပ်များ၊ စာတမ်းများ၊ ဆောင်းပါးများကို ငယ်ရွယ်စဉ်ဖတ်စဉ်က ဗဟုသုတအနေနှင့် သာမန်မျှသာဖတ်ဖြစ်သည်။ ယခုနောက်ပိုင်းမှသာ အတွေးအခေါ်ပိုင်းအထိ ဖတ်သူကို အသိပေး ဆွေးနွေးသည့်ပုံစံထိ မြှင့်တင်ပေးထား တာ သဘောပေါက်သည်။ ဥပမာဆိုပါတော့ …၊ လူထုဒေါ်အမာ၏ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်၏ “မြို့မငြိမ်း” အခန်း တွင် …
“… ဆရာငြိမ်းသည် အနုပညာပါရမီ ထူးသူဖြစ်သဖြင့် အကယ်၍သာ အရင်းရှင်စနစ်အတွက် ဆရာငြိမ်းလို ငယ်ရွယ်သေးကို စတေးမပေးလိုက်ရပါက ဆရာငြိမ်းသည် ယခုအချိန်၌ သူရည်မှန်းတမ်းတသည့် မြန်မာ့ဂီတကို ကမ္ဘာ့ဂီတနှင့် ရင်ပေါင်တန်းနိုင်ရေးကို ဆက်လက်၍ ကြိုးပမ်းနေဦးမည် မုချဖြစ်သည်။” ဟု ရေးသားထားသည်။ ငယ်စဉ်က ထိုစာကြောင်းကို နားလည်မလည်။ စိတ်လည်း မဝင် စား …။ ခုန်ပျံကျော်လွှား၍ပဲ ဖတ်သွားဖြစ်သည်။ နောက်ပိုင်း ပြန်ဖတ်မိပါက ထိုအကြောင်းနောက်ကွယ်က ပြောင်းခြင်းရာတွေ …၊ အချက် အလက်တွေ …၊ အခင်းအကျင်းတွေကို စိတ်ဝင်စားလာသည်။ ရှာဖွေ ဖတ်မှတ်လေ့လာဖြစ်သည်။
ဤသို့ဖြင့် ကျွန်တော်သည် လူထုဦးလှ၊ လူထုဒေါ်အမာ အမှူးပြုသော အထက်ဗမာ(မြန်မာ)နိုင်ငံစာရေးဆရာအသင်းမှ စာရေး ဆရာများ၏ စာပေများ၊ စာပေဆိုင်ရာ အယူအဆများ၊ တင်ပြချက်၊ သုံးသပ်ချက်၊ ဝေဖန်ချက်များကို သဘောကျလာသည်။ နှစ်ခြိုက်လာ သည်။
အထူးသဖြင့် လူထုဒေါ်အမာ၏ “တရား” ကို “မင်” လာသည်။
လူထုဒေါ်အမာကို မြင်ဖူးချင်လာသည်။ ရင်းရင်းနှီးနှီး သိကျွမ်းကာ … စကားတွေ ပြောချင်လာသည်။ နာကြားချင်လာသည်။ ထို့ အတူ လူထုဦးလှ …၊ ထို့အတူ … လူထုတိုက်ထွက် စာရေးဆရာ၊ ကဗျာဆရာများ …။
-ဝ- -ဝ- -ဝ-
ကျွန်တော်တို့ ကောင်းကောင်းမှီလိုက်တာက ဟံသာဝတီသတင်းစာ ဘိုးဝဇီရခန်းမ၊ စနေစာပေဝိုင်းများဖြစ်သည်။ သောကြာ၊ စနေ၊ တနင်္ဂနွေဟူသော သုံးရက်သည် စာပေပိုးများ တရွရွ ထိုးဆွဆိတ်နှင့် အသည်းဆုံးရက်များဖြစ်သည်။ စာပေမှလွဲ ဘာမှစိတ်မဝင် စား …။ ထမင်းမေ့ ဟင်းမေ့ …။ နေပျော်ဆုံး ဘဝများပဲဖြစ်သည်။ စနေစာပေဝိုင်းတွင် မည်သည့်စာရေးဆရာ စာတမ်းဖတ်မည်ဖြစ်စေ…၊ ဖတ်သည်ဖြစ်စေ …။ ဟံသာဝတီသည်လည်း၊ ဟံသာဝတီ အယ်ဒီတာချုပ်သည်လည်း “လူထု” နှင့် ယှက်နွှယ်နေသည်ဟု ခံစားရသော ကြောင့် “လူထု” ကိုပဲ ရင်ခုန်နေသည်။
ထိုစဉ်က လက်ဆည်ကန်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် ၃၃လမ်းထောင့် “လူထုစာအုပ်တိုက်” နှင့် မျက်နှာချင်းဆိုင်၊ “နဂါးဆေးလိပ်” ကုမ္ပဏီတိုက်ကြီး (ယခု အောင်သပြေ ကော်ဇောဆိုင်) ရှေ့ပလက်ဖောင်းပေါ်တွင် အနောက်ဘက်သို့ နေစောင်းသည်နှင့် “စက်အေးဖျော်ရည်” ဟူသော ဆိုင်ကလေး ခင်းကျင်းသည်။ “စက်အေးဖျော်ရည်” ဆိုတာ ဇီးဖျော်ရည်၊ လိုင်းမကျူ စသည့် ဖျော်ရည်များ ကို စက်ဖြင့် အေးမြစေပြီး မှန်ကန်ထဲမှတစ်ဆင့် ဖန်ခွက်ထဲ ပိုက်(Tip) ဖြင့် ထည့်ကာ ရောင်းချခြင်းဖြစ်သည်။ တစ်ခွက် သုံးမတ်(၇၅)ပြား ဖြစ်သည်။ ကျွန်တော်က ညနေစောင်းတာနှင့် ထိုဆိုင်လေး၏ ခွေးခြေခုံလေးမှာထိုင်ရင်း ဇီးဖျော်ရည်(သို့မဟုတ်) လိုင်းမကျူတစ်ခွက် မှာ သောက်သည်။ ဖျော်ရည်ကို စိမ်ပြေနပြေ သောက်ရင်း မျက်နှာချင်းဆိုင်က လူထုတိုက်ဆီ မျှော်လင့် တငံ့လင့်လင့် ကြည့်နေမိ၏။
ထို့ကြောင့် “စက်အေးဖျော်ရည်” ဆိုင် ဇီးဖျော်ရည်တစ်ခွက် သောက်ရင်း လူထုတိုက်ထဲက တိုက်ပုံအင်္ကျီဝတ်၊ လွယ်အိတ်လွယ် ၍ မျက်မှန်ထူထူနှင့် ထွက်လာသူတိုင်းကို အယ်ဒီတာလေလး၊ ဝေဖန်ရေးဆရာလေလား၊ ကဗျာဆရာလေလား၊ ဆောင်းပါးဆရာလေ လား … ဟူ၍ လည်ဆန့်ကာ ကြည့်ရတာအမော …။ တကယ်တော့ ကျွန်တော့်အသိုင်းအဝန်းမှာ စာနှင့်ပေနှင့် နီးစပ်သူက ခပ်ရှားရှား…။ သာမန်လက်လုပ်လက်စးများမို့ အခုလို နားကြီးမျက်စိကြီး စာပေအသိုင်းအဝန်းနှင့်က အလွန်ဝေးသည်။ ဘယ်လိုမှ မနီးစပ် …။
သို့သော် … ကျွန်တော့်အထက်က အစ်မ၊ မန္တလေးမှာ ရှိစဉ် … အစ်မနှင့် လူထုတိုက်သို့ ၁ခေါက်၊ ၂ခေါက် ရောက်ဖူးသည်။ အစ်မက မန္တလေးပန်တျာကျောင်းမှာ ၁၉၆၇ ခုနှစ်အထိ ပညာသင်ယူခဲ့ပြီး အကနည်းပြဆရာမကြီး ဒေါ်သြဘာသောင်းထံ မွေးစားသမီးကဲ့ သို့ လက်ကတုံး တောင်ဝှေးနေသည်။ ထို့ကြောင့် ရွာပွဲရပ်ပွဲ၊ မင်းပွဲစိုးပွဲများနှင့်ပတ်သက်၍ လူမှုရေးရာ ကျွမ်းကျင်စွာဖြင့် လူထုဦးလှက စီစဉ်လျှင် အစ်မက ဆရာမကြီး ဒေါ်သြဘာသောင်းကိုယ်စား ပါဝင်ရသည်။ ထိုအခါ ညဧည့်ခံပွဲအစီအစဉ်အတွက် လူထုတိုက်၌ စုကြလျှင် အစ်မနှင့်အတူ ကျွန်တော်က လိုက်ပါရသည်။ ဤသို့ဖြင့် လူထုတိုက် ဧည့်စားပွဲဝိုင်းလေးတွင် ထိုင်ဖူးသည်။ လူထုတိုက်က ပေါင်မုန့်ကား လေးပေါ် အစ်မပေါင်ပေါ်ထိုင်ပြီး လိုက်ပါဖူးသည်။ ဒါပါပဲလေ …။ အစ်မ မုံရွာသို့ ပြောင်းရွှေ့သွားတော့ ထိုထိုကိစ္စတွေ အဆက်ပြတ်သွား ပြန်၏။
ဤသို့ဖြင့် ၁၉၇၆ ခုနှစ်ဝန်းကျင်တွင် အစ်မတို့ ဇနီးမောင်နှံ ရေးသားပြုစုကြသည့် “ဒေါ်သြဘာသောင်း၏ ကဗျာလွတ်ကကွက် ပထမဆင့်” စာအုပ်နှင့်ပတ်သက်၍ လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ အကြံဉာဏ်နှင့်ကြီးကြပ်မှု ခံယူရသည်။ လူထုဒေါ်အမာက အမှာ စာ ချီးမြှင့်သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ကလည်း “ရသအက်ဆေး” ပုံစံ အမှာစာဖြင့် အားပေးသည်။ ဆရာဦးမောင်မောင် တင်(မဟာဝိဇ္ဇာ)ကလည်း သမိုင်းအမြင်ဖြင့် အမှာစာရေးသားပေးသည်။ ထိုစာအုပ်က ယဉ်ကျေးမှု သုခမရေးရာတွင် “မန္တလေး” ဘက်မှ မိုးဒူးနှင့်တိုက်သည့်ကိစ္စမို့ အနှောင့်အယှက်များစွာတွင် အားကြိုးခနွဲဖြင့် ဆောင်ရွက်ရသည်။ ထို့ကြောင့် (အမျိုးသားရေးအထိ ကျယ်ပြန့် သော သုခမကိစ္စမို့) လူထုဇနီးမောင်နှံက အားပေးသည်။ စိတ်ပျက်လျှင် အားတက်ဖွယ်စကားဆို၍ အားပေးသည်။ ဒေါသဖြစ်နေလျှင် ပြေ ဖျောက်ဖွယ်စကားဆို၍ နှစ်သိမ့်သည်။ အားပျက်အားငယ်နေလျှင် ပညာ့ဂုဏ်၊ ဇာတိဂုဏ်ဖော်ထုတ်၍ စိတ်ဓာတ်မြှင့်တင်ပေးသည်။ ထို့ပြင် အားပေးသည်ဖြစ်စေ၊ နှစ်သိမ့်သည်ဖြစ်စေ၊ မြှင့်တင်သည်ဖြစ်စေ … ပြဿနာ၏ အရင်းခံဇစ်မြစ်ကို ထုတ်နှုတ်သုံးသပ်ပြသည်ချည်း ဖြစ်၏။
စာအုပ်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်သို့ သွားရသည့်အခါတိုင်း အစ်မက လူထုတိုက်ဝင်သည်။ ရန်ကုန်က ပြန်လာတိုင်းလည်း လူထုတိုက်ဝင်ပြီး အကျိုးအကြောင်း ရှင်းပြသည်။ အသိပေးသည်။ ထိုအခါ အစ်မနှင့်အတူ ကျွန်တော်က လိုက်ပါရပြီပေါ့ …။ အစ်မ ထား ရစ်ခဲ့သော မိန်းမစီး စက်ဘီးကို ကျွန်တော်က စီးပြီး အစ်မက နောက်ကထိုင်သည်။ အစ်မလက်ထဲမှာ စာမူတွေ၊ စကက်ချ်ပုံကြမ်းတွေ၊ ဓာတ်ပုံတွေ၊ သတင်းစာဖြတ်ပိုင်းတွေ၊ ရုံးကိစ္စဆင့်စာ၊ အသိပေးစာ၊ တင်ပြစာတွေပါသည့် ဖိုင်တွေ တစ်ထပ်ကြီး ပါသည်။ လူထုတိုက် ရောက်တော့ တိုက်သူတိုက်သားများ၊ သို့မဟုတ်၊ သားသမီးများက ပန်းချီကားတွေ အများကြီး ချိတ်ဆွဲထားသည့် ဧည့်ခန်းကျယ်ကြီးထဲ နေရာချထားပေး၏။ ကျွန်တော်က နံရံကပ်ထားသည့် ဆက်တီမှာထိုင်ရင်း မှန်ကောင်တာထဲက ရှေးဟောင်းပစ္စည်းတွေ …၊ နိုင်ငံခြား တိုင်းပြည်အသီးသီးက အထိမ်းအမှတ်အလံတွေ၊ အမှတ်တရ ပစ္စည်းတွေကို တအံ့တသြကြည့်နေမိ၏။ ဦးဘသက်၊ ဦးစောမောင်၊ ဦးခင် မောင်(ဘဏ်)၊ ပေါ်ဦးသက်တို့၏ ဆီဆေးပန်းချီကားကြီးတွေကိုလည်း မဝံ့မရဲ မျက်လွှာပင့်ကာ ကြည့်နေရ၏။ ရှေးဟောင်း ကိန္နရီ၊ ကိန္နရာ ရုပ်၊ ဘီလူးပန်းဆွဲရုပ်များ ကပ်ထားသည့် နံရံများဆီသို့လည်း လှမ်းကြည့်မိသည်။ ခဏနေတော့ ကျောက်ကာယွန်းဗျပ်လေးပေါ် မုံရွာချည် လက်သုတ် အသစ်လေးခေါက်တင်ထားပြီး သံပုရာရည်ဖြစ်စေ၊ ကော်ဖီဖြစ်စေ ရောက်လာသည်။
ထို့နောက် အသံသြဇာအပြည့်ဖြင့် “မခင်ဝင်း ရောက်လာပြီလားဟေ့” ဟု ရင်းရင်းနှီးနှီး နှုတ်ဆက်သံနှင့်အတူ စာကြည့်ခန်းထဲက လူထုဦးလှထွက်လာတတ်သည်။ အိန္ဒိယပလေကပ်လုံချည် အကွက်ကျဲကျဲနှင့် ဥပဓိရုပ်က လေးစားဖွယ်ခံ့ညားနေ၏။ သို့မဟုတ် … “ခင်ဝင်းရေ …၊ ညည်းရောက်လာပြီလားဟေ့၊ ဒီတစ်ခေါက် ကြာတယ်နော်…” ဟူသော နွေးနွေးထွေးထွေး ကြိုဆိုသံနှင့်အတူ ရေးလက်စ ပတ်ကားဘောလ်ပင်လေး အင်္ကျီမှာ ချိတ်ရင်း လူထုဒေါ်အမာက ကြိုဆိုသည်။ ဇနီးမောင်နှံနှစ်ယောက် ပြိုင်တူထွက်လာကြတာမျိုးက ခပ် ရှားရှး …။ အလုပ်နှင့်လက်က ချိန်မလပ် ထိစပ်နေသူများမို့ အလုပ်ချိန်နှင့် လူမှုရေးကို အမြဲတမ်း ချိန်စက်နေကြရတော့ အချိန်တိုင်း တန်ဖိုးရှိနေလို့ ဖြစ်မည်။ လူထုဦးလှဖြစ်စေ …၊ လူထုဒေါ်အမာဖြစ်စေ … အစ်မထံက အခြေအနေတွေ မေး၏။ အစ်မ တွေ့ကြုံရသမျှတွေ လေးလေးနက်နက် နားထောင်၏။ ပြီးတော့ ဇနီးမောင်နှံက “အမာရေ … ဒါက ဒီလိုဖြစ်နိုင်သကွ” “ကိုလှရေ … ခင်ဝင်း ဒီတစ်ခေါက်သွား ရင်၊ ဒီလိုပြောခိုင်းမှ (ဒါမှမဟုတ်) ဒီလိုစာတင်ခိုင်းမှာ တော်မယ်ထင်ရဲ့” “အမာရေ … ကိုမောင်မောင်တင့်ကိုလည်း ဒီကိစ္စကြိုပြောထားမှ ထင်တယ်။ ဒါမှ သူနဲ့ ဗိုလ်ချုပ်ကြီး တွေ့ရင် ပြောထားနိုင်မှာ”၊ “ကိုလှရေ … ခင်ဝင်းကို အားပေးဦး၊ စိတ်မပျက်မှ ဖြစ်မှာ၊ နို့မို့ သူတို့ဖျက် တိုင်း ပျက်နေဦးမှာ …” စသည်ဖြင့် ဇနီးမောင်နှံ ညှိညှိနှိုင်းနှိုင်း ပြောဆိုပြီးမှ သဘောတူညီချက်တစ်ခုပေးသည်။
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW