သူတို့အိမ် အခန်း – ၁၀

ဆူးငှက်

စည်တော်ကြီး
————–

မန္တလေး၏ အလှူပွဲ ဘုရားပွဲများတွင် စည်တော်ကြီးအဖွဲ့လည်းပါရှိသည်။ ဒါက ရှေးရတနာပုံခေတ်၏ အမွေကို ဆက်ခံခြင်း ဖြစ်သည်။ စည်တော်သည် ရှေးက ထီးသုံးနန်းသုံးဖြစ်ခဲ့သောကြောင့် ထီးဆန် နန်းဆန်သော မန္တလေးက မိမိတို့ အလှူဒါနတွင် စည်တော်သံဖြင့် မဟာဆန်စွာ အမျှအတမ်းေ၀ သာဓုခေါ်လိုခြင်း ဖြစ်ပေမည်။ ဇာတိရပ်ကွက်၏ ဆွေဘုရား၊ မျိုးဘုရား မဟာလောကရံသီ အိမ်တော်ရာ ဘုရားပွဲက သီတင်းကျွတ်လဆန်း ၁၁ရက၊် ၁၂ရက် ဖြစ်ရာ ၁၁ရက်နေ့ ပွဲဝင်အဖြစ် အိမ်တော်ရာဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်တွင် စည်တော်ကြီးအဖွဲ့ အမြဲတမ်းပါသည်။ မလှမ်းမကမ်းမှာက ဆိုင်းအဖွဲ့ပါသည်။ ပြောခဲ့သလိုပါပဲ ဆိုင်းအဖွဲ့က စိန်ဘညိုပေါ့။

စည်တော်ကြီးအဖွဲ့က ညနေစောင်း၊ ဘုရားမီးထွန်းတာနှင့် စတင် တီးခတ်သည်။ ပြီးမှ အိမ်တော်ရာ အရှေ့မုခ် အာရုံခံအနီးက ဆိုင်းအဖွဲ့က တီးမှုတ်သည်။ အိမ်တော်ရာ ဘုရားပွဲခင်းထဲ သားအဖနှစ်ယောက် တိုးဝှေ့လျှောက်ကြရင်း စည်တော်ကြီးအဖွဲ့က နှဲကြီးကော်ကာ ဗိန်းခနဲ စည်တီးသံကို ကြား၍ ကျွန်တော် လှည့်အကြည့်မှာပဲ အဘက “လာကွ စည်တော်ကြီး ကြည့်ကြဦးစို့၊ ဆိုင်းက မစသေးဘူး..” ဟု ပြောကာ စည်တော်ကြီးကို အစအဆုံး ဖိနပ်ခုထိုင်ပြီး ကြည့်သည်။ ‘သူတို့ပြောတဲ့ ရာဇဝင်စကားတွေ နားထောင်ကွ၊ ဗဟုသုတ ရတယ်’ဟုလည်း ပြောပြသည်။

နန်းသုံးစည်တော်ရွန်း
——————–

နှစ်စထောင် ခေါင်းပေါင်းဖြူ ဖော့လုံးနှင့် ယောင်နှင့် တောင်ရှည်ပုဆိုးနှင့်၊ သိုးရင်းအင်္ကျီနှင့် စည်တော်အဖွဲ့ သားတွေက “မင်းရာဇာဧကရာဇ်ဘုရင်သည် တစ်ပြေခေတ် တွင် အရှိန်သရေလင်းစေဖို့ စိန်မြေသလင်း နတ်နန်း ဝတိံ ကဲ့သို့ လျှပ်ပန်းတထိန်ထိန် ရှစ်ခန်း ပလ္လင်ရတနာတို့နှင့် အသစ်ကြငှန်းထွင်ကာ၊ မနွမ်းအသရေမချို့ရအောင် နန်းတော်ရှေ့က နန်းသုံးစည်တော်ရွမ်း”လို့ စည်တော်ဆင့် သီဆိုလိုက်တော့ စည်တော်သားတွေ ဂန္ဓာဗုံလေးတို့ခတ်၊ နှဲကြီးမှုတ်ပြီး သိုးရင်းအင်္ကျီလက်ပွ ကြီးမကာမကာနဲ့ စည်ကြီးနားဝေ့ဝိုက်ပြီး၊ တီးတော့ မယ့်ဟန်ပြင်ပြီးမှ မတီးဘဲ ဝေ့၀ဲနေတာက သဘောကျစရာကောင်းလှသည်။ စည်ဆရာက ‘ဝမ်းဘဲ အင်းစံမင်းတရားကြီး လက်ထက်တွင် ၉ဆောင်သော တိုက်ခန်းတို့ကို ဗားမဲ့ဆရာတော်ကြီး ကိုယ်တိုင် ဘုရင်မင်းမြတ်နှင့် တိုင်ပင်တော်မူပြီးလျှင် သိုက်စာထွက် ကိန်းခန်းနှင့် ညှိပြီးလျှင် အသိအမှတ်ပြု ထားခဲ့ကြောင်း‘လို့ အစချီပြီး ‘သောနှင့်သတ္တ၊ အဋ္ဌန၀ သင်္ချာ၊ စွန်းကောဇာတွင် မိစ္ဆာလူမျိုး၊ စက်ရောင်ညှိုး၊ တန်ခိုးအာဏာ ပျောက်လတ္တံ့’ ဆိုသော တဘောင်တွေ ရွတ်ပြီး ကုန်းဘောင်ရာဇဝင်ကို ခင်းကျင်းပြသည်။ ကြားထဲမှာ စည်တော်သံတွေ လူးတားတွေလည်း ရွတ် ဆိုသည်။ ဒီအကြောင်းအရာတွေကို စည်တော်ကြီး စကြည့်ဖူးသော ၄နှစ်သား ကျွန်တော် ဘယ်သိပါ့မလဲ။ နောက် အသက်အရွယ်ရလာသော်လည်း စည်တော်ကြီးအဖွဲ့ တွေ့လျှင် နောက်ဆံတငင်ငင် ဖြစ်အောင် အဘ၏ အမွေကို ရခဲ့၍ ဖတ်မှတ်လေ့လာရင်း သိသော အသိဖြစ်ပါ၏။

ငယ်စဉ်ကတည်းက အိမ်တော်ရာဘုရားပွဲမှာ စည်တော်ကြီးကို အစက အဆုံး ထိုင်ကြည့်လို့ အားမရသေးတော့ သီတင်းကျွတ်လပြည့် ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ စန္ဒာမုနိ ဘုရားပွဲတွေမှာလည်း ကုသိုလ်တော်ရင်ပြင်နဲ့ စန္ဒာမုနိကုန်းတော်တွေမှာ စည်တော်ကြီးအဖွဲ့ ပါတတ်သောကြောင့် သားအဖနှစ်ယောက်သား စည်တော်အဖွဲ့ရှေ့ ငုတ်တုတ်ရောက်နေတော့သည်။ ကျွန်တော်တို့ ကြည့်ဆဲကာလမှာပင် နန်းရှေ့စည်တော်ကြီးအဖွဲ့က ဦးဘဦး၏ လင်ကွင်းအက၊ လင်ကွင်း ကစားပြီး ကလာသည်။

ယခု ကျန်ကောင်းကျန်ရာ ကျန်တော့သော နန်းတော်ရှေ့ မဟာမင်္ဂလာစည်တော်ကြီးအဖွဲ့သည် ၁၂၉၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့သောကြောင့် အခုဆိုရင် ၈၅နှစ် သက်တမ်းရှိပါပြီ။ ဒီကနေ့အထိ နန်းတော်ရှေ့မှ မဟာမင်္ဂလာ စည်တော်ကြီးအဖွဲ့ကို ဦးဆောင်ခဲ့သော ဦးချို ၏ အဖေက စည်တော်ကြီး မင်္ဂလာဦးဘဦးပါ။ ဦးဘဦး၏ စည်တော် ကြီးအဖွဲ့က ကိုဘကွန်း၊ ကိုဘဦး၊ ကိုငွေ၊ ကိုအောင်ညွှန့် တဲ့။ ကိုဘဦး၊ ကိုဘကွန်းတို့ ဆရာက ဆရာဇင် တဲ့။ ဆရာဇင် ၏ ဆရာက ဦးကျောက်လုံးတဲ့။ ဦးကျောက်လုံးက ရှေ့တော်တီး စည်တော်ဆရာပါ။ ဦးကျောက်လုံးက ရွှေနန်းတော်အတွင်း ရှေ့တော်တွေမှာ ဝင်စည်၊ ထွက်စည် တီးရတဲ့ သူဖြစ်သည်။ ပါတော်မူပြီးနောက် နန်းတွင်းတွင် တီးခတ်ခဲ့သော စည်ကြီးများကို ဦးကျောက်လုံးက မပျောက်မပျက် ထိန်းသိမ်းခဲ့သည်။

ထိုစည်တော်ကြီးများကို ၁၂၇၇ခုနှစ်တွင် နန်းတော်ရှေ့ ဓမ္မာရုံဒကာ ဦးကြီးက ရှေ့တော်တီးစည်တော် ဦးကျောက်လုံးထံက ဝယ်ပြီး ဓမ္မာရုံမှာ လှူထားခဲ့သည်။ ဦးကျောက်လုံး ထံက စည်တော်တီးနည်းကိုလည်း ဆရာဇင်ကို သင်ယူစေခဲ့၏။ စည်တော်တီးရာမှာလည်း သူ့နည်းသူ့လမ်း၊ သူ့သမားစဉ်ရှိသည်။ ဂန္ဓမာဗုံတီးပုံ၊ ကပုံ၊ ဟန်ပန်အမူအရာ၊ ပြောပုံဆိုပုံ သာမက ရှေ့တိုး နောက်ဆုတ်၊ အချောက်၊ အဆို့အပိတ်တွေက စနစ်တကျ ရှိသည်။ ထိုစည်းစံနစ်အတိုင်းမူမပျက် တီးခတ်လာရာ ဦးဘဦး၏သား ဦးချိုက ဆက်လက် ထိန်းသိမ်းခဲ့သည်။ ဦးချို က နန်းတော်ရှေ့ မဟာမင်္ဂလာစည်တော်ကြီးအဖွဲ့ကို အသက်၁၀၀နီးပါးအထိ စောင့်ရှောက် ထိန်းသိမ်း တီးခတ်ခဲ့ရာ ကွယ်လွန်ချိန် အထိ ဖြစ်သည်။ ယခု အခါ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းရွာတွင် သားများက စည်တော်အဖွဲ့ကို ဆက်လက် ထိန်းသိမ်း တီးခတ်လျှက်ရှိသည်။

မန္တလေးနှင့် ကထိန်ပွဲ
———————-

မန္တလေးတွင် သီတင်းကျွတ်လဆန်းမှ စတင်ကာ ဘုရာပွဲများ ကျင်းပကြသကဲ့သို့ “ရတနာပုံမ် နေပြည်တော်”” ခေတ်ကတည်းက ကထိန်ပွဲများကိုလည်း ရွှေမြို့တော်တွင် ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့သည်။ နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန်ရာသီတွင် ရှင်ဘုရင်ကိုယ်တိုင် ဦးစီးပြီး မြို့တွင်း မြို့ပြင်ရှိ ကျောင်းတိုက်ကြီးများမှ ဝါဆို သံဃာတော်များကို ကထိန်သင်္ကန်း ကပ်လှူခဲ့ကြသည်။ ထို့ပြင် ရွှေကြိုးသပ် နယ်နိမိတ်အတွင်း အထောက်တော်များ စေလွှတ်ပြီး ကထိန်မရသော ကျောင်းတိုက်များသို့လည်း မိုးပေါ်ကျ ကထိန်တော်များ ခင်းကျင်း လှူဒါန်းခဲ့သည်။ ဤသို့သော ဘာသာ သာသနာ စည်ပင်ခဲ့သည့် မင်းနေပြည်တော်တွင် ၁၂၄၇ ခုနှစ်(ခရစ်၁၈၈၆) ပါတော်မူပြီးနောက် အရပ်ရပ် မတည်ငြိမ်သော အခြေအနေ များကြောင့် ရွှေမြို့တော်တွင်း သီတင်းသုံး နေထိုင်တော်မူကြသော ထေရ်ကြီးဝါကြီးများမှအစ စာချ စာသင် သံဃာများအလယ်၊ ကိုရင်၊ သူတော်အဆုံး သာသနာ့ဝန်ထမ်း သူတော်စင်များသည်လည်း ဘာသာ သာသနာ ဆိုင်ရာစောင့်ရှောက်မှုနှင့် ပစ္စည်းလေးပါးအစစ ညှိုးနွမ်းချို့တဲ့တော်မူ ခဲ့ကြသည်။

ထိုအခြေအနေတွင် မြန်မာမင်းများ လက်ထက်လောက် သာသနာတော် ပစ္စယာနုဂ္ဂဖြင့် မချီးမြှောက် နိုင်စေကာမူ မြို့ခ ဗုဒ္ဓဘာသာ သူတော်စင်များ စုပေါင်းပြီး မိမိတတ်နိုင်သလောက် ပစ္စဟာနုဂ္ဂဟာဖြင့် ချီးမြှောက် ထောက်ပံ့ကြပါမှ သာသနာ အညွန့်လူနိုင်တော့မည် ဟူသောအသိဖြင့် မန္တလေးတွင် ဘာသာရေးအသင်းများ ဖွဲ့စည်းခဲ့ကြသည်။ သက္ကရာဇ် ၁၂၅၈ (ခရစ် – ၁၈၉၆) ခု၌ မလွန်ဈေးဆန်လှူအသင်းကြီးကိုလည်းကောင်း၊ ၁၂၆၀ (ခရစ် – ၁၈၉၈) ခုတွင် ပရိယတ္တိ သာသနဟိတ အသင်းကြီးကိုလည်းကောင်းတည်ထောင်နိုင်ခဲ့ကြသည်။ ထို့နောက် ၁၂၉၇ (ခရစ် – ၁၉၃၅) ခုတွင် မန္တလေးဈေးချိုတော် အနောက်ဘက် ၈၆လမ်း၊ ဆင်ကြီးနှစ်ကောင်အနီးရှိပွဲစားကြီးဦးလေးသန့်အိမ်တွင် နေ့စဉ် စုဝေးပြီး ကုန်ရောင်းကုန်ဝယ် ပြုလုပ်ကြသော ကုန်သည် ပွဲစားများကလည်း ကထိန်သင်္ကန်းကို နှစ်စဉ်ဆက်ကပ် လှူဒါန်းနိုင်ရန် စတင် ဆောင်ရွက်ကြပြီးနောက် “ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းကြီး” ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။

စစ်ကိုင်းမှာပဲ စိတ်ကစွဲလို့နေ
—————————

မန်္တလေးတွင် ရှေးတုန်းကတည်းက သဘာ၀ ဘေးအန်္တရာယ် ကျရောက်သည်ဖြစ်စေ၊ ကပ်ဘေး ကျရောက်သည် ဖြစ်စေ၊ စစ်ဘေးအပါအဝင် ရန်သူမျိုးငါးပါး ဘေးအန်္တရာယ် ကျရောက်သည် ဖြစ်စေ၊ တိမ်းရ ရှောင်ရ၊ ပြေးရ လွှားရ၊ ပုန်းရခိုရလျှင် မြစ်အနောက်ဘက်ကမ်း က စစ်ကိုင်းမင်းဝံတောင်ရိုးဆီ ဦးတည်ကြသည်။ ၁၂၇၁ ခုနှစ် ပလိပ်ရောဂါကပ်၊ ၁၂၇၃ ခုနှစ် ကိုးတာမီးဘေး၊ ၊ ၁၃၀၃ ခုနှစ် ဒုတိယကမ်္ဘာစစ် စသော ကပ်ဆိုး ဘေးဆိုးများတွင် မန်္တလေးတစ်မြို့လုံးနီးပါး မြို့ကိုစွန့်ပြီး စစ်ကိုင်းမင်းဝံ တောင်ရိုး တစ်လျှောက်ရှိ ဘုန်းကြီးကျောင်း၊ ချောင်၊ ဂူ၊ စေတီ ပုထိုးများဆီ ခိုလှုံရသည်။ အထူးသဖြင့် ၁၃၀၃ ခုနှစ်မှသည် ၁၃၀၆ ခုနှစ်အထိ ကမ်္ဘာစစ် မီးတွင် စစ်ကိုင်းတောင်ရိုးသည် မန်္တလေး၏ ကျေးဇူးရှင် ဖြစ်ခဲ့သည်။ ထို့ကြောင့် စစ်ကိုင်းတောင်ရိုးကို ကျေးဇူးဆပ်သည့် အနေဖြင့် ကထိန်ပွဲ မှန်သမျှ စစ်ကိုင်း မင်းဝံတောင်ရိုးမှာပဲ ခင်းကျင်း လှူဒါန်းခဲ့ကြသည်မှာ ရှေးအစဉ်အဆက် ကတည်းက ဖြစ်သည်။ ကထိန်ရာသီ ရောက်တိုင်း အထူးသဖြင့် တန်ဆောင်မုန်းလပြည့် ရောက်တိုင်း မန်္တလေးတစ်မြို့လုံး စစ်ကိုင်းတောင်ရိုးပေါ် ရွှေ့ပြောင်းသွားသလား ထင်မှတ်ရအောင် စစ်ကိုင်းတောင်ရိုးပေါ်တွင် ကထိန်ပွဲများစည်ကားခဲ့ကြသည်။

မန္တလေးမှာ ရှေးက ကပ်ရောဂါ ကျရောက်လေတိုင်း၊ နယ်ချဲ့စစ်၊ ပြည်တွင်းစစ်မီး အကြိမ်ကြိမ် ခလေတိုင်း ”အေးလကွယ်၊ နေကြလဟဲ့၊ စိတ်တိုင်းကျ ပျော်ပျော်နေ” ဟု ခွင့်ပြုတော် မူလေသော ကြောင့် စစ်ကိုင်းတောင်ရိုးရှိ သာသနာ့ရိပ်မှာချည်း ခိုလှုံခဲ့ကြရလေသည်။ ထို့ကြောင့် မန္တလေးက လှူဒါန်းစရာရှိတိုင်း စစ်ကိုင်းတောင်တော်ကိုချည်း ဦးထိပ်ထားခဲ့ကြခြင်း ဖြစ်ပါသည်။ ကထိန်သင်္ကန်း ကပ်လှူခြင်းသည် ထူးခြား မြင့်မြတ်သည့် အလှူတော်ဖြစ်သဖြင့် မိမိချွေးနဲစာဖြင့် စုဆောင်းရမှု၏ ဒါနအလှူအပေါ် အမြတ်တနိုး ထားရှိကာ သူငယ်ချင်း အစုအဖွဲ့များ၊ အနှေးယာဉ် လုပ်သားများ၊ ရပ်ကွက်သူရပ်ကွက်သား မိတ်ဆွေများ၊ အသင်းအဖွဲ့များ မှအစ အနှစ် ၁၀၀ ကျော် သက်တမ်းရှိ ရပ်ကွက် ကထိန်ကြီးများ၊ ဈေးချိုတော် ကထိန်များ၊ နှစ် ၉၀နီးပါး သက်တမ်းရှိ ပွဲစား ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်းကြီးတို့ကလည်း အစဉ်အလာမပျက် ခင်းကျင်း လှူဒါန်းခဲ့ကြသည်။

ပွဲစားတန်း ကထိန်
—————–

ထိုသို့သော သက်တော်ရှည် ကထိန်တော်ပွဲကြီးများအနက် တစ်နှစ်တွင် ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်းကြီးက ၂၆ဘီလမ်းနှင့် ၂၇လမ်း ပန်းဆိုးတန်းလမ်းအကြား နှင့် ၈၆လမ်း နှင့် ၈၇ ဆင်တံတားခါးပြတ်လမ်းအကြား ၄ပြ တွင် ကထိန်ခင်းကျင်းသည်။ မန္တလေး၏ မြို့မျက်နှာဖုံး အသင်းကြီး ဖြစ်သောကြောင့် လေးထောင့် စပ်စပ် အပြတွင် အပြတိုင်းအလယ်မှာ ဉပ်မကြီးများကို ခမ်းနားစွာ ပြင်ဆင်ပြီး ၄ပြပတ်လည်စလုံး လှူဖွယ် ပဒေသာပင်များ အကြားအလပ်မရှိ ခင်းကျင်းကာ မီးရောင်စုံထိန်ထန်ညီး ထွန်းညှိထားသည်။ ဉပ်မကြီး တစ်ခုစီတွင်လည်း မဏ္ဍပ်ဆရာများ၏ လက်စွမ်းပြ ရုပ်ပုံ ပန်းချီများဖြင့် ဆင်ယင်ထားသည်။ အဆိုပါ နောက်ခံပန်းချီကား ရုပ်ပုံများနှင့် လျော်ညီသော လှူဖွယ်ပစ္စည်းများကိုလည်း လှပစွာ ပြင်ဆင်ထားသည်။ ဥပမာ မြတ်စွာဘုရာသခင်က တာဝတိ ံသာမှ ဆင်းလာသော သရုပ်ဖော် ရုပ်ပုံကားပန်းချီတွင် ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်းနေရာတွင် အမျိုးမစားတူ အရောင်တူ လှူဖွယ်ပစ္စည်းများ ရာချီ ထောင်ချီ ချတ်ဆွဲ ပြင်ဆင်ခြင်းမျိုး ဖြစ်သည်။ ဤသို့ဖြင့် သပိတ်လုံးထောင်ချီ၊ သင်္ကန်းအစုံထောင်ချီ၊ ရဟန်းဆောင်းထီး ထောင်ချီ လှူဖွယ် ပစ္စည်းများ ဆင်ယင်ထားသည့် ဉပ်မကြီးများကိုက တိုးဝှေ့ကြည့်ကြရ၏။

လှူဖွယ်များ ခမ်းနားသလို ဖျော်ဖြေရေးအနေနှင့်လည်း မန္တလေး၏ နာမည်ကြီး ဆိုင်းအဖွဲ့များ အငြိမ့်များလည်း ၂ညဆက်တိုက် ပါသေးသည်။ လေးဘက်လေးတန် ဆိုင်းတွေ အငြိမ့်တွေချည်းမို့ ကျွန်တော်လည်း အငြိမ့်ကြည့်ရတော့မည်ဟု ပျော်ရွှင်နေသည်။ ညနေစောင်း နေဝင်တာနှင့် ထမင်းစောစောစားကာ ကထိန်ပွဲခင်းသို့ သားအဖနှစ်ယောက် ထွက်ကြတော့သည်။ ပွဲတွေ အငြိမ့်တွေက ဧည့်ခံတီးလုံးပင် မစသေးသော်လည်း အငြိမ့်စင်ရှေ့ လူပြည့်နေပြီ။ လမ်းပေါ်မှာလည်း ပွဲဈေးသည်များ အသံ အသံချဲ့စက်အသံ လူသံများဖြင့် တိုးဝှေ့ဆူညံနေကြပြီ။ တန်ဆောင်မုန်း လပြည့်ကာနီးမို့ အအေးဓာတ်က နေဝင်ကတည်းက စိမ့်ဝင်လာသော်လည်း ပွဲခင်းထဲမှာ မုန့်အိုးကင်းဆီငွေ့ အောက်လင်းမီး အပူငွေ့ လူငွေ့များကြောင့် အအေးဓာတ်က မင်းမမူနိုင်သေး။

စာပြော နှင့် ဗျော
—————–

ဒီလိုနှင့် သားအဖနှစ်ယောက် အငြိမ့်မထွက်သေးလို့ ပွဲခင်းထဲ လမ်းလျှောက်ကြသည်။ဆင်တံတား ခါးဖြတ်လမ်း၊ ပန်းဆိုးတန်းလမ်းပေါ်လူတိုးနေရသော်လည်း ရွှေတချောင်းဘေး ၈၆လမ်းပေါ်မှာ လူသိပ်မရှိ။ ၈၆လမ်းပေါ် ရွှေတချောင်းဘေး ဉပ်မကြီးရှေ့မှာ လူတစ်စုလောက်သာ မိုးတိုးမတ်တပ်နှင့် ဉပ်မကြီးကို ကြည့်နေကြသည်။ ဉပ်မကြီးရှေ့စင်ပေါ်မှာ ပိုးပုဝါခေါင်းပေါင်းအဝါ ရင်ဖုံးတိုက်ပုံ ဘန်ကောက်ပုဆိုး ရွှေကိုင်းမျက်မှန်နှင့် တစ်ယောက်က မိုက်ရှေ့ထိုင်ကာ သီချင်းတစ်ပုဒ်ကို ချွဲချွဲပစ်ပစ်သီဆိုနေသည်။ နောက်မှာ ကမြစ်အင်္ကျီ အဖြူကိုယ်စီနှင့် တဘက်တွေ ခေါင်းပေါင်းထားသူ အဖွဲ့သားများက နှဲကြီး သံပတ္တလား ပလုတ်ဗုံတောင် ဗောနှင့် စည်းဝါးများလိုက်နေသည်။

အဘက မိုးတိုးမတ်တပ်ရပ်နေသူကြား တိုးဝင်ကာ ကျွန်တော့ကို လက်ဆွဲခေါ်ပြီး သူ့ဘေးထိုင်ခိုင်သည်။ ထိုင်ကြည့်နေသူက ၁၀ဦးထက် ပိုမှာ မဟုတ်။ “စာဟောဗျောကွ၊ ကြားရခဲတယ်၊ ဒီမှာကြည့်ရအောင်၊ မင်းအငြိမ့်က ဘယ်အချိန် ကြည့်ကြည့်ရတယ်၊ အခုစာဟောဗျောက ဘယ်ပွဲမှ ပါဖူးတာမဟုတ်ဘူး၊ ဟန်ကျလိုက်တာကွာ” တဲ့။ ကျွန်တော်က ဟို တောင်ဘက် ၂၇လမ်းဘက်က အငြိမ့်စ်ဘက် မျှော်ကြည့်နေမိသည်။ ရှေ့က ခေါင်းပေါင်းဝါနှင့် စာပြောနေသူက ရုပ်သေးမင်းသား ရွှေဘိုတင်မောင်တဲ့။ ဆဒ္ဒါန်ဆင်မင်းဇာတ်တော်ကို အဆိုအငိုအပြော အစုံနှင့် နောက်က နှဲကြီး ပလုတ်နှင့် ဗျောက အချက်ကျကျလိုက်တီး ပို့ပေးသည်။ အံမယ် နားထောင်ရင်း ဇာတ်ရေလည်လာတော့ မထချင်တော့။ ရွှေဘိုတင်မောင်၏ ပြာလဲ့လဲ့ အသံအောင်အောင် အပြောအဆို အငိုနှင့် တီးဝိုင်းအဖွဲ့၅ဦးသား၏ အနုပညာမှာ ပွဲသိမ်း ဗျောခေါက်ဇာတ်ပေါင်းမှ သားအဖနှစ်ယောက် ထပြန်ကြပါရောလား။

ကျွန်တော်ဖြင့် နောက်ပိုင်း ထိုစာပြောနှင့် ဗျောကို မတွေ့ဖူးတော့။ လွန်ခဲ့သော၂ နှစ်လောက်က ရွှေဘို မြို့သစ်ရွာ အောင်ကျော်ဆန်း ဗျောစည်အဖွဲ့က ပိတ်တောရွာ အလှူ့ဒါယကာ ဦးထွန်းမြင့်ဝင်း နှင့် အလှူ့ဒါယကာမ ဒေါ်မြင့်မြင့်ကျော်တို့ အလှူဝင်ညမှာ ဖျော်ဖြေသည့် ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ကို လိုင်းပေါ်မှာ တွေ့တော့ အလွန်နှစ်သက်လှသည်။ ဗီဒီယို ဖိုင်တွေကို ဆေ့ ယူထားပြီး မကြာခဏ နားထောင်ဖြစ်သည်။ အခုလည်း သတိတရရှိလှ၍ စာရိုက်ရင်း ဖွင့်နားထောင်ကာ အဘကို လွမ်းဆွတ် မျက်ရည်လည်ရသေးသည်။

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW