ဒီဇင်ဘာ ၂၉ ၊ ၂၀၂၅
GG (VOM)
ရွေးကောက်ပွဲ အပိုင်း ၁ မှာ USDP ပါတီက ရခိုင်ပြည်နယ်က မာန်အောင် မြို့နယ် နဲ့ မွန်ပြည်နယ် ချောင်းဆုံ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၊ ချင်းပြည်နယ် တီးတိန်မြို့နယ်က ပြည်သူ့လွှတ်တော် နေရာတွေက လွဲပြီး ကျန်မြို့နယ် အားလုံးနီးပါးကို အနိုင်ရရှိ ခဲ့တယ်လို့ ကနဦး စုံစမ်းသိရှိ ရပါတယ်။
” ချင်းပြည်နယ် နှစ်မြို့နယ်မှာ ကိုယ်စားလှယ် လောင်းခြောက်ယောက် မှာ ငါးယောက်နိုင်ပါတယ်။ တီးတိန်မှာ ပြည်နယ် လွှတ်တော်ရှုံးပါတယ်။ ချောင်းဆုံမှာ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ရှုံးပါတယ်။ရခိုင်မှာ မာန်အောင်တမြို့နယ်လုံး ရှုံးတယ် ။ အဲဒီ သုံးမြို့နယ် ရှုံးပါတယ်။ ကျန်တာအားလုံး နီးပါးနိုင်ပါတယ်။ ” လို့ USDP ပါတီရဲ့ တာဝန်ရှိသူ ဦးသောင်းရွှေက အခြေအနေကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မာန်အောင်မြို့နယ်တခုလုံးရဲ့ လွှတ်တော်နေရာအားလုံးကို ရခိုင့်ဦးဆောင် ပါတီက အနိုင်ရရှိခဲ့ ပြီး ကျောက်ဖြူ နဲ့ စစ်တွေ မြို့နယ်တွေမှာတော့ USDP ပါတီက အနိုင်ရရှိခဲ့ တာဖြစ်တယ်လို့ သိရ ပါတယ်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ မဲရလဒ်နဲ့ ပတ်သက်ပြီး ရခိုင့် ဦးဆောင်ပါတီမှ ဒေါက်တာအေးမောင်က “
စစ်တွေက ပြည်ခိုင်ဖြိုး ဦးဆောင်တယ် ။ ကျောက်ဖြူမှာလည်း ပြည်ခိုင်ဖြိုးက ကြိုတင်မဲတွေ တော်တော်ရတယ် ။ဦးဆောင်တယ်။ အန်ကယ်တို့က ဒုတိယ လိုက်တယ်ကြားပါတယ်။ မာန်အောင်မှာတော့ အန်ကယ်တို့ ပါတီက ဦးဆောင်တဲ့ သတင်းရတယ်။ မာန်အောင်က ကြိုတင်မဲ မရှိဘူး ။တပ်ရင်းတပ်ဖွဲ့တွေ နည်းတဲ့ပုံ ပေါက်ပါတယ်။ မာန်အောင် ပရိတ်သတ်က ဘယ်မှမသွားကြဘူး ။မာန်အောင်မှာပဲရှိကြတယ်။ စစ်တွေမှာကျ တပ်ရင်း တပ်ဖွဲ့တွေက များတယ်။ မဲပေးပိုင်ခွင့်ရတဲ့ တပ်မတော်သားက တသောင်း နီးပါးလောက် ဖြစ်သွားတယ်။ အရပ်သားက ၅၀၀၀၀ ကျော်လောက်က စစ်တွေပြင်ပကို ရောက်သွားတယ်။ နိုင်ငံခြား ရောက်နေတဲ့ ပုဂ္ဂိုလ်တွေက ၂၇ မဲပဲ ပေးတယ်။ ရန်ကုန်ရောက်တဲ့ စစ်တွေဒေသခံက ၄၆၈ ပဲရှိတယ်။ အဲတော့ ၅၀၀၀၀ ကျော်တဲ့မဲက အဲလောက်ပဲ ပေါ်ပါတယ်။ ” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့က မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ပါတီတွေထဲမှာ USDP ပါတီကတော့ နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး ၊ ပဲခူးတိုင်း ၊ ရှမ်းပြည်နယ် ၊ ကချင် ၊ ကရင် ၊ စစ်ကိုင်းတိုင်း ၊ ကယား ၊ ဧရာဝတီတိုင်း အပါအဝင် အများစုကို အနိုင်ရရှိထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းက ရွေးကောက်ပွဲ ကျင်းပတဲ့ မြို့နယ် ၁၂ ခုထဲမှာတော့ လေရှီး ၊လဟယ် ၊ ခန္တီး ၊ နန်းယွန်း မြို့နယ်တွေက မဲဆန္ဒနယ် တွေအားလုံးကို တိုင်းရင်းသားပါတီ ဖြစ်တဲ့ နာဂပါတီက မဲအနိုင်ရရှိထားတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နာဂပါတီ မှ ဦးရှုမောင်က ” လေရှိး၊ လဟယ် ၊ ခန္တီး ၊ နန်းယွန်း ၊ ဟုမ္မလင်း ငါးနေရာပြိုင်တာပါ ။အဲဒီမှာ လေးမြို့နယ်က အကုန်လုံးနိုင်တယ်လို့ မြေပြင်အခြေအနေရ သိရတာပေါ့။ လက်ရှိ မြေပြင် အနေအထားရတော့ မဲရေတွက်မှုအရတော့ ခန္တီး ရယ် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရယ် နိုင်ထားတဲ့ အခြေအနေရှိပါတယ်။ ဟုမ္မလင်းကတော့ မသိရသေးဘူး ။ UEC စာရင်း အချုပ်ကိုတော့ မသိရသေးဘူး ။ မြေပြင် အခြေအနေ မဲရုံစာရင်းတွေ ချိတ်ဆက် ကြည့်သလောက် အကြမ်းအားဖြင့်တော့ ဟုတ်ပါတယ်။ ” လို့ ပြောပါတယ်။
မကွေးတိုင်းမှာလည်း နေရာအားလုံးနီးပါးအနိုင်ရရှိခဲ့ပြီး တောင်တွင်းကြီး မဲဆန္ဒနယ် ဘက်မှာတော့ မဲကွာဟချက် ရှိနေတဲ့အတွက် မဲမသမာ မှုရှိမရှိကို စိစစ်နေတာမျိုး ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း မြို့နယ် ၁၂ ခုမှာ ကျင်းပခဲ့တဲ့အထဲက ရန်ကင်းမြို့နယ် မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နေရာကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက အနိုင်ရရှိခဲ့ကြောင်း သတင်း ထွက်ပေါ်နေတဲ့ အပေါ် USDP ပါတီမှ ဦးလှဆွေကတော့ သတင်း မဟုတ်မှန်ကြောင်း USDP ကသာ အနိုင်ရကြောင်း ပြောဆိုပါတယ်။
” ရန်ကုန် ၁၂ မြို့နယ်လုံး အကုန်နိုင်ပါတယ် ။ USDP ပဲအကုန် နိုင်ပါတယ်။ ကျန်တဲ့ တပါတီမှ မနိုင်ပါဘူး ။ ” လို့ ပြောပါတယ်။
လက်ရှိ သိရှိရတဲ့ မဲအနိုင်ရ ပါတီတွေ စာရင်းကတော့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် လောင်းတွေဆီက စုံစမ်းသိရှိရတဲ့ စာရင်းတွေဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဘက်ကတော့ မဲရလဒ်အပေါ် သတင်း.ထုတ်ပြန်ခြင်း မရှိသေးပါဘူး ။
ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ်ပေါင်း ၁၀၀ မှာ ထပ်မံ ကျင်းပ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
