အမြန်လမ်းမှာ လမ်းလျှောက်သူကို ကားနဲ့တိုက်မိပြီး သတင်းပို့ဖို့ ပျက်ကွက်ခဲ့လို့ ယာဉ်မောင်း အမှုဖွင့်ခံရ

စက်တင်ဘာ ၁၆ – ၂၀၂၆
SS (VOM)
ရန်ကုန် – မန္တလေး အမြန်လမ်းမှာ မနေ့ စက်တင်ဘာ ၁၅ ရက်၊ ညပိုင်းက လမ်းလျှောက်နေတဲ့ အမျိုးသား တယောက်၊ ခရီးသည်တင် ကားတစီး တိုက်မိမှုကြောင့် သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရပါတယ်။
မိုင်တိုင် ၁၇၇/၇ – ၁၇၈/၀ ကြားအတွင်း မတော်တဆမှု ဖြစ်ခဲ့တာလို့သိရပြီး ဒီဖြစ်စဉ်မှာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ထံ သတင်းပေး၊ အစစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တဲ့ အဝေးပြေးခရီးသည်တင် ယာဥ်မောင်းကို ဥပဒေပုဒ်မ ၃၀၄(က)/၂၀၂ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
“နေပြည်တော်ကနေ ရန်ကုန်ဘက် အပြန်လမ်းမှာ လမ်းလျှောက်နေတဲ့ လူတယောက်ကို တိုက်မိခဲ့တယ်လို့ ယာဉ်မောင်းက ဝန်ခံထွက်ဆိုထားပါတယ်။ ဥပဒေအရ ဒီလို ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ယာဉ်မောင်းမှာ တာဝန်မရှိစေရလို့ ဆိုထားပေမယ့် အမြန်လမ်းပေါ်မှာ ယာဥ်တိုက်မှုဖြစ်တယ်ဆိုရင် ယာဉ်ကို ရပ်တန့်ရပါမယ်၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ခံယူရပါမယ်။ ဒီဖြစ်စဉ်မှာ ယာဉ်မောင်းဘက်က တာဝန်အတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အရေးယူထားတာပါ” လို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
မတော်တဆမှုဖြစ်ခဲ့တဲ့ ခရီးသည်တင်ယာဉ်ဟာ ရန်ကုန်ဘက်ကို ဆက်လက် မောင်းနှင်သွားပြီး ဖြူးတိုးဂိတ်ကို ရောက်ရှိချိန်၊ သက်ဆိုင်ရာအဖွဲ့တွေက အဲဒီကားရဲ့ လေကာမှန်ကွဲ၊ ညာဘက်မီးလုံး ကွဲနေတာကို မသင်္ကာဖွယ် တွေ့ရှိရတဲ့အတွက် စစ်ဆေးရာကနေ အခင်းဖြစ်စဥ် ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
အမြန်လမ်းမကြီးများ ဥပဒေ အခန်း (၇)၊ ပုဒ်မ (၁၃) အရ “တည်ဆဲဥပဒေ တရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် မော်တော်ယာဉ်၊ လှည်းနှင့် ဖြတ်သန်းသွားလာခွင့် မပြုသည့် အခြားယာဉ်များ မောင်းနှင်ခြင်း (သို့မဟုတ်) ရပ်နားခြင်း၊ လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းကြောင့် လူနှင့် ပစ္စည်းထိခိုက်မှု (သို့မဟုတ်) သေဆုံးမှုဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ၍ မောင်းနှင်သည့် မော်တော်ယာဉ်၏ ယာဉ်မောင်းတွင် တာဝန်မရှိစေရ။” လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
လူ၊ စက်ဘီး၊ ထော်လာဂျီ၊ လှည်း အစရှိတာတွေကို တိုက်မိပါက အတိုက်ခံရသူတွေဟာ အမြန်လမ်းမကြီးများဥပဒေကို ဖောက်ဖျက်သူ မှန်/မမှန်၊ ယာဥ်မောင်းအနေနဲ့ ဥပဒေနဲ့အညီ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး မောင်းနှင်သူ ဟုတ်/မဟုတ်တို့ကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုမယ်လို့ သိရပါတယ်။
ယာဥ်မောင်းတွေအနေနဲ့ ယာဥ်တိုက်မှုကို တိမ်းရှောင် ထွက်ပြေးပါက အမြန်လမ်းမကြီးများဥပဒေရဲ့ အကာအကွယ်ကို မရရှိတော့ဘဲ တခြားသောလမ်းတွေမှာ ဖြစ်ပွားတဲ့ ယာဥ်တိုက်မှုတွေအတိုင်း ပြစ်မှု၊ ပြစ်ဒဏ်တွေ ကျခံရမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကလည်း အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မှ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ် တစီး၊ မိုင်တိုင်မှတ် ၃၂ မိုင် ၅ ဖာလုံနဲ့ ၆ ဖာလုံကြားအရောက် လမ်းဖြတ်ကူးလာတဲ့ အမျိုးသမီးတယောက်ကို တိုက်မိခဲ့ပြီး လမ်းဖြတ်ကူးသူ နေရာမှာတင် ပွဲချင်းပြီးသေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။
ဒါအပြင် မေလ ၂ ရက်နေ့ကလည်း ရန်ကုန်ကနေ နေပြည်တော် အသွားလမ်းအတိုင်း မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစီးဟာ မိုင်တိုင်အမှတ် ၁၃၆/ ၅ – ၁၃၆/၆ ကြားအရောက်မှာ လမ်းလယ်ကျွန်းကိုဖြတ်ပြီး နောက်ကနေ ရှေ့ကို မောင်းနှင်လာတဲ့ ကျွဲလှည်းကို တိုက်မိခဲ့တာကြောင့် လှည်းမောင်းသူ ဒဏ်ရာရခဲ့ပြီး ကျွဲနှစ်ကောင် သေဆုံးသွားတယ်လို့ သိရပါတယ်။
မတ်လ ၁၈ ရက်နေ့ကလည်း ရန်ကုန်မှ နေပြည်တော်ကို အသွားလမ်း၊ မိုင်တိုင်အမှတ် (၀/၃-၄) ကြားမှာ အမျိုးသား သုံးယောက် စီးနင်းလိုက်ပါလာတဲ့ နံပတ်မပါ မော်တော်ဆိုင်ကယ်တစီး၊ အရှိန်ပြင်းစွာ လမ်းပြောင်းပြန် မောင်းနှင်လာရာကနေ လမ်းရဲ့ ယာဘက်အစွန်ဆုံး ယာဉ်ကြောမှာ ရပ်တန့်ထားတဲ့ ခြောက်ဘီးယာဉ်ရဲ့ ရှေ့ဦးပိုင်းကို ဝင်ရောက် တိုက်မိခဲ့တာကြောင့် နှစ်ယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အမြန်လမ်း ထိန်း/ပြင်/ကြီးကြပ်ရေးအဖွဲ့

Related posts

VOM News

FREE
VIEW