ဒေါက်တာတင့်ဆွေ
လာမယ့် ဒီဇင်္ဘာ (၁၈) ရက်နေ့ဆိုရင် NCGUB ခေါ် စင်ပြိုင်အစိုးရကို ဖွဲ့စည်းခဲ့တဲ့ နှစ်ပတ်လည်နေ့ရောက်ပါမယ်။ လွန်ခဲ့တဲ့ ၁၉၉ဝ ဒီလိုရက်တွေမှာဆိုရင် လောလောလတ်လတ်အရွေးချယ်ခံထားကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စစ်အစိုးရထိန်းချုပ်ရာကနေ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ထွက်ခွါနေကြရပါပြီ။ အများစုကတော့ ထိုင်းနယ်စပ်ဘက်ဆီနဲ့ ကျွန်တော်တို့ကတော့ အိန္ဒိယနယ်စပ်ဖက်ဆီ ထွက်ကြရတာပါ။
၁၈-၁၂-၁၉၉ဝ နေ့ကစတင် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရကို ၁၄-၉-၂ဝ၁၂ နေ့ကစပြီး အစိုးရအဖွဲ့ကိုယ်တိုင်က ဖျက်သိမ်းလိုက်ပါပြီ။ အဝေးမရောက်ခင်က မြန်မာပြည်မြေပေါ်မှာ ထူထောင်လိုက်တာဖြစ်လို့ စင်ပြိုင်အစိုးရလို့ သုံးနှုံးပါတယ်။ နိုင်ငံတကာမှာလဲ Parallel government လို့ ခေါ်ကြတယ်။ တကယ်တော့ ၁၉၉ဝ ရွေးကောက်ပွဲအရ တရားဝင်အစိုးရ ထူထောင်ချင်ခဲ့တာပါ။
တခြားနိုင်ငံတွေကိုခရီးထွက်နေကြတဲ့ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို ထိုင်းနိုင်ငံက ဗီဇာပိတ်လိုက်ပြီးနောက် ဝါရှင်တန်-ဒီစီမှာ ရုံးဖွင့်လိုက်ပေမဲ့ အဝေးရောက်အစိုးရလို့ မသုံးခဲ့သေးပါ။ ၁၉၉၅ မှာ မာနယ်ပလောကျသွားမှ Exile ခေါ် အဝေးရောက် ဖြစ်လာတယ်။ နာမည်ဆိုးပေးတတ်တဲ့ အပြိုင်ခံအာဏာသိမ်းစစ်အစိုးရကတော့ ပြည်ပြေးအစိုးရလို့သာ သတင်းစာရှင်းလင်ပွဲတွေမှာ သုံးတယ်။
ညွန့်ပေါင်းဆိုတဲ့ အဓိပ္ပါယ်ဟာ နိုင်တဲ့သူအကုန်ယူ မဟုတ်တဲ့အချက်သာမကဘဲ ပြည်ထောင်စုသဘော တွဲကြ၊ ပေါင်းကြရမယ် ဆိုတာလဲပါတယ်။
အဖွဲ့အစည်း ဖျက်နည်းတွေထဲက လူတဦးချင်းကို ဖဲ့ထုတ်နည်းကို အရင်ဆုံးအသုံးခံရလို့ ဗွေဆော်ဦး (၃) ဦး ပြန်ဝင်တယ်။ မခံနိုင်တဲ့သူတွေက (လက်နက်မပါလို့) လက်မှိုင်ချပြီး တယောက်ချင်းရော အစုလိုက်ပါ ပြန်ဝင်ကြတယ်။ အစိုးရဖွဲ့ရေးနဲ့ အဓိက ပတ်သက်သူတွေကို ထောင် ၂၅ နှစ်စီချတယ်။ ဆက်စပ်နေသူ မှန်သမျှကိုလဲ ထောင်ဘဲချတယ်။ တခြားအကြောင်းတွေရောကြောင့်ပါ ရာဂဏန်းမကဟာ အမတ်အဖြစ်ကနေ နုတ်ထွက်ခိုင်းတာ ခံကြရတယ်။ အဆုံးစွန်နည်းဖြစ်တဲ့ လုပ်ကြံသတ်ဖြတ်တာခံရလို့ ထောင်ထဲမှာ ၃ ဦး၊ ပြည်ပမှာ ၂ ဦး အသက်ပေးလိုက်ကြရတယ်။ (၂၂) နှစ်အတွင်းမှာ အရင်းအနှီး ကြီးလွန်းခဲ့ပါတယ်။ ဖျက်လိုက်တော့မယ်လို့ စဉ်းစားကြတဲ့အခါ ဒါတွေအားလုံးကို ခေါင်းထဲမှာထည့်ရပါတယ်။
သူများဖျက်လို့ ပျက်တာမဟုတ်တဲ့အချက်ဟာ လွယ်လွယ်နဲ့ဖြစ်နိုင်ခဲ့တာ မဟုတ်ပါ။
၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာကနေ ပြည်ပအဖွဲ့အစည်းတွေကို အထောက်အကူတွေ မပေးတော့ပါ။ ကျွန်တော်တာဝန်ယူရတဲ့ နယူးဒေလီရုံးကိုတော့ အရင်အကူအညီတွေ မရပေမယ့် ၃ နှစ်ကြာဆက်လုပ်ခဲ့ပါတယ်။ ငွေမရလို့ကြောင့်လည်း မဖျက်ပါ။ NCGUB ဖျက်သိမ်းရတဲ့ တခုတည်းသောအကြောင်းတရားက နိုင်ငံရေးဖြစ်တယ်။
နိုင်ငံရေးအခြေအနေဆိုတာ တသမတ်တည်းမနေပါ။ ၁၉၉ဝ ရွေးကောက်ပွဲကို အခြေခံခဲ့တဲ့ NCGUB အစိုးရဟာ ဒီအချက်ကို စွဲစွဲမြဲမြဲကိုင်စွဲထားခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတာ ၄-၅ နှစ် ကြာတော့ ရွေးကောက်ပွဲရလဒ်ဟာ ဘောင်မဝင်တော့ဘူးလိုလို ပြောဆိုလာခဲ့သူတွေထဲမှာ အပြိုင်ခံအစိုးရတခုတည်း မဟုတ်ဘဲ၊ မလိုလားသူတွေနဲ့ ဝေဖန်တိုက်ခိုက်သူ အဖြူတွေရော မြန်မာတွေပါ ပါတယ်။ လက်တွေ့ကျကျ ၁၉၉ဝ ရွေးကောက်ပွဲ ခံလိုက်ရတာကတော့ နောက်ထပ်ကျင်းပလိုက်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဖြစ်တယ်။ စစ်အုပ်စုလဲ ဒါဖြစ်လာအောင် အနှစ် (၂ဝ) လုပ်ခဲ့ကြရတယ်။ ဒီအဆင့်အထိလဲ NCGUB ကို ဖျက်ဘို့ မစဉ်းစားခဲ့သေးပါ။
၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ထားခဲ့ရတော့မဲ့ အခြေအနေကတော့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲသာ ဖြစ်တယ်။ NLD ကြားဖြတ်ရွေးကောက်ပွဲကို ဝင်နိုင်တယ်၊ ဝင်မယ်၊ နိုင်လိုက်တယ်ဆိုတဲ့ အခြေအနေသစ်ကြောင့်သာဖြစ်ပါတယ်။ NCGUB သန္ဓေတည်ဘို့ လုပ်ကြတာက NLD အမတ်တွေနဲ့ NLD စည်းရုံးရေးမှူးတွေဖြစ်လို့ NLD ရဲ့ အခန်းကဏ္ဍဟာ ဒီနေရာမှာလဲ အခရာကျတယ်။ NLD ကို NCGUB က စဉ်ပြိုင်နေတယ်လို့ နည်းနည်းလေးမှ အထင်မခံနိုင်ပါ။ NLD ခေါင်းဆောင်တွေလဲ အပြင်ကိုထွက်လာနိုင်ကြပြီ ဆိုတဲ့အချက်က တွန်းအားတရပ် ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေရော၊ တခြားခေါင်းဆောင်တွေပါ ပြည်ပကိုထွက်ပြီး လေ့လာနိုင်၊ ပြောနိုင်၊ ဆိုနိုင်ကြပါပြီ။ အပြင်ကလဲ အရင်က အပြင်ရောက်နေသူတွေကို စကားပြောစင်မြင့်တွေမှာ နေရာပေးစရာမလိုတော့ဘူး ဖြစ်လာတယ်။
ဖျက်တော့မယ်ဆိုတာ ကိုယ်ပိုင်အယူအဆပါ။ ပွဲစားကလာ ဆွေးနွေးတာမဟုတ်ပါ။ စစ်အုပ်စုဆီကလည်း လာဘ်လာဘ တခုမှမရပါ။ ၂၂ နှစ်တာ မာရသွန်ခရီးမှာ ယှဉ်ပြိုင်ခြင်းသည်သာအဓိကဆိုတဲ့ ထုံးကို နှလုံးမူခဲ့ပါကြောင်း။
ဒေါက်တာတင့်ဆွေ
#voiceofmyanmar #VOM #NCGUB #ဒေါက်တာတင့်ဆွေ