အကာအကွယ် မဲ့နေတဲ့ အဖိနှိပ်ခံ မြန်မာအလုပ်သမားများ

SN (VOM)

နှစ်စဉ် မေလ ၁ ရက်နေ့ကို အလုပ်သမားအခွင့်အရေးတွေ အာမခံချက် အပြည့်အဝရရှိစေဖို့ ကြိုးပမ်းအားထုတ်ခဲ့မှုတွေအတွက် အသိအမှတ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာတဝှမ်းရှိ အလုပ်သမားတွေက “မေဒေးနေ့“ အဖြစ် ဂုဏ်ပြုကျင်းပကြပါတယ်။

၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှာကျရောက်‌ခဲ့တဲ့ အလုပ်သမားနေ့ (မေဒေးနေ့)ဟာ နိုင်ငံတကာအတွက် (၁၃၃)ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ၁၉၃၈ ခုနှစ်၊ မေလ ၁ ရက်နေ့မှသာ ပထမအကြိမ်အဖြစ် စတင် ကျင်းပနိုင်ခဲ့တဲ့အတွက် (၄၈)နှစ်တာ နောက်ကျပြီး ကျင်းပခဲ့‌ရတာကြောင့် အခုအကြိမ်ဟာ မြန်မာနိုင်ငံအတွက်ဆိုရင်တော့ (၈၅ ) ကြိမ်မြောက် ဖြစ်ပါတယ်။

မေဒေး (ခေါ် ) အလုပ်သမားနေ့ဆိုတာဟာ အလုပ်သမား လူတန်းစားတွေအဖို့ လွန်စွာအရေးပါတဲ့ နေ့ကြီးဖြစ်ပါတယ်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်ပြီး အလုပ်သမားတွေရဲ့ ဘဝသစ် တည်ဆောက်ဖို့ အလုပ်သမားများရဲ့ သွေးစည်းတဲ့နေ့လို့ ခေါ်ဆိုကြပါတယ်။

အလုပ်အကိုင်လောကအတွက် အထူးအရေးပါတဲ့ အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအတွင်းက အလုပ်သမားတွေနဲ့ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မရေရာ မသေချာမှုတွေနဲ့ မတရားမှုတွေဟာ အရင်အချိန်ကထက် ပိုမိုဆိုးရွားများပြာလာနေပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ အချက်ကတော့ အလုပ်သမားများစွာနဲ့ သူတို့ရဲ့ မိသားစုတွေဟာ အကျပ်အတည်း အခက်အခဲတွေကြားမှာ ရုန်းကန်မှုတွေနဲ့အတူ ဆက်လက် ရှင်သန် နေထိုင်နေကြရတာပါ။

၂၀၂၁ ခုနှစ် မတိုင်ခင်က အလုပ်သသမားအရေး ဆောင်ရွက်သူတွေက ဦးဆောင်ပြီး အလုပ်ရှင်၊ အလုပ်သမား၊ သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာန စတဲ့ ၃ ပွင့်ဆိုင် ဖြေရှင်းမှုတွေကြောင့် အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေဟာ တိုးတက်မှု ပြခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ အလုပ်သမားအဖွဲ့အစည်း ၁၆ ဖွဲ့ကို မတရားအသင်း အဖြစ် ဆက်သွယ်တာ၊ အလုပ်သမားအရေး ဦးဆောင်သူတွေကို ဖမ်းဆီးတာတွေကြောင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ထိရောက်တဲ့ ကာကွယ်မှုတွေ မရရှိတော့ပါဘူး။

အလုပ်သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂတွေကို လက်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ မတ်လမှာ တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့တဲ့အပြင် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေ၊ အလုပ်ရှင်က အလုပ်ဖြုတ်တာတွေ ရှိခဲ့ပါတယ်။

“နိုင်ငံရေး တည်ငြိမ်မှုမရှိတဲ့နောက် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုက မရှိတော့ဘူး။ လက်ရှိမှာ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံရတာလည်း ရှိသလို အများစုက ထွက်ပြေးပုန်းရှောင်နေရပါတယ်။ ဒါ့ကြောင့် အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံရတဲ့အခါ ထိထိရောက်ရောက် ကူညီဖို့ကလည်း အကန့်အသတ်တွေ ရှိနေတယ်။ လက်ရှိကာလမှာ အလုပ်သမားတွေအတွက် ဘာအာမခံချက်မှ မရှိဘူး။ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေက ဒီအချိန်မှာ ပိုပြီး ဆိုးလာနေတယ်၊လက်ရှိမှာ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အပြည့်အဝ မရရှိတဲ့အပြင် လူ့အခွင့်အရေးတွေကိုပါ ချိုးဖောက်ခံနေရတာ”လို့ အလုပ်သမားအခွင့်အရေး ဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမားတွေရဲ့ တစ်ရက် အလုပ်လုပ်ချိန် ၈ နာရီ သတ်မှတ်ထားပေမယ့် အလုပ်ရှင်တွေဘက်က မလုပ်နိုင်တဲ့ စံချိန်တွေကို တောင်းပြီး အတင်းအဓမ္မစေခိုင်းတာတွေ၊ ညဆိုင်း အချိန်ပိုတွေကိုလည်း လုပ်အားခ မပေးဘဲ ခိုင်းစေတာတွေ ရှိလာနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အများပြည်သူအလုပ်ရုံးပိတ်ရက် တနင်္ဂနွေနေ့တွေမှာလည်း လုပ်အားခမရဘဲ အချိန်ပိုဆင်းပေးနေရပြီး အလုပ်သမား အခွင့်အရေးတွေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ အဆိုအရ စက်ရုံ၊ အလုပ်ရုံကနေ ည ၁၀ နာရီနောက်ပိုင်း အချိန်ပိုဆင်းပြီး ပြန်လာတဲ့ အမျိုးသမီးတွေဆိုရင်လည်း လမ်းတွေမှာ အဓမ္မပြုကျင့်ခံရတာ၊ အုပ်စုဖွဲ့ လုယက်ခံရတာနဲ့ အသတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိလာတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင်လည်း မမွေးခင် ခြောက်ပတ်နဲ့ မွေးပြီး ရှစ်ပတ်တာ ခွင့်ရရှိချိန်မှာ ဥပဒေမဲ့ အလုပ်ထုတ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ဒီအချိန်က ကူကယ်ရာမဲ့နေတဲ့အချိန်ပါ။ ဒီအခက်အခဲတွေကို ဖြေရှင်းပေးဖို့ သက်ဆိုင်ရာဌာနတွေကို တိုင်ကြားပေမယ့်လည်း ဖြေရှင်းပေးနိုင်တဲ့ အခြေအနေမရှိဘူး။ အလုပ်သမားဘက်ကို မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ အဖွဲ့အစည်း မရှိဘူး။ ပြီးတော့ သမဂ္ဂတွေ မရှိတော့တဲ့အပေါ်မှာလည်း အလုပ်သမားအခွင့်အရေးဆိုတာကို ပြောပိုင်ခွင့်မရှိသလို ချိုးဖောက်နေရင်လည်း ဘယ်နေရာကိုမှ တိုင်ကြားလို့ရတဲ့အနေအထားမျိုး မရှိဘူး”လို့ အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေရဲ့ တစ်ရက်တာ အနည်းဆုံး လုပ်ခကြေးငွေကို ပြန်လည်ပြင်ဆင် မသတ်မှတ်နိုင်ခဲ့တာဟာလည်း ၅ နှစ်ရှိခဲ့ပြီဖြစ်တာကြောင့် အလုပ်သမားတွေအတွက် များစွာနစ်နာနေတယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့ တရက်တာ အနည်းဆုံးလုပ်ခကြေးငွေကို ၄,၈၀၀ ကျပ်အဖြစ် ၂၀၁၇ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက် (၂)နှစ်ကို တစ်ကြိမ် ပြန်လည်ပြင်ဆင်သတ်မှတ်ရမှာ ဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်၊ ကိုဗစ်ကာလကစလို့ လက်ရှိအချိန်အထိ ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိသေးတာကြောင့် အလုပ်သမားတွေအတွက် လုပ်အားနဲ့မတန်တဲ့ လုပ်ခကိုသာ ရရှိနေကြပါတယ်။

နိုင်ငံရေးပဋိပက္ခကြားမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပေမယ့်လည်း လုပ်ခလစာတွေ တိုးမြှင့်လာခြင်း မရှိတဲ့အတွက် အလုပ်သမားအများစုဟာ စားဝတ်နေရေး ပိုမိုခက်ခဲလာကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ကတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ခြောက်လအကြာကစလို့ မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံ စာရင်းကို ရောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

၂ဝ၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်းကိန်းမှာ ဖော်ပြထားတာဖြစ်ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ ကမ္ဘာ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းထဲမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ တူရကီ၊ ဂွါတီမာလာ၊ ဘဲလာရုဒ်၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီဂျစ်နဲ့ အဆွာတီနီ (ဆွာဇီလန်) တို့ပါဝင်ပါတယ်။ အရင်က ဒီစာရင်းထဲမှာ မြန်မာ မပါဝင်ခဲ့ပေမယ့် ၂ဝ၂၁ ခုနှစ်ကစလို့ ဒီစာရင်းထဲမှာ ၂ နှစ်ဆက်တိုက် ဖော်ပြခံရတာ ဖြစ်ပါတယ်။

တဖက်မှာတော့ ပြည်တွင်း မတည်ငြိမ်မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ထွက်ခွာနေတဲ့အတွက် အလုပ်အကိုင်ရှားပါးမှုတွေ ဖြစ်ပေါ်နေပြီး အလုပ်သမားတွေ အလုပ်လက်မဲ့တိုးလာနေချိန်မှာ အလုပ်ရှင်တွေကတော့ လခစား အလုပ်သမားတွေကို မခန့်ကြတော့ဘဲ နေ့စားအလုပ်သမားအဖြစ် ခေါ်ယူတာလည်း ရှိနေတာပါ။

ဒါ့အပြင် စက်ရုံအချို့မှာလည်း ပြည်ပက ချုပ်ထည်မှာယူမှု မရှိတော့တာကြောင့် စက်ရုံပိတ်သိမ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတဲ့ လုပ်သား ရာနဲ့ချီပြီး ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ကလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ထဲက Primark Brand အထည်တွေကို ချုပ်လုပ်တဲ့ တရုတ်နိုင်ငံသားပိုင် GTIG နဲ့ GYsan အထည်ချုပ်စက်ရုံ (၂)ရုံ ပိတ်လိုက်တာကြောင့် အလုပ်သမား (၂၀၀၀)ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ကြရပြီး အဲ့ဒီအထဲက တော်တော်များများဟာ အခုချိန်အထိ အလုပ်ရှာလို့ မရကြသေးဘူးလို့ သိရပါတယ်။

အလုပ်သမားဥပဒေအရ စက်ရုံပိတ်သိမ်းမယ်ဆိုရင် တစ်လကြိုတင် အကြောင်းကြားရမှာဖြစ်ပေမယ့် အဲ့ဒီ့ စက်ရုံတွေကတော့ ဖေဖော်ဝါရီ ၁၆ ရက်မှာ အလုပ်သမားတွေကို အသိပေးပြီး ၂၈ ရက်မှာ လျော်ကြေးတွေပေးတာဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံအတွင်းက စက်ရုံတွေအများအပြားမှာ အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံနေရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မြန်မာ့အထည်ချုပ်ကဏ္ဍမှာ အလုပ်သမားတွေအတွက် လုပ်ငန်းခွင်အတွင်း အနေအထား ပြောင်းလဲတိုးတက်မှုတွေ အများကြီးဖြစ်ပေါ်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်ကတည်းက နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေဟာ အလုပ်သမား အခွင့်အရေးဖိနှိပ်မှုတွေ လုပ်ဆောင်လာတယ်”လို့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စက်ရုံ၊ အလုပ်ရုံ ၁၂၀ ကျော်က ထောင်နဲ့ချီတဲ့ လုပ်သားတွေဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ကြုံခဲ့ကြရတယ်လို့ သိရပါတယ်။

အဲ့ဒီ့စက်ရုံတွေထဲမှာ စားသောက်ကုန်၊ အားကစားပစ္စည်းထုတ်၊ စက်မှု၊ လူသုံးကုန်နဲ့ အထည်ချုပ်စက်ရုံတို့ ပါဝင်ပြီး စုစုပေါင်း စက်ရုံ (၁၂၄)ရုံအထိ ရှိတယ်လို့ သိရပါတယ်။ ဒီစက်ရုံတွေထဲမှာ အထည်ချုပ်စက်ရုံတွေဟာ အလုပ်သမားဥပဒေတွေကို အများဆုံး ချိုးဖောက်နေပြီး ခွင့်နဲ့ လုပ်ခလစာလို အလုပ်သမားတွေရဲ့ ရပိုင်ခွင့် ချိုးဖောက်မှုတွေကို အများဆုံး ကျုးလွန်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့လို အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်ဆီ လာရောက်တိုင်တန်းမှု (၃၀၀)ကျော်အထိရှိပေမယ့် အဲဒီအထဲက ရာခိုင်နှုန်း အနည်းအကျဥ်းသာ ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အတိုင်တန်းခံရတဲ့ စက်ရုံတွေထဲမှာ Adidas, Zara, H&M နဲ့ American Holic တို့လို တံဆိပ်တွေကို ချုပ်လုပ်ပေးနေတဲ့စက်ရုံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ စာရင်းတွေအရ အခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ (၅၄၃)ရုံ လက်ရှိလည်ပတ်နေပြီး စက်ရုံ (၂၅၄)ရုံကတော့ လည်ပတ်နိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) က ကောက်ယူထားတဲ့စစ်တမ်းတွေအရ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ စက်မှုဇုန်တွေက စက်ရုံအများစု အခု ၂၀၂၃ ခုနှစ်အတွင်း စက်ရုံပိတ်သိမ်းခွင့်တွေနဲ့ သက်ဆိုင်ရာအလုပ်သမားရုံး ပိတ်သိမ်းခွင့်တွေ တင်လာတာကို တွေ့ရှိလာနေရတယ်လို့လည်း သိရပါတယ်။

အခုလို ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာကြောင့် ပြည်ပထွက်ခွာသူ ရွှေ့ပြောင်းလုပ်သားဦးရေဟာလည်း တစထက်တစ များပြားလာနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အလွန် စီးပွားရေး၊ အထွေထွေ အကျပ်အတည်းတွေနဲ့အတူ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တစ်လလျှင် ပြည်ပထွက်ခွာသူ (၄၀,၀၀၀)ဝန်းကျင်အထိ ရှိလာတယ်လို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)ကနေ သိရပါတယ်။

IOM ရဲ့ အဆိုအရ နိုင်ငံအတွင်း လုံခြုံမှုမရှိတော့တာ၊ စီးပွားရေးကျဆင်းနေတာနဲ့ အသက်မွေးဝမ်း ကျောင်းအလုပ်အကိုင်တွေ ပျောက်ဆုံးသွားတာ စတဲ့ အကြောင်းအရင်း အမျိုးမျိုးကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကစပြီး လစဉ်ပြည်ပထွက်ခွာသူ (၄၀,၀၀၀)ဝန်းကျင်ရှိနေကာ အများစုဟာ ထိုင်းနိုင်ငံကို သွားရောက်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားအများစုဟာ ပြည်ပကိုနည်းအမျိုးမျိုးနဲ့ထွက်ဖို့ ကြိုးစားနေကြတဲ့အတွက် လူကုန်ကူးမှု၊ အမြတ်ထုတ်မှုနဲ့ ဒုက္ခသည်စခန်းတွေက ပြည်သူတွေကို ပြည်ပမှာ အလုပ်လုပ်ဖို့ လာရောက်သွေးဆောင်တာလိုမျိုး လုပ်ရပ်တွေလည်း ဖြစ်နိုင်ခြေ အလွန်မြင့်မားနေတယ်လို့လည်း IOM ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြည်ပထွက်ခွာမှုဟာ ပြည်တွင်းမှာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေတာ၊ လုပ်ခလစာ အပြည့်အဝမရတာအပြင် လုပ်အားခ ခေါင်းပုံဖြတ်ခံနေရတာကြောင့် ဖြစ်ပေါ်နေတာဖြစ်ပြီး အခု ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ပြည်ပထွက်ခွာမှု ပိုမိုမြင့်တက်လာနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက သုံးသပ်ပါတယ်။

ဒါပေမယ့် ပြည်ပထွက်ခွာ မြန်မာအလုပ်သမားတွေဟာလည်း အများစုက တရားမဝင်လုပ်သား ဖြစ်နေတာကြောင့် ပြည်ပမှာ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရတာ၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရတာတွေကို ကြုံနေရသလို အခုလက်ရှိ မြန်မာသံရုံးတွေက ထိထိရောက်ရောက် အကူအညီပေးတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

မြန်မာအလုပ်သမားအရေးနဲ့ ပတ်သက်လို့ လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စောင့်ကြည့်မှတ်တမ်းယူမှုတွေ ပြုလုပ်နေပြီး ပြည်တွင်းက စီးပွားရေးလုပ်ငန်း အများအပြားရဲ့ အသက်မွေးဝမ်းကျောင်းမှုဟာ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမှာရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေဟာ အဓိကကျတဲ့ လုပ်ငန်းကဏ္ဍတွေက လုပ်ငန်းတွေနဲ့ အလုပ်သမားတွေကို ထိခိုက်နစ်နာစေခဲ့တယ်လို့ သိရပါတယ်။ အထည်ချုပ်လုပ်ငန်းတွေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေက ကျပန်းအလုပ် လုပ်ကိုင်နေရခြင်း (ဒါမှမဟုတ်) နေ့စားအလုပ်လုပ်ကိုင်နေရခြင်း၊ အလုပ်ချိန်တွေ ပုံမှန်မဟုတ်ခြင်းနဲ့ အလုပ်သမားတွေအတွက် နည်းပါးတဲ့ လုပ်အားခကိုသာ ရရှိစေခြင်း စတဲ့ အနေအထားတွေကို ပိုမိုဖြစ်ပေါ် စေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ILO ရဲ့ လေ့လာတွေ့ရှိချက်အရ အလုပ်သမားတွေ အလုပ်အကိုင် ရပ်စဲခံရတဲ့အခါမှာ ပေးဆောင်ရမယ့် နစ်နာကြေးကဲ့သို့သော အကျိုးခံစားခွင့်ကိုလည်း အလုပ်ရှင်တွေဘက်က ပေးဆောင်မှုမရှိတဲ့ အခြေအနေတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ Mr. Donglin Li က “လက်ရှိ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင် တိုးတက်မှုလက္ခဏာတွေ ရှိနေပေမယ့်လည်း လက်ရှိ လုံးပါးပါးနေတဲ့ အလုပ်အကိုင်အခြေအနေ ဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေး ကျဆင်းမှုဟာ အလွန်အမင်း စိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်”လို့ ပြောပါတယ်။

အလုပ်သမားတွေအပေါ် လုပ်ခလစာ ခေါင်းပုံဖြတ်မှုတွေကို အလုပ်သမားတထောင်နဲ့အထက်ရှိတဲ့ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတွေက အများဆုံး ကျူးလွန်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အတင်းအဓမ္မအလုပ်ခိုင်းစေခံနေရတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်တွေခိုင်းစေတဲ့ အလုပ်မပြီးတာ၊ အထည်အရေအတွက် မပြည့်တဲ့အခါ ကိုယ်ထိလက်ရောက် ကျူးလွန်ခံနေရတာတွေရှိသလို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေကိုပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ILO ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း လူဦးရေ ၁ ဒသမ ၆ သန်းက အလုပ်လက်မဲ့ ဖြစ်သွားပြီး အဲဒီအထဲက အလုပ်သမား ၃ သိန်းကျော်ဟာ အထည်ချုပ် အလုပ်သမားတွေ ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်အကိုင် ဆုံးရှုံးခဲ့ရတဲ့ အလုပ်သမားတွေဟာ စားဝတ်နေရေး အလွန်အကျွံ ကြပ်တည်းလာတဲ့ အခြေအနေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အဘက်ဘက်ကနေ ပိုမိုထိခိုက် ခံစားနေရတယ်လို့ ILO က ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေ ဖြစ်ပေါ်လာနေချိန်မှာပဲ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်ကြောင့် စီးပွားရေးအဆင်မပြေမှုတွေ ပိုမိုဆိုးရွားလာကာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု မြင့်တက်လာနေတာဖြစ်ပါတယ်။ ၂ နှစ်တာ ကာလအတွင်းမှာ အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခြေခံ အလုပ်သမားအခွင့်အရေးတွေ လုံးဝ ဆိတ်သုဉ်းသွားပြီး မတရား ဖိနှိပ်ခံနေကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၃၂) ကြိမ်မြောက် အလုပ်သမားနေ့ (မေဒေး) ထုတ်ပြန် ကြေညာချက်တွေမှာတော့ အလုပ်သမားတွေကို အသိအမှတ်ပြုဖို့နဲ့ တိကျတဲ့ မူဝါဒတွေ ချမှတ်ဖို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေကနေ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် နစကအနေနဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုကာ ဖိနှိပ်မှုတွေကိုသာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မတရား ဖိနှိပ်ခံနေရမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အကြမ်းဖက်မှု၊ မတရားမှု၊ ခြိမ်းခြောက်မှုနဲ့ လက်စားချေမှုတွေ ကင်းစင်တဲ့ ဒီမိုကရေစီပတ်ဝန်းကျင် ဖော်ဆောင်ရမှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ ၎င်းတို့ရဲ့ အခြေခံအလုပ်သမား အခွင့်အရေးတွေကို လွတ်လပ်စွာ ကျင့်သုံးခွင့်ရရှိနိုင်ဖို့ မျှော်လင့်နေကြဆဲဖြစ်ကာ ဆုံးရှုံးနေဆဲ အလုပ်သမားအခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #အလုပ်သမားရေးရာကဏ္ဏ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW