ရွှေသောင်ယံ မကျီးဇင်ရွာမှာ တိုက်ပွဲငြိမ်သက်ပေမယ့် စစ်ရှောင်သူ တိုးလာ​နေ၊ ငွေဆောင်၊ ချောင်းသာလမ်း မပိတ်သေး

ဇန်နဝါရီ ၁၂ – ၂၀၂၅
GG (VOM)
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ၊ မကျီးဇင် ကျေးရွာမှာ မနေ့ကစပြီး ဒီနေ့ဇန်နဝါရီ ၁၂ ရက်မှာတော့ လက်နက်ကြီးပစ်ခတ်သံတွေ ရပ်သွားပြီး တိုက်ပွဲဖြစ်ပွားမှုမရှ်ဘဲ ပစ်ခတ်သံတွေငြိမ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” မကျီးဇင်မှာမနေ့ကရော ဒီနေ့ရောတိုက်ပွဲဖြစ်တာမရှိပါဘူး။
မကျီးဇင်မှာ လက်နက်ကြီးသံမကြားရတော့ဘူး။အပစ်ခတ်ရပ်နေတယ်။တဖက်အဖွဲ့တွေလည်းပြန်ဆုတ်သွားပြီလို့မြေပြင်ရှိတဲ့သူတွေဆီက သိရတယ်။ ” လို့ ဒေသခံကပြောပါတယ်။
လက်ရှိမကျီးဇင်ရွာဘက်မှာ ပစ်ခတ်မှုငြိမ်နေပေမယ့် အရင်ရက်တွေတုန်းက မကျီးဇင်ရွာမှာ AAနဲ့နစကတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အခြေအနေ ကြောင့် မကျီးဇင်ရွာ ဒေသခံတွေ အရေးပေါ်စစ်ဘေးရှောင်ခဲ့ကြရသလို အနီးရှိ ဘောမိ၊မီးလောင်ချိုင်မှပြည်သူတွေလည်း ကြိုတင်ပြီးစစ်ဘေးရှောင်ကြရ တယ်လို့သိရပါတယ်။
မကျီးဇင်ဘက်မှာ နယ်မြေအေးချမ်းမှုမရှိဘဲ စစ်ရှောင်လာသူတွေရှိပေမယ့် ရွှေသောင်ယံအပါအဝင် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ဝက်သေ ၊သဖော့ကန်၊ သဲကျင်း ၊ပိုးလောင်း ၊ကျွန်းချောင်း၊မာ့သာ၊ မီးလောင်ချိုင်၊တောင်နီမော် ၊ဘောမိတလျောက် မှာတော့
အခြေအနေအေးဆေးငြိမ်သက်ပြီးပုံမှန်အတိုင်းသွားလာမှုရှိနေတယ်လို့ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
” မကျီးဇင် ၊ ဘောမိဘက်ကရှောင်တိမ်းလာကြသူတွေရှိသလို တိုက်ပွဲမဖြစ်သေးပေမယ့်
ပိတ်မိမှာစိုးလို့ ရှောင်တိမ်းလာကြသူတွေရှိတယ်။ဒါပေမယ့်ခုထိ ချောင်းသာ နဲ့ ငွေဆောင်ဖက်မှာလာရောက်လည်ပတ်သူတွေ ရှိသလိုပြန်သွားကြသူတွေ လည်းရှိတယ်။အခြေအနေ အေးချမ်းငြိမ်သက်နေပါတယ်။ဟိုတယ်တွေ ပိတ်ခိုင်းနေတယ်ဆိုတာနဲ့ ဟိုတယ်တွေ ပိတ်မယ်ဆိုတာလည်းသတင်းမမှန်သလို လက်ရှိဖွင့်နေတဲ့ဟိုတယ်တွေလည်း ဒီရက်ပိုင်းမှ ပိတ်လိုက်တာမရှိသေးပါဘူး။” လို့ ရွှေသောင်ယံ ဒေသခံကပြောပါတယ်။
လက်ရှိအထိ ချောင်းသာ ၊ ငွေဆောင် ၊
ရွှေသောင်ယံ၊ ဝက်သေ ၊သဖော့ကန်ဖက်အသွား
ကားလမ်းကို ပိတ်ထားခြင်းလည်းမရှိသလို ဇန်နဝါရီ ၁၃ ရက်ကနေ၁၅ ရက်အထိကားလမ်းပိတ်မယ်ဆိုတဲ့သတင်းကလည်းကောလဟာလသာဖြစ်ကြောင်း၊ ကားလမ်းပိတ်မယ့်ညွှန်ကြားချက်လည်း မရှိသေးကြောင်း အုပ်ချုပ်ရေးပိုင်းနဲ့ရင်းနှီးတဲ့ဒေသခံကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွှေသောင်ယံမြို့နယ်၊မကျီးဇင်ရွာ နဲ့ ချောင်းသာကမ်းခြေ၊ငွေဆောင်ကမ်းခြေတို့က ခရီးစဥ်လမ်းကြောင်းအရ မဝေးတဲ့ခရီးဖြစ်တဲ့အတွက် ဒေသခံအချို့ကတော့ ခုချိန်မှာအပျော်ခရီးတွေမသွားသင့်ဘူးလို့ အကြံပြုပြောဆိုကြပါတယ်။
” မကျီးဇင်က ပုသိမ်နဲ့ အတော်နီးနေပါပြီ။
၆ နာရီခရီးလောက်ပေါ့။ လမ်းတော့ နည်းနည်းကြမ်းမယ်။ မ ကျီးဇင်ကနေ တောင်ဘက်ကိုဆက်လာလိုက်ရင် ဘောမိဆိုတဲ့ရွာကြီးရှိတယ်။
ရခိုင်ကလာတဲ့ ကမ်းခြေပတ်လမ်းဟာ အဲ့ဘောမိရွာမှာ ဆုံးပါတယ်။ ဘောမိတဖက်ကမ်းကို ကူးပြီးသွားပြီဆိုရင် ဒီဘက် ချောင်းသာငွေဆောင်ဆိုတာ ဘာဝေးလို့တုန်း။ ” ဒေသခံနောက်ထပ်တယောက်ကပြောပါတယ်။
AAနဲ့နစက တပ်တွေအကြား ဂွမြို့နယ်အစပ်ရှိကျေးရွာတွေမှာတိုက်ပွဲဖြစ်ပွားရာကနေ ဧရာဝတီ တိုင်း ပုသိမ်မြို့နယ်၊ မကျီးဇင်ရွာအထိ တိုက်ပွဲကူးစက်လာခဲ့တာဖြစ်ကြောင်း၊အဲဒီနောက် AA က မကျီးဇင်ရဲစခန်းကိုသိမ်းပိုက်ခဲ့တယ်ဆိုပြီးသတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။
မကျီးဇင်ရွာက ချောင်းသာကမ်းခြေ၊ငွေဆောင်ကမ်းခြေတွေနဲ့ ခရီးမဝေးတော့တာကြောင့် ဒေသခံတွေကတိုက်ပွဲကူးစက်လာမှာစိုးရိမ်နေကြသလို အချို့လည်းကြိုပြီးစစ်ရှောင်တာမျိုးရှိနေတယ်လို့သိရပါတယ်။
Photo – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW