ဆူးငှက်
ဟိုဟာလုပ်ပါလား၊ ဒီဟာလုပ်ပါလား
—————————————–
တကယ်တော့ မည်သည့် ပြဿနာဖြစ်စေ၊ သတင်းရင်းမြစ် အချက်အလက် မှန်ကန်ဖို့ အရေးကြီးသည်။ ထိုသတင်းရင်းမြစ် အချက်အလက်မှန်ကန်ပါမှ သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်စသော မဟာဗျူဟာအပိုင်း နည်းဗျူဟာ အပိုင်း မှန်ကန်နိုင် ပါမည်။ ကျွန်တော်က ဆီမီးခွက်လေးမျှသော ဘာမဟုတ်သည့် မြေလေးအတွက် ဟိုစာတင် သည်စာတင်လေးမျှ လုပ်ရတာကို ကြီးကြီးကျယ်ကျယ် မဟာဗျူဟာတွေ နည်းဗျူဟာတွေ ချပြနေရကောင်းဟု အပြစ်တင်ကြလိမ့်မည်။ သို့သော် ထို မဖြစ်စလောက် အသေးအမွှားလေး၏ ကိုယ်တွေ့မှသည် ကြီးကြီးကျယ်ကျယ် စဉ်းစားကြည့်မိခြင်း ဖြစ်ပါ၏။ ကုန်ကြမ်းဟု ဆိုရမည့် မြေပြင် သတင်းအချက်အလက် အမှန်မရှိပါပဲ ဘယ့်နှယ် ဦးတည်လုပ်ဆောင်ရမည့် လမ်းကြောင်းဟူသော ကုန်ချောအမှန်အကန် ရနိုင်ပါ့မလဲ။
ကျွန်တော်တို့ အလုပ်ကလေးတွင် ကိုယ်တိုင် သွားရောက်၍ နဖူးတွေ့ ဒူးတွေ့လုပ်ဆောင်ခဲ့ရသည်ကိုပင် အပြင်မှာကျ သတင်းတွေက ပေါက်ကရဖြစ်နေသည်။ တဖန် ထို ပေါက်ကရ သတင်း အချက်အလက်များအပေါ် အခြေခံ၍ နောက်ဆက်တွဲ သတင်းမှားတွေကလည်း ပေါက်ကရ ထွက်လာပြန်သည်။ ထိုပေါက်ကရ သတင်းများနောက် ဆန်စင်ရာ ကျည်ပွေ့လိုက်ကာ လုပ်ဆောင်လျှင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်ဦးမည်။
ရန်ကုန်က ဦးတက်တိုးထံမှ အကြောင်းထူးလျှင် ပြောမည့် လမ်းကြောင်းတစ်ခု ပေးထားပြီပဲ။ ကျွန်တော်တို့က ဒါကိုပဲစောင့်နေသည်။ ရပ်ကွက်ထဲက ပွဲစားလိုလို ရုံးပေါက်စ ကနားပေါက်လိုလို တချို့က သူတို့ တတ်ယောင်ကား ကြားရသည့် လ.ပ.ခ က လိုလို၊ တ.ယ.က က လိုလို၊ ခ.ယ.က က လိုလို၊ ပေါက်ကရသတင်းကို ဗဟုသုတမဲ့စွာ ကြားလာရပြီး ကျွန်တော့်ကိုပဲ ဟိုလို မလုပ်ရ ကောင်းလား၊ သည်လို မလုပ်ရ ကောင်းလား လာရောက် အပြစ်တင်သူတွေက ရှိသေးသည်။ ကျွန်တော်က ကိုယ့်စရိတ်ကိုယ်စိုက်ကာ စဉ်းစားချင့်ချိန်၍ လုပ်ဖော်ကိုင်ဖက်ထဲမှ အထူသဖြင့် ဦးမျိုးခင်နှင့် ကိုလင်းနှင့် တိုင်ပင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ရပ်ကွက်ထဲက အများစုကလည်း ဆူးငှက်ဆိုတာလည်း မသိ၊ ဆူးငှက်နာမည် ကြားဖူးတောင်မှပင် ပင်းမင်းလား၊ ဝက်သား ဒုတ်ထိုးဆိုင်လားပဲ အောင့်မေ့လိမ့်မည်။
ထိုစဉ်ကာလ ဆူးငှက်နှင့် ပတ်သက်၍ ရယ်စရာတစ်ခု ပြောပါဦးမည်။ ကျွန်တော် ပင်တိုင်ရေးသားနေသော မြန်မာ့ဓန မဂ္ဂဇင်းတွင် ဘဏ်လုပ်ငန်းများနှင့် ပတ်သက်သော ဆောင်းပါးများကို လစဉ် ပင်တိုင် ရေးသားနေသော ဘဏ်အရာရှိကြီး တစ်ယောက်ရှိသည်။ သူက ဘဏ်လုပ်ငန်း စစ်ဆေးရေးနှင့်ပတ်သက်၍ မန္တလေးသို့ လာစရာရှိသည်။ ထိုအခါ မန္တလးရှိ ဘဏ်များက တည်းခိုရမည့်နေရာကအစ စီစဉ်ထားသည်။ ထို့ပြင် အရာရှိကြီး လာရောက်ပါက မန္တလေးက ဘုရားဖြစ်စေ၊ အခြားလည်စရာပတ်စရာများ ဖြစ်စေ သွားလိုသည့် နေရာများကို ပြောပါ၊ စီစဉ်ထားပါမည်ဟု တင်ပြသောအခါ အရာရှိကြီးက ဘယ်မှ သွားစရာ မရှိပါဘူး၊ ဒါပေမယ့် ဆူးငှက်ဆီတော့ သွားချင်တယ်၊ စည်သာလမ်းက သိန်းအောင်ကြီး လက်ဖက်ရည်ကို သွားထိုင်ချင်လို့ ဟုပြောလိုက်သတဲ့။
ခေါင်းလျော် အနှိပ်ဆိုင်လား၊ ကာရာအိုကေဆိုင်လား
——————————————————-
ကိုင်း.. ခက်ကပြီ၊ သူတို့ အထက်က အရာရှိကြီးဆိုတော့လည်း ဆူးငှက်ဆိုတာဘာလဲဟု မမေးဝံ့၊ စည်သာလမ်းတွေ သိန်းအောင်ကြီးတွေလည်းပါသေးလို့ ချာလပတ်လည်ကုန်သည်။ အရာရှိကြီးက နက်ဖြန်မနက်စော လေယာဉ်နှင့် ရောက်လာတော့မည်။ ဆူးငှက်ဆိုသည်မှာ ပြဿနာက အဖြေမပေါ်သေးပေ။ ဘဏ် မန်နေဂျာ တစ်ယောက်က ထင်ကြေးပေးသည်။ အရာရှိကြီးဆိုတော့ ခေါင်းလျှော် အနှိပ်ဆိုင်နေမှာ၊ အခြားမန်နေဂျာ တစ်ယောက်ကကျ မဟုတ်လောက်ဘူးဗျ၊ ကာရာအိုကေဆိုင်နေမှာ နှင့် အဖြေမထွက်သေးကြတာ ဘဏ်ပိတ်ချိန် ရောက်တော့မည်။ ထိုစဉ် လူထုတိုက်က ဒေါ်ဒေါ်လူထုဒေါ်အမာ၏သမီး မမဒေါ်တင်ဝင်းက ငွေထုတ်စရာရှိလို့ ဘဏ်ကိုရောက်သွားတော့ အခါတိုင်းတွေ့နေကျ သူငယ်ချင်း ဘဏ်မန်နေဂျာမမ တစ်ယောက်က ဆူးငှက်ပြဿနာကို အမှတ်မထင်ပြောလိုက်သည်။
ထိုအခါ မမဒေါ်တင်ဝင်းက “အမလေး သူငယ်ချင်းရယ်၊ ဆူးငှက်ဆိုတာ ဒို့တိုက်က အယ်ဒီတာ စာရေးဆရာပါ၊ ဒို့မောင်လို ရင်းနှီးတဲ့သူပါ။ ဘာပြောပေးရမလဲ” ဆိုမှ သူတို့လည်း ဟင်းချကြရသတဲ့။ သည်တော့ လူထုတိုက်သို့ လိုက်လာကြပြီး နက်ဖြန်မနက် ၉နာရီလောက် သူတို့ ကားနှင့် လာခေါ်ပါ့မယ်။ ရန်ကုန်က ရောက်လာမယ့် သူတို့ အရာရှိကြီးက တွေ့ချင်လို့ပါတဲ့။ သူတည်းမယ့် ဟော်တယ်ကို လိုက်ပို့ပေးပါ့မယ်” ဟု ပြောရင်း ဆူးငှက်ရှာပုံတော်ကို ရယ်ရယ်မောမော ပြောပြသည်။ ဤသို့ဖြင့် နောက်ရက်မနက်မှာ ဘူတာကြီးရှေ့၇၈လမ်းနှင့် လမ်း၃၀ထောင့်က ဟော်တယ်သို့ ကျွန်တော့်ကို ခေါ်သွားပြီး အရာရှိကြီးနှင့် တွေ့ပေး၏။ လမ်းမှာ ကျွန်တော့ကို သူတို့ ဆူးငှက်ရှာပုံတော် ကိစ္စအား အရာရှိကြီးကို မပြောဖို့ တောင်းပန်လိုက်သေး၏။
စည်သာလမ်းက သိန်းအောင်ကြီးကဖေးမှာ
———————————————–
ဟော်တယ်အခန်းတွင် အရာရှိကြီးတွေ့တော့ သူ့ကလောင်နံမည်ကို ပြောသည်း ကျွန်တော်သိတာပေါ့၊ မြန်မာ့ဓနမဂ္ဂဇင်းမှာ လစဉ်သူ့ဆောင်းပါးတွေပါသည်။ ဘဏ်လုပ်ငန်း ငွေလုပ်ငန်းအကြောင်း အများနားလည်အောင် စိတ်ဝင်စားအောင် ရေးသားသည့် ဆရာကြီးဖြစ်သည်။ မဂ္ဂဇင်းပါ ဆောင်းပါးများကို လူကြိုက်များလှသဖြင့် စုစည်းကာ စာအုပ်တွေလည်း ထုတ်သည်။ သူက ကျွန်တော့်ကို သူလတ်တလော ထုတ်ထားသည့် ဘဏ်လုပ်ငန်း ငွေလုပ်ငန်းဆိုင်ရာ ဆောင်းပါးပေါင်းချုပ်စာအုပ်ကိုလည်း စာပွဲပေါ် အထပ်လိုက်တင်ထားသည့်အထဲက တစ်အုပ်ထုတ်၍ ဘက်မှတ်ထိုး ပေးသည်။
ထို့နောက် သူက မန္တလေးသို့ ဘဏ်လုပ်ငန်းများ စစ်ဆေးအကြံပေးဖို့ ရောက်လာတာ ဖြစ်ကြောင်း၊ ဒီက ဘဏ်များက ရောက်တုန်းရောက်ခိုက် အခြားဘယ်များ သွားချင်ပါသလဲဟု ကြိုတင် မေးမြန်းတော့ အခြားသွားစရာမရှိပါ၊ ဆုူငှက်နဲ့ပဲ တွေ့ချင်ပါတယ်ဟု ပြောခဲ့ကြောင်း အစချီကာ “ကျွန်တော်က မြန်မာ့ဓနထဲမှာ ခင်ဗျားရေးတဲ့ မန္တလေး မျဉ်းဖြောင့်များ ကဏ္ဍကို အမြဲဖတ်တာဗျ။ ဒီတစ်ခေါက် မန္တလေးရောက်ရင် ခင်ဗျားရေးတဲ့ မြောက်ပြင် စည်သာ လမ်းက သိန်းအောင်ကြီးကဖေးကို ခင်ဗျားနဲ့ အတူထိုင်ရင်း စကားတွေ ပြောချင်တာဗျ၊ အဆင်ပြေရင် သွားကြရအောင်၊ ကားအဆင်သင့်ရှိပါတယ်” ဟု ပြောသည်။ သည်တော့ ကျွန်တော်က စည်သာလမ်းက သိန်းအောင်ကြီးကဖေးမှာ အခု မရှိတော့ကြောင်း၊ အိမ်နေရာပင် ရောင်းချသွားခဲ့ပုံရကြောင်း ပြောပြတော့ သူက အတော်စိတ်မကောင်းစွာ နှမြောတသ နေ၏။
စာမဖတ်ကြဘူးတဲ့
——————
ထိုစဉ် သူ့တပည့် ဘဏ်နေဂျာများက တံခါးခေါက်၍ ဝင်ခွင့်တောင်းကာ “ဆရာမှာထားတဲ့ စာပွဲလာပို့တာပါ” ဟု ဆိုပြီး အောက်က စတီးဘီးလုံးများနှင့် မှန်တင်ခုံပုံစံ စာပွဲအသစ်တစ်လုံးကို တွန်း၍ ဝင်လာသည်။ ထိုစဉ် အရာရှိကြီးက “ဟာဗျာ၊ ကျွန်တော်က လာတည်းတဲ့အခိုက် ကျွန်တော်က စာရေးချင်လို့ ဟော်တယ်ကို စာရေးစာပွဲလေး တစ်လုံး စီစဉ်ပေးခိုင်းထားပါလို့ ပြောတာဗျ၊ ခင်ဗျားတို့ကို စာပွအြသစ်ဝယ်ခိုင်းတာ မဟုတ်ပါဘူး၊ အလကား ပိုက်ဆံကုန်အောင်ဗျာ၊ ကျွန်တော့်မှာ အခုလို ဘီးလုံးကြီးနဲ့ စာပွဲလည်း မလိုပါဘူး၊ အခု အခန်းထဲမှာလည်း ဒီစာပွဲလေး ပါနေတော့ အဆင်ပြေပ်ပြီ၊ ခင်ဗျားတို့စာပွဲကြီး ပြန်ယူသွားကြပါ”ဟု ပြောလိုက်တော့ စာပွဲကို တွန်းပြီး ပြန်ထုတ် သွားကြ၏။
အရာရှိကြီးက “အဲ့ဒါသာကြည့်တော့ဗျာ၊ သူတို့မှာ ခေါက်ရိုးကျိုးနေတြာ၊ တကယ်ဆို မရှင်းရင် ပြန်မေးကြပေါ့၊ အခုတော့ မဟုတ်ကြတော့ဘူးဗျ၊ လုကြီးဆို ဖော်လံဖားဖို့ပဲ တတ်ကုန်ကြတော့တာ၊ အဓီက က စာမဖတ် ကြတော့တာဗျ၊ အခု ကြည့်လေ၊ ကျွန်တော့ဘေး ဒီစာပွဲအနား ဥဒဟို လာနေကြတာ၊ စာပွဲပေါ်မှာ ထပ်တင်ထားတဲ့ ကျွန်တော့်စာအုပ်ကို တစ်ယောက်တလေမှ ကိုင်မကြည့်ကြဘူး၊ မျက်နှာဖုံးမှာ ခေါင်းစဉ်ကိုက ဘဏ်အကြောင်းလေဗျာ၊ ဒါကို ဘဏ်က လူတွေက စိတ်မဝင်စားကြတာ ကြည့်တော့၊ သူတို့ ကိုင်မကြည့်တော့လည်း ကျွန်တော်က စာအုပ် လက်ဆောင် ပေးဖို့ သက်သာတာပေါ့” ဟု ပြောရင်း သူနှင့် ကျွန်တော် စာအကြောင်း ပေအကြောင်းတွေ တဝကြီး ပြောဖြစ် ကြသည်။
ဝန်ကြီးချုပ် လာတော့
———————-
ကိုင်း.. ကျွန်တော့် ရပ်ကွက်လေးအကြောင်း ပြောပါဦးမည်။ တစ်လောကပဲ မန္တလေးသို့ ဝန်ကြီးချုပ် လာသွာသည်။ ကျွန်တော်က ဦးတက်တိုးမှာထားသည့်အတိုင်း ထူးခြာလျှင် သူ့ပီအက်အိုက ဆက်သွယ်ပြောကြားဖို့ လမ်းကြောင်း ပေးထားပါသည်ဆိုတော့ တစ်စုံတစ်ရာ ကြားရဖို့ရှိတာကို မျှော်လင့်နေမိသည်။ ထင်သည့်အတိုင်းပါပဲ။ ဦးတက်တိုး ပေးခဲ့သည့် လမ်းကြောင်းက ပီအက်အိုက သူနှင့် တစ်ပတ်ထဲ ဆင်းဖက် ရုံးကြီးတစ်ရုံးက ဌာနမှူးကို ဆက်သွယ်သည်။ ဌာနမှူးက သူ့တို့ရုံးရှိ ကျွန်တော်နှင့် ညီအစ်ကိုလိုနေသော အင်ဂျင်နီယာလေးကို အချက်အလက်တွေ ပြောပြသည်။ ထိူဌာနမှူးက အင်ဂျင်နီယာလေးနှင့် ကျွန်တော်တို့ ညီအစ်ကို ဆရာတပည့်ပမာ ဆက်ဆံရေးကို အစောကြီးကတည်းက သိထားလို့ ယဲုကြည်စိတ်ချစွာ သတင်းပေးခြင်း ဖြစ်သည်။
ထိုနေ့က မန္တလေးရောက်တော့ လမ်းကြောင်းများအပြီး နန်းတွင်းမှာ ဝန်ကြီးချုပ်က က.ထ.စ မှူး နှင့် တိုင်းမှူးအပါအဝင် စစ်ဘက်နယ်ဘက် တာဝန်ရှိသူများနှင့် အစည်းအဝေးလုပ်သတဲ့၊ အစည်းအဝေးပြီးတာနှင့် ခရီးဆက်ရန် ကျောက်တိုင်ကွင်းမှာ ရဟတ်ယဉ်ကလည်း အဆင်သင့် စောင့်နေသတဲ့။ အစည်းအဝေးမှာ အစီအစဉ်အတိုင်း စည်းဝေးပြီးတော့ ပြန်ရန် ပြင်ဆင်ရင်း တိုင်းမှူးကို ဝန်ကြီးချုပ်က “နေပါဦး၊ ကို(…..) ခင်ဗျားတို့ သရက်ကုန်းရပ်ကွက်က ဘာဖြစ်ကြတာလဲ” ဟုမေးတော့ တိုင်းမှူးက မဖြေနိုင်ခင် ဝန်ကြီးချုပ်က ခ.ယ.က ဥက္ကဋ္ဌဘက် လှည့်ပြီး “ကို(…..) ခင်ဗျားသိတယ်၊ ဘာဖြစ်တာလဲ၊ ပြောပါ” ဆိုပြန်တော့ ခ.ယ.က ဥက္ကဋ္ဌ က ခေါင်းငုံ့နေသော က.ထ.စ မှူးကို မဝံ့မရဲ လှမ်းကြည့်သတဲ့။
ရပ်ကွက်နေ ပြည်သူလူထု အကျိုးတဲ့
—————————————-
က.စ.ထ မှူးက ခေါင်းငုံ့ပြီး စာဖတ်သလိုလုပ်နေလို့ ခ.ယ.က ဥက္ကဋ္ဌက ပြောဖို့ တွန့်နေချန်တွင် ဝန်ကြီးချုပ်က “ ခင်ဗျားတို့ ရပ်ကွက်နေ ပြည်သူလူထု အကျိုးကို မထိခိုက်ပါစေနဲ့၊ သူတို့ ဘဝ ပျက်စီးစေတာမျိုး မဖြစ်ပါစေနဲ့၊ အဲ့ဒါ ကျွန်တော် မှာခဲ့မယ်” ဟု ပြောသတဲ့။
ထို့နောက် အစည်းအဝေးခန်းက ရဟတ်ယာဉ်ကွင်းသွားကာ ရဟတ်ယာဉ်ပေါ် မတက်မီ တိုင်းမှူးက နှုတ်ဆက်တော့လည်း “ကို(…..) ကျွန်တော် လက်နဲ့ရေးတာ ခြေနဲ့ ဖျက်တာမျိုး မဖြစ်ပါစေနဲ့” ဟု ပြောသွားသည်ဟူသော သတင်းကို အင်ဂျင်နီယာလေးကတဆင့် ကျွန်တော့်ထံ ပို့လိုက်သည်။ ထို့ပြင် ပီအက်အိုက “ သရက်ကုန်းကိစ္စကို တိုင်းမှူးဆီလည်း သူသိထားအောင် စာတင်ထားပါ” ဟု လည်း မှာလိုက်သည် ဟု ဆိုသည်။
ကိုင်း.. နောက်ဆက်တွဲ ဘာဖြစ်ဦးမလဲလေ။
သည်ရပ်ကွက် ပြဿနာနှင့် ဆိုင်မဆိုင်တော့ မသိ။
—————————————————-
ဝန်ကြီးချုပ် ပြန်သွားပြီးနောက် ရပ်ကွက်လေးအတွင်းမှာတော့ ထွေထွေထူးထူး သတင်းမကြားရသော်လည်း ကျွန်တော်တို့ကို ရုံး အစည်းအဝေးခန်းထဲမှာ ကျူးကျော်တွေ ် ဒီကအပြန်မှာကို ချက်ချင်းဖျက်၊ တိုင်းမှူးတောင် မသိတဲ့ နိုင်ငံတော်စီမံကိန်းဟု ပြောဆိုခဲ့သည့် ဥက္ကဋ္ဌကတော့ တာဝန်က အနားပေးခံရသတဲ့။ ထို့အတူ မြေစာရင်းဌာနက တာဝန်ရှိသူလည်း အပြောင်းအရွှေ့တဲ့။ ဒါ့အပြင် တ.ယ.က က ရာထူးကြီး တစ်ယောက်လည်း နားရသတဲ့ ဆိုသော သတင်းတွေတော့ ကြားရသည်။ ထိုပုဂ္ဂိုလ် က မန္တလေးလာရောက်သည့် ကတော်ကြီးတိုင်းအတွက် ရပေါက်ရလမ်းများ ပြသကာ ရွှေဆိုင် စိန်ဆိုင် ပန်းထိမ်ဖိုများအထိ ဝယ်ယူရောင်းချ အပ်နှံပေးရသူဖြစ်ကြောင်း ဦးတက်တိုးက “ ငါ့ဆီမှာ ပန်းထိမ်ဘောင်ချာတွေ၊ စိန်ဆိုင် ဘောင်ချာတွေက အစရှိတယ်” ဟု ပြောပြဖူးသည်။ သူတို့အားလုံး ကိစ္စက သည်ရပ်ကွက် ပြဿနာနှင့် ဆိုင်မဆိုင်တော့ မသိ။
ကျွန်တော်ကတော့ သည်လိုဖြစ်ရုံနှင့် လုံးဝ ကင်းလွတ် စိတ်ချရပြီဟု မဆိုသာ။
ဆူးငှက်
