စစ်ကိုင်း ဧမြဇေယျာချောင်က လက်ထောက်သီလရှင်ကို ဆွဲထုတ်ခံရတဲ့ကိစ္စ သတင်းစာရှင်းလင်း

စစ်ကိုင်း အောက်တိုဘာ ၂၈၊ ၂၀၁၈
တာရာ

စစ်ကိုင်းမြို့၊ပါရမီရပ်ကွက် ဧမြဇေယျာချောင်မှ ချောင်လက်ထောက်သီလရှင်ဆရာကြီးကို ကျောင်းတိုက် အတွင်းက ဆွဲနှင်ထုတ်ခြင်းခံရတဲ့ ကိစ္စနှင့်ပက်သတ်ပြီး ဒီနေ့ နံနက်ပိုင်းက ထိုကျောင်းတိုက်မျက်နှာခြင်းဆိုင်နေအိမ်မှာ ဆွေမျိုးတော်စပ်သူတွေက သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပါတယ်။

ဧမြဇေယျာချောင်၊ဝိမလာရာမတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ဆရာကြီး ဒေါ်ကေသာဝတီ နဲ့ ကျန်းမာရေးမကောင်းမွန်တဲ့ အသက်၉၀ကျော်အရွယ် ၎င်းရဲ့ဖခင် တို့ကို ယခုလ ၂၅ရက်နေ့က ထိုကျောင်းအားပိုင်ဆိုင်သူဟုဆိုတဲ့ သီလရှင်ဆရာကြီး ဒေါ်သီတလကာမီနဲ့ အဖွဲ့က ကျောင်းတိုက်အတွင်းနေထိုင်ခြင်းမရှိစေရန် ဆွဲနှင်ထုတ်ခြင်းများ လုပ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

“ဒီကျောင်းတိုက်လွှဲပြောင်းခြင်းစာချုပ်မှာ လက်မှတ်အတုထိုးပြီး ရယူထားတာကိုလည်း အဆင့်ဆင့်ကိုတင်ပြထားပါတယ်၊ဆရာကြီး ဒေါ်သီတလကာမီ အရင်က ဒီမှာ တရက်မှာလည်း မနေဘူး၊ဝါလည်း မဆိုဖူးဘူး၊ဆရာလေးရဲ့အမကိုကျောင်းတိုက်က နှင်ထုတ်လို့မရပါဘူး။ နိုင်ငံတော်သံဃာ့နာယက ၄၇ပါးဆုံးဖြတ်ချက်အရ ဧမြဇေယျာချောင်မှာ ဒေါ်ကေသာဝတီကို ရာသက်ပန် သီတင်းသုံးခွင့်ရှိသည်လို့ ဆုံးဖြတ်ထားပြီးသားပါ။ ခုလိုဆွဲနှင်ထုတ်ခြင်းခံရတာက ကျောင်းတိုက်ရဲ့စည်းကမ်းကိုမလိုက်နာလို့တဲ့။ ဆရာလေးရဲ့အဖေနေထိုင်တဲ့အဆောင်လေးဟာ မိုးမလုံပါဘူး။ အဆောင်ကိုခွင့်ပြုချက်မရှိဘဲ အမိုးမိုးလို့ဆိုပြီး ဆရာလေးအမနဲ့ အဖေကိုကျောင်းတိုက်က နှင်ထုတ်တာပါ။ အခု အမနဲ့အဖေမှာနေစရာမရှိပါဘူး။ ပစ္စည်းတွေကျောင်းရှေ့မှာ ပုံထားရပါတယ်။ ကျောင်းဘေးနားက ဒကာမတစ်ဦးဆီမှာ ခေတ္တနေနေရပါတယ် ။ သာသနအနွယ်ဝင်တွေဖြစ်ပြီး ခုလိုလူမဆန်စွာ အုပ်စုဖွဲ့ ဝိုင်းဝန်းဆွဲနှင်ထုတ်ခြင်းခံရတာ ဝမ်းနည်းမိပါတယ်။”ဟု ဆွဲထုတ်နှင်ခြင်းခံခဲ့တဲ့ ဧမြဇေယျာချောင် လက်ထောက်ဆရာကြီး၏ ညီမဖြစ်သူဆရာလေး ဒေါ်ကိန္ဒသိင်္ဂီက မိန့်ကြားပါတယ်။

ဧမြဇေယျာချောင်၊ ဝိမလာရာမကျောင်းတိုက် ပိုင်ဆိုင်မှုအငြင်းပွားမှုခင်းကိစ္စ၊ကျောင်းတိုက်လွှဲပြောင်းတဲ့စာချုပ်မှာအတုပြုလုပ်ထားတဲ့ စာချုပ်ဖြစ်ကြောင်းကို ဒေါ်ကေသာဝတီကနေ စစ်ကိုင်းမြို့နယ်၊သီလရှင်အမှုဆောင်အဖွဲ့ဥက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီး သီလရှင်အမှုဆောင်အဖွဲ့ ထံလျှောက်ထားကာ တိုင်းဒေသကြီး သာသနာရေးမှူးရုံး၊သာသနာရေးနှင့်ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံတော်သမ္မတတို့ထံ အောက်တိုဘာလ ၁ ရက်နေ့က တင်ပြထားကြောင်း သိရပါတယ်။

ဆွဲနှင်ထုတ်ခြင်းခံခဲ့ရတဲ့ ဆရာကြီး ဒေါ်ကေသာဝတီဟာ ဧမြဇေယျာချောင်မှာ ၈နှစ်သမီးကနေ စတင်ပြီး ကျောင်းထိုင်ဖြစ်သော သီလရှင်ဆရာကြီး ဒေါ်ဝိမလဥာဏီ နဲ့ အတူသီတင်းသုံးနေထိုင်ခဲ့ကြောင်း သိရပါတယ်။

၂၀၁၃ခုနှစ်မှာ ဆရာကြီးဒေါ်ဝိမလဥာဏီ ကွယ်လွန်တဲ့နောက် ဧမြဇေယျာချောင်မှာ တစ်ဝါမှ ဝါမဆိုခဲ့ဘူးတဲ့ သီလရှင်ဆရာကြီး ဒေါ်သီတလကာမီ က ကျောင်းတိုက်အားလွှဲပြောင်းပေးအပ်တဲ့စာချုပ်နဲ့ကျောင်းတိုက်အားပိုင်ဆိုင်ကြောင်း ပြောဆိုပြီး ဧမြဇေယျာချောင်မှာ သီတင်းသုံးနေထိုင်တဲ့ သီလ ရှင်ဆရာလေးများအား ကျောင်းတိုက်မှ ထွက်ခွာခိုင်းခဲ့ကြောင်း ဆရာလေး ဒေါ်ကိန္ဒသိင်္ဂီက မိန့်ကြားပါတယ်။

ပြဿနာတက်တဲ့ကျောင်းက ဒေါ်သီတလကာမီကို သွားရောက်မေးမြန်းပေမယ့် ကျောင်းဝန်းတံခါး ပိတ်ထားပြီး ဝင်ခွင့်မရတဲ့အတွက် မေးမြန်းလို့ မရဖြစ်နေပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW