ကွန်ဂိုမှာ အီဘိုလာရောဂါကြောင့် လူ ၂၀၀ ကျော်သေဆုံး၊ အခြားနိုင်ငံများသို့ ကူးစက်မှာကို စိုးရိမ်နေရ

 

ကင်ရှာဆာ၊ နိုဝင်ဘာ-၁၂

မျိုးဆက် (VOM)

ကွန်ဂိုနိုင်ငံမှာ သြဂုတ်လကတည်းစတင်ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကြောင့် လူ ၂၀၀ ကျော်သေဆုံး ခဲ့တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုသေဆုံးတာတွေအပြင် လူပေါင်း ၃၀၀ ကျော်ဟာလည်း အီဘိုလာရောဂါ ဖြစ်ပွားနေတာတွေ သို့မဟုတ် ဖြစ်ပွားနိုင်ခြေရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောဆိုလိုက်ပြီး ကွန်ဂိုနိုင်ငံသမိုင်းမှာတော့ အဆိုးရွားဆုံး ဘေးဒုက္ခဖြစ်တယ်လို့ ဆိုပါတယ်။

အီဘိုလာရောဂါဖြစ်ပွားမှုဟာ ကွန်ဂိုနိုင်ငံရှိ အခြားပြည်နယ်တွေအပြင်  နယ်စပ်ချင်းထိစပ်နေတဲ့ အခြားနိုင်ငံတွေကို ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရယ်မြင့်မားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုပါတယ်။

ကွန်ဂိုနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူဂန်ဒါနိုင်ငံမှာလည်း အီဘိုလာဗိုင်းရပ်ကူးစက်ခံရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးတွေအပြင် ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို အလေးထားလုပ်ဆောင်နေပါတယ်။

ဒါပေမယ့် လေးလတာကာလအတွင်း အီဘိုလာဗိုင်းရပ် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်ကတော့ သိသိသာသာ တိုးတက်မှုရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်တဲ့ အီဘိုလာ ရောဂါဆိုင်ရာ အစီရင်ခံစာမှာ ပြောဆိုပါတယ်။

အီဘိုလာ ဗိုင်းရပ်ပိုးကို ၁၉၇၆ ခုနှစ်က ဗဟိုအာဖရိကတွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်နဲ့  ၂၀၀၁ ခုနှစ်တွေမှာ ယူဂန်ဒါနိုင်ငံမှာ လူ ၅၇၄ ဦး ရောဂါ ကူုးစက်ခံရပြီး ၂၆၁ ဦးသေဆုံးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာတော့ လစ်ဗျားနဲ့ ဂီနီတို့မှာ လူ ၂၈၀၀၀ ရောဂါကူစက်ခံရပြီး ၁၁၀၀၀ သေဆုံးခဲ့ပါတယ်။

Ref:UPI

Photo: AP

 

 

Related posts

Leave a Comment

VOM News

FREE
VIEW