စိန့်မာတင်ကျွန်းကို မြန်မာပိုင်အဖြစ် မြေပုံမှာဖော်ပြလို့ ဘင်္ဂလားဒေ့ရှ်ကန့်ကွက်

 

ဒါကာ၊ ဖေဖော်ဝါရီ-၁၅-၂၀၁၉

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စိန့်မာတင်ကျွန်းကို မြန်မာအစိုးရ ၀က်ဘ်ဆိုက်တစ်ခုမှာ မြန်မာနိုင်ငံပိုင်နက်အဖြစ် ဖော်ပြထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက် အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် M Delwar Hossain က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးအောင်ကျော်မိုးကို ဖေဖော်ဝါရီ ၁၄ ရက်က ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

 

အဆိုပါကျွန်းကို မြန်မာအစိုးရ တရားဝင် ၀က်ဘ်ဆိုက်မြေပုံတွေမှာ မြန်မာပိုင်ကျွန်းအဖြစ် ရည်ညွှန်းဖော်ပြထားလို့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ကန့်ကွက်ခဲ့ဖူးပြီး ဒီလိုမှားယွင်းဖော်ပြခဲ့တဲ့ ၀က်ဘ်ဆိုက်တွေကနေ ရည်ညွှန်းချက်တွေကို မြန်မာဘက်က ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ်။

 

ယခုတစ်ကြိမ်မှာတော့ မြန်မာအစိုးရရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနရဲ့ ပြည်သူ့အင်အား ဦးစီးဌာနရဲ့ ၀က်ဘ်ဆိုက်မှာ စိန့်မာတင်ကျွန်းကို မြန်မာပိုင်အဖြစ် ထပ်မံမှားယွင်း ဖော်ပြထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကန့်ကွက်လွှာကို မြန်မာသံရုံး ယာယီတာဝန်ခံ ဦးအောင်ကျော်မိုးထံပေးအပ်ခဲ့ပြီး ၎င်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သဘောထားကို မြန်မာအစိုးရထံ တင်ပြသွားဖို့ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာအခေါ် ရှင်မဖြူကျွန်းလို့ လူသိများတဲ့ စိန့်မာတင်ကျွန်းဟာ မြန်မာနိုင်ငံ အနောက်မြောက်ကမ်းရိုးတန်းရဲ့ အနောက်ဘက် ရှစ်ကီလိုမီတာအကွာမှာရှိပြီး ၁၉၃၇ ခုနှစ် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို အိန္ဒိယကနေ ခွဲထုတ်လိုက်ပြီးတဲ့နောက် စိန့်မာတင်ကျွန်းဟာ ဗြိတိသျှ – အိန္ဒိယရဲ့ အစိတ်အပိုင်းတခုဖြစ်ခဲ့ပါတယ်။

၁၉၇၁ ခုနှစ်မှာတေ့ ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ် ခွဲထွက်ပြီးတဲ့နောက် ၁၉၇၄ ခုနှစ်မှာ စိန့်မာတင်ကျွန်းဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အစိတ်အပိုင်းဖြစ်သွားခဲ့ပြီး ၂၀၁၂ ခုနှစ်က မြန်မာနဲ့ ရေပိုင်နက်အငြင်းပွားခဲ့ရာ နိုင်ငံတကာ ပင်လယ်ပြင်ဥပဒေခုံရုံးက အဆိုပါကျွန်းကို ဘင်္ဂလားဒေ့ရှ်ပိုင်အဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။

Ref & Photo : Dhaka Tribine

Related posts

Leave a Comment

VOM News

FREE
VIEW