ရာဇဂြိုဟ်ဆည်ရေ ခမ်းခြောက် ဆည်ရေမှီခိုသူတွေ အခက်ခဲဖြစ်

ကလေး မတ် ၃၁-၂၀၁၉

မိုင်ချယ်ရီ (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ ရာဇဂြိုဟ်ဆည်ဟာ ခမ်းခြောက်ပြီး တချို့နေရာတွေမှာ ရေမရှိလို့ မြေကြီးတွေ ပက်ကြားအက်တွေဖြစ်ပေါ်နေပါတယ်။

ဆည်ထဲက ရေ မရှိလို့ ဆည်ရေမြောင်းထဲကို ရေမလွှတ်နိုင်တာကြောင့် ရေမြောင်းဘေးနေ ပြည်သူတွေ အခက်အခဲတွေ့နေတာနဲ့ ပတ်သက်လို့ ရာဇဂြိုဟ် ကျေးရွာက ဦးအောင်ကျော် က

“ဆည်မြောင်းက ရေမလာတော့ ထမင်းချက်ဖို့ ရေလေးတောင် ၀ယ်သုံးနေရတယ်။ စိုက်ပျိုးရေ အတွက်တော့ ပြောမနေနဲ့တော့။ နွေရာသီ မြောင်းထဲကို ဆည်ရေမလွှတ်နိုင်ဘူးဆိုရင်တော့ ၀ယ်သုံးရတော့မှာပေါ့” လို့ ပြောပါတယ်။

 

ဒီလိုဖြစ်တာဟာ သိုလှောင်ရေကို လျော့ချလိုက်တာကြောင့် ဆည်ရေခမ်းခြောက်ရတာ ဖြစ်တယ်လို့ ရာဇဂြိုဟ်ဆည်တာဝန်ခံ ဦးမျိုးထွန်း က ပြောပါတယ်။

“ရေလျော့ထားတယ်ဆိုတာ ရေ၀င်ပေါက် ကို နည်းနည်းလေး ပြုပြင်နေတာ။ ဘာလို့ဆို မိုးစပါး နဲ့ လျှပ်စစ် တစ်နှစ်ပတ်လုံးကောင်းကောင်းပေးနိုင်အောင် ရေ၀င်ပေါက်လေး ပြုပြင်နေလို့ပါ”

ဆည်ရေ လျော့ချခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းထဲက စတင်ပြုလုပ်နေတာဖြစ်ပြီး မတ်လ ကုန်ပိုင်းမှာတော့ ဆည်ထဲမှာ ရေ အနည်းငယ်သာ ကျန်ရှိပါတော့တယ်။ ဒီလို ပြုလုပ်ရတဲ့ အကြောင်းကတော့ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ဆည်ကနေ ရေ၀င်တဲ့ ရေပေါက်နေရာမှာ နုန်း ထု ပိတ်ပြီး လျှပ်စစ်အပြည့်အ၀ မထုတ်လုပ်နိုင်တာကြောင့် ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် ဆည်ထဲကို ချောင်းရေကနေ ရေ၀င်ရောက်မှု နည်းတဲ့ကာလမှာ ဆည်ထဲကရေကို ထုတ်ပြီး နုန်းဆည်တဲ့လုပ်ငန်းလုပ်ကိုင် နေတာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ဧပြီလ ကုန်ပိုင်းအထိ ဆက်လုပ်သွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ရာဇဂြိုဟ်ဆည် ကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆည်ထဲကို နုန်းပို့ချမှု များနေတာကြောင့် ဆည်ဖွင့်ပွဲပြီးကတည်းက စိုက်ပျိုးရေအတွက် ဆည်ရေကို လုံလောက်အောင် မပေးနိုင်တာ လျှပ်စစ်မီး အပြည့်အ၀ မထုတ်လုပ်နိုင်တာတွေ ကြုံနေရတာကြောင့် ဒီနှစ်နွေရာသီမှာ ဆည်ကို ပြုပြင်တဲ့ လုပ်ငန်းတစ်ချို့ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ရာဇဂြိုဟ်ဆည်ဟာ ဆိုရင် နေရဉ္စရာချောင်းဖျားကို ပိတ်ပြီး တည်ဆောက်ထားတာဖြစ်ပြီး အဲဒီချောင်းဟာဆိုရင် ချင်းပြည်နယ် တွန်းဇံမြို့နယ်ကနေ မြစ်ဖျားခံ စီးဆင်းတာဖြစ်လို့ မိုးရာသီကာလ ချင်းတောင်ပေါ်မှာ မိုးများပြီး ရေနဲ့ အတူ မျောပါလာတဲ့ ဒိုက်တွေ အမှိုက်တွေ နုန်းတွေက ဆည်ထဲကို ၀င်ရောက်နေတာ ဖြစ်ပါတယ်။

#voiceofmyanmar #ကလေး #ရာဇဂြိဟ်ဆည် #ဆည်ရေခမ်းလို့အခက်ခဲဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW