ကချင်ပြည်နယ်ခေါင်လံဖူးမှာ မဲရုံတာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေရဲ့အခက်အခဲ

အောက်တိုဘာ ၂၇-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်က ဝေးလံခေါင်ဖျားတဲ့ ခေါင်လန်ဖူးမြို့နယ်၊ ထရီဝမ်ခေါင်မဲရုံးမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်း ၅ ဦး ပူတာအို – ခေါင်လန်ဖူးကြားမှာ လမ်းပြို ၊ ကားပျက်ပြီး ဒုက္ခရောက်နေတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့နေတာဖြစ်ပါတယ်။

အခုလို မဲရုံတွေမှာတာဝန်ကျနေတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး တွေ့ကြုံနေရတာကို အကြောင်းစုံသိရဖို့ ခေါင်လန်ဖူးမြို့နယ် ပညာရေးမှူး ဦးစိုးနီ ကို ဖုန်းနဲ့ဆက်သွယ်ပြီး မေးမြန်းထားပါတယ်။

VOM – ခေါင်လန်ဖူးမြို့နယ်၊ ထရီဝမ်ခေါင်မဲရုံမှာ တာဝန်ကျတဲ့ ဆရာ/ဆရာမ ၅ ဦး ကားလမ်းပြို၊ ကားပျက်ပြီး ရက်အတန်ကြာ အခက်အခဲဖြစ်နေကြတယ်လို့ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီက အခြေအနေလေး ပြောပေးပါအုန်းဆရာ။
ဆရာဦးစိုးနီ – အဲ့ဒီဟာကလေ လိုင်းပေါ်မှာတင်တာက သတင်းအမှားဖြစ်နေတယ်။ ဖြစ်တာက ဆွမ်ပရာဘွမ်နဲ့ ပူနာအိုကြားက ပြိုတဲ့နေရာကို ရိုက်ပြီး သတင်းအမှားလွှင့်တာ၊ ဒုရဲအုပ်အာကာအောင်လား၊ အာကာမောင်လား မသိဘူး အဲ့အကောင့်ကနေပြီးတော့ ၊ အခု တပ်က တပ်ရင်းမှူးကနေ မြိုနယ်ရဲမှူးကို စုံစမ်းခိုင်းတယ်။ သတင်းအမှားဖြစ်တဲ့အကြောင်း ခိုင်လုံးအောင် အထောက်အထား ဆိုပြီးမှ၊ အဲ့ဒါက သတင်းအမှားပဲဖြစ်တယ်။

VOM – လက်ရှိမှာ အဲ့ဒီဆရာမတွေ အခြေအနေက ဘယ်လိုရှိသလဲ။
ဆရာဦးစိုးနီ – ဆရာမလေးတွေက ၄ ယောက်၊ ၅ ယောက် မဟုတ်ဘူး၊ အမှန်မှာက ဆရာ ၁ ယောက်နဲ့ ဆရာမ ၃ ယောက်။ အဲ့ဒီဆရာ/ဆရာမ ၄ ယောက်က ကျန်းမာရေးမကောင်းလို့ ကျွန်တော်က မတက်နဲ့တော့ တောင်ကအတက်ကြမ်းတယ်ဆိုတဲ့အခါကျတော့ သူတို့သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးကုပြီးတော့မှ သက်သာပြီ အဲ့ဒါနဲ့ မတက်တာပါ။ သူတို့ကိုတော့ပြန်လှည့်ခိုင်းလိုက်တယ် အခြေအနေမကောင်းဘူး၊ တောင်ကြမ်းတယ်ဆိုပြီးတော့မှ တောင်တက်ကြမ်းတယ်မတက်နဲ့တော့ ဒီမှာအစားထိုးလိုက်တော့မယ် ဆိုပြီးမှ ခုနပဲ သူတို့ဆီကို ဖုန်းဆက်တယ်။

VOM – သူတို့က မြစ်ကြီးနားကို ပြန်သွားပြီလား။
ဆရာဦးစိုးနီ – မပြန်သေးဘူး ၊ ကောင်းကောင်းနေကောင်းမှပဲ ပြန်လိုက်ပါလို့ မနက်ဖြန်ဆို ပြန်ဖြစ်မယ်ထင်တယ်၊ ပူတာအိုကိုပြန်မှာ သူတို့ကို မတက်နဲ့တော့လို့ ခေါင်လန်ဖူးမှာနော။

VOM – သူတို့က အခု ဘယ်မှာ ဆေးကုနေလည်းဗျ၊ အခြေအနေကရောဘယ်လိုလဲ။
ဆရာဦးစိုးနီ – ရိန်ဒန်းမှာ ခင်ဗျ ၊ နေမကောင်းလို့ အဲ့ဒီမှာ သောင်တင်နေတာပေါ့ ဆေးကုနေတယ်။ သက်သာသွားပြီ။ အဲ့ဒါက ခေါင်လန်ဖူးမြို့နယ်၊ ခေါင်လန်ဖူးနဲ့ ၂၁ မိုင် ဝေးတယ်၊ အဲ့ဒီကနေ စပြီးမှ ခြေကျင်နဲ့ သွားရတယ်လေ။

VOM – သူတို့နေရာကို အစားထိုးမယ့် မဲရုံစောင့် ဆရာ/ဆရာမတွေ ကိစ္စကိုရော ဘယ်လိုစီစဉ်ထားသလဲ။
ဆရာဦးစိုးနီ – အဆင်ပြေတယ် ဒီမှာ အရံတွေရှိတယ်၊ အရံတွေကိုအစားထိုးပေးလိုက်တယ်၊ အရံတွေက ဒီမှာရောက်နေတယ် ၊ အဲ့ဒါနဲ့ပဲ ကော်မရှင်ကို စာရင်းပေးလိုက်တယ်။ ကော်မရှင်က စီစဉ်ပြီးပါပြီ အဆင်ပြေပါတယ်။ မဲရုံကိစ္စကတော့ မနက်ကမှ ကျွန်တော်တို့က ရာသီဥတုအခြေအနေကြောင့်နဲ့ ရဟတ်ယာဉ်က မနက်က ရောက်ပြီးမှ အကုန်လုံးတော့ အဆင်ပြေသွားပြီ၊ မဲရုံကိစ္စတွေက မဲပုံးရော ဘာရော အကုန်လုံးစုံသွားပါပြီ၊ မြို့နယ်ကော်မရှင်ရုံးခွဲမှာ ရောက်ပြီ။ ရဟတ်ယာဉ်နဲ့ ၂ ခါ သယ်တယ်။

VOM – မဲရုံဝန်ထမ်း ဆရာ/ ဆရာမတွေအတွက် ဘာတွေလိုအပ်နေသေးလဲ။
ဆရာဦးစိုးနီ – တာဝန်ထမ်းဆောင်တဲ့ ဆရာ/ဆရာမတွေအတွက်က အခက်အခဲတွေရှိတာပေါ့၊ သူတို့ သွားတဲ့လာတဲ့အခါမှာ ဒီမှာက နယ်မြေကဝေးတော့ ကယ်ရီခတို့ဘာတို့ မတန်တဆ ပေးရတာတွေရှိတယ်။ မဲရုံ ၃၆ ရုံမှာ ပညာရေးဝန်ထမ်း တစ်ရုံကို ၁၁ ယောက် တာဝန်ပေးထားတော့ ၃၇၀ ကျော်ရှိမယ်။ ခေါင်လန်ဖူးမြို့နယ်ရဲ့ ဒေသခံကတော့ ၁၂၀ လောက်ပဲရှိတယ်။ ကျန်တဲ့ဟာက အောက်ပြည်ကလာတဲ့ ဆရာ/ ဆရာမတွေများတယ်၊ သူတို့သွားတဲ့လာတဲ့အခါ ခရီးစရိတ်တွေက ကယ်ရီခတွေ ဘာတွေက လားတွေ ဘာတွေငှားရတဲ့အခါ၊ အထမ်းသမားငှားရတဲ့အခါ အကုန်အကျက မြေပြန့်ရဲ့ ကုန်ကျစရိတ်ထက် ပိုများနေတယ်၊ အဲ့ဒီအခက်အခဲလေးတွေ ရှိတယ်။ သို့သော်လည်း ကော်မရှင်ကတော့ အဲ့ဒီခရီးစရိတ်ခံပေးမယ်လို့ အာမခံပေးတယ်ပေါ့နော။ အဲ့ဒါကို အပြည့်အဝရဖို့ သူတို့ရမှ ဖြစ်မှာ ဒါကိုတော့ တင်ပြထားတယ်။

VOM – သူတု့ိ သွားစရိတ်၊ လာစရိတ်တွေက ဘယ်လောက်လောက်ကုန်ကျနေလို့လဲဗျ။
ဆရာဦးစိုးနီ – တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး၊ သူတို့က တစ်သိန်း၊ တစ်သိန်းခွဲ တရုတ်နယ်စပ်လောက်ဆို နှစ်သိန်းလောက်ကုန်မှာ ရှိန်းခေါင်တို့ဘာတို့ဘက်ဆိုရင်။

VOM – စရိတ်က တစ်သိန်းလောက်ကုန်တယ်ဆိုတော့ ဘယ်လိုလုပ်နေရသလဲ ။ သူတို့ စိုက်ပြီး ကြိုကုန်ထားကြတာမျိုးရှိသလား ဘယ်လိုဖြေရှင်နေရသလဲ
ဆရာဦးစိုးနီ – ကြိုပြီးတော့ ကုန်ထားတာကတော့ အဲ့ဒါကတော့ သူတို့ဦးရေနဲ့ ကိုက်ပြီးတော့မှ တင်ပြမှာ၊ ကုန်ထားတာရှိတယ်ဆိုတာက တချို့က အရှေ့ရွာကနေ အနောက်ရွာကိုတာဝန်ကျတာတွေရှိတယ်။ အခု မြို့နယ်ရုံးမှာပဲ စုထားတယ်။ မနက်ဖြန်မှသွားကြမှာ အသုတ်လိုက် ရပ်ကျေးကော်မရှင်တွေနဲ့ သွားခိုင်းမှာ ရောက်တဲ့ဟာတွေကတော့ ဘယ်လောက်ဆိုတာ စာရင်းမကောက်ရသေးဘူး ကြိုကုန်တာပေါ့နော၊ ကြိုတင်ပြီးမှ ကုန်တဲ့အဖွဲ့တွေရှိတယ်။ တချို့ကတော့ အခုသွားမှ ကုန်မယ့်ဟာတွေရှိတယ်။ အပြန်စရိတ်ရှိအုန်းမယ် အဲ့ဒီမှာနော။

VOM – ရွေးကောက်ပွဲကော်မရှင်ဘက်က ခရီးစရိတ်အပါအဝင် ဆေးဝါးကအစ တစ်ခါတည်း စီစဉ်ပေးလိုက်တာ မရှိဘူးလား။
ဆရာဦးစိုးနီ – အဲ့ဒါ အဲ့ဒါပဲ သူတို့ခံစားခွင့်တွေကိုတော့ အပြည့်အဝရမှ အဆင်ပြေမှာ၊ တချို့က မိသားစုအဆင်မပြေတဲ့ ဆရာ/ဆရာမတွေပါတယ်။ အဲ့ဒါကို တင်ပြချင်တာပါနော။ ကြိုပြီးတော့ဆိုတာက သင်တန်းတက်တဲ့ဟာကတော့ ပေးထားပြီးပြီ၊ သင်တန်းက မဲရုံမှူးဆိုရင်တော့ ၃ ရက်ပေါ့နော် ၃ သောင်း။ ဒုမဲရုံမှူးက ၈ ထောင် တစ်ရက်ကို ၃ ရက်ဆိုတော့ ၂ သောင်း ၄ ထောင် ၊ နောက်ပြီးစာရင်းစစ်ဆေးတဲ့သူက တစ်ရက်ကို ၆ ထောင် ၃ ရက်ဆိုတော့၁ သောင်း ၈ ထောင် အဲ့ဒါတော့ ထုတ်ထားပေးပြီးပြီ။ ခရီးစရိတ်အတွက်ကတော့ ကြိုပြီးမှ မလုပ်ပေးဘူးဆရာ၊ ဒါ ပြီးမှပဲ လုပ်ပေးမယ်တဲ့ ထုတ်ပေးမယ်တဲ့ အဲ့လိုအစီအစဉ်တော့ ရှိတယ်ဆိုတော့ ထုတ်ပေးမယ်ဆိုရင်တော့ ကိစ္စမရှိဘူး။ မထုတ်ပေးခဲ့သော်ဆိုမှ တချို့ဆရာ/ဆရာမတွေက စိုးရိမ်နေကြတာလေ။ အကုန်အကျတွေက များတဲ့အခါကျတော့ ဒုက္ခနည်းနည်းရောက်တော့မှာပေါ့နော၊ တချို့အဆင်မပြေတဲ့ ဝန်ထမ်းတွေရှိတယ် အဲ့ဒါကို စိုးရိမ်နေကြတာပါ။

VOM – ကိုဗစ် – ၁၉ ကာကွယ်ရေးကာလဆိုတော့ မဲရုံဝန်ထမ်းတွေရော မဲပေးမယ့်သူတွေအတွက်ရော ဘယ်လိုစီစဉ်ဆောင်ရွက်ထာသလဲ။
ဆရာဦးစိုးနီ – မဲရုံတစ်ရုံမှာ အပူတိုင်းကိရိယာတစ်ခုစီပေါ့၊ မဲရုံက ၃၆ ရုံရှိတယ် တစ်မြို့နယ်လုံးမှာ၊ ပညာရေးဝန်ကြီးဌာနက ထောက်ပံ့တဲ့ အပူတိုင်းကိရိယာတွေရှိတယ်၊ ကျွန်တော်တို့မြို့နယ်မှာ ပေးထားတာရှိတယ်။ ဆိုတော့ မဲရုံတစ်ရုံမှာ ကိရိယာ တစ်ခုစီပေါ့နော်၊ အပူချိန်တိုင်းဖို့လည်း မဲရုံတစ်ရုံှမှာ တစ်ဦးစီခန့်ထားတယ်၊ မဲရုံမှူးတွေရော ၊ မဲဆန္ဒရှင်တွေအတွက်ရော Mask တို့ဘာတို့ပေါ့၊ ကော်မရှင်နဲ့ပူးပေါင်းပြီး အကုန်စီစဉ်ထားတယ်။ ရဟတ်ယာဉ်နဲ့ လာပို့တယ် မနေ့ကတော့ ကိရိယာတွေ စုံသွားပြီ။ မဲပုံးတွေရော။

VOM – အဲ့ဒီမှာ Covid-19 နဲ့ ပတ်သက်ပြီး ကွာရန်တင်း ဝင်နေရသူရှိလား သူတို့အတွက်ရော ဘာတွေလုပ်ထားသလဲ။
ဆရာဦးစိုးနီ – အခုလောလောဆယ် ကွာရန်တင်းဝင်နေရသူ မရှိဘူး ဒီမှာတော့လေ။ တစ်မြို့နယ်လုံးမှာ ဘယ်သူမှ မရှိဘူး။ နယ်စပ်ဒေသဆိုတော့ ကိရိယာမစုံတာလည်းပါ ရောဂါပိုးတွေ့တာလည်း မရှိဘူး Quarantine ဝင်နေရသူတို့ ဘာတို့တော့ မရှိဘူး။

VOM – ဆရာ့အနေနဲ့ အခုလိုကိစ္စတွေနဲ့ပတ်သက်ပြီး ဘာများဖြည့်ပြောစရာရှိပါသလဲ။
ဆရာဦးစိုးနီ – တချို့ဆရာ ဆရာမတွေကျတော့ လမ်းက အခက်အခဲတွေကို တင်ကြတဲ့အခါကျတော့ ခုနကလို တခြားသူကတစ်ဆင့်တင်တဲ့အခါကျတော့ သတင်းအမှားတွေပေါ့လေ အဲ့ဒါ အမှန်မဟုတ်ဘူး၊ နောက်မှာတော့ အဲ့ဒါမျိုး မလုပ်သင့်တဲ့အကြောင်းပေါ့၊ ကျွန်တော် မနက်ဖြန်မှာ ဒီမှာ တာဝန်ကျတဲ့ ဆရာ/ဆရာမတွေဆီ ပြောပြရမယ်၊ ဆရာတို့အနေနဲ့လည်း ကြုံလျှင် ကြုံသလို တစ်ဖက်မှာလည်း ပြောပေးကြပါနော။

Photo – Teacher’s voice
#voiceofmyanmar #VOM #ကချင် #မဲရုံတာဝန်ကျ #ဆရာဆရာမအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW