ကိုဗစ်နိုင်တင်းတွန်းလှန်ရေးခြေလှမ်းသစ်

လန်ဒန်-ဇန်နဝါရီ -၁-၂၀၂၁

တင်ထားဆွေ

 

၂၀၂၀ခုနှစ်ကို ကိုဗစ်နိုင်တင်း ရောဂါကပ်ဆိုးကြီးကို တွန်းလှန်ရတဲ့နှစ်၊ လူတွေရဲ့ ပုံမှန်ဘဝတွေပျက်ယွင်းရတဲ့နှစ် မမျှော်လင့်ပဲမိသားစုဝင်တွေဆုံးရှုံးရတဲ့နှစ် ကမ္ဘာ့စီးပွားရေးကျဆင်းတဲ့ နှစ်လို့အများက အမှတ်ရနေကြမှာပါ။

 

ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံဟူးဘေးပြည်နယ် ဝူဟန်မြို့မှာ အဆုပ်ပွရောဂါလက္ခဏာ တွေနဲ့ ဗိုင်းရပ်စ်ပိုးကူးစက်နေသူ ၂၇ ဦးရှိနေပြီလို့ တရုတ်အစိုးရကကမ္ဘာကျန်းမာရေးအဖွဲ့ ဆီကို တရားဝင် အကြောင်းကြားလိုက်ပါတယ်။ ဒီမတိုင်မီက တရုတ်ပြည်မှာ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပျံ့နှံ့နေတယ်ဆိုတဲ့ သတင်းတွေ ဟိုတစ်စဒီတစ်စထွက်လာပေမယ့် အတည်မပြုနိုင်ခဲ့ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဝူဟန်မှာကွင်းဆင်းလေ့လာမှုတွေပြုလုပ်ပြီး ဇန်နဝါရီလလယ်မှာ ဝူဟန်မြို့မှာ ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ဟာ လူအချင်းချင်းအကြားကူးစက်နိုင်တယ်ဆိုတာကို အတည်ပြုလိုက်သလို တရုတ်အစိုးရကိုလည်း အသိပေးလိုက်ပါတယ်။ မတ်လ၁၁ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝူဟန်ကဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးကို ကူးစက်နိုင်တဲ့ ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါကြီးဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဒီနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ ရှောင်လွဲလို့မရအောင် တိုးပွားလာပြီး ကိုဗစ်နိုင်တင်းတွန်းလှန်ရေးအတွက် ဆေးသုတေသီတွေ က ကာကွယ်ဆေးကို အပူတပြင်းရှာဖွေလာကြပါတယ်။ တရုတ်နိုင်ငံဝူဟန်မြို့မှာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကူးစက်ပျံ့နှံ့နေတယ် ဆိုတာကို တရုတ်အာဏာပိုင်တွေက ဝန်ခံပြောကြားလိုက်ပြီး တစ်နှစ်အကြာမှာတော့ ကိုဗစ်နိုင်တင်း ကာကွယ်ဆေးကို အနောက်တိုင်းဆေးကုမ္ပဏီကြီး ၃ ခုကအောင်မြင်စွာ ရှာဖွေ စမ်းသပ်ထုတ်လုပ်နိုင်ပါပြီ။ ပုံမှန်အားဖြင့် ကာကွယ်ဆေးတစ်မျိုးထုတ်ဖို့အနည်းဆုံး ငါးနှစ် အချိန်ယူရပေမယ့် ကိုဗစ်နိုင်တင်း ကာကွယ်ဆေးကို အချိန်တိုတိုအတွင်း ထုတ်လုပ်နိုင်တာဟာ ဆေးပညာသမိုင်းမှာ ထူးခြားတဲ့ ဆေးသိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုကြီးဖြစ်ပါတယ်။

 

ကိုဗစ်ကာကွယ်ဆေး

 

ဒီဇင်ဘာလ ၃၀ ရက်မှာ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ် နဲ့ ကိန်းဘရစ်ချမြို့ အခြေစိုက် ဗြိတိန်နဲ့ဆွီဒင်အကျိုးတူဆေးဝါးထုတ်လုပ်မှုကုမ္ပဏီကြီး AstraZeneca အက်စထှာဇန်နကာ တို့ ပူးပေါင်း စမ်းသပ်ရှာဖွေတဲ့ ကိုဗစ်နိုင်တင်း ကာကွယ်ဆေးကို The Medicines and Healthcare products Regulatory Agency (MHRA) ဗြိတိန်နိင်ငံ ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များထိန်းသိမ်းရေးအဖွဲ့ကသတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ ကာကွယ်ဆေးဖြစ်ကြောင်း အသိအမှတ်ပြုလိုက်တဲ့ သတင်းကောင်းထွက်လာပါတယ်။

 

ကမ္ဘာတစ်ဝန်းက ဆေးကုမ္ပဏီတွေ ကိုဗစ်နိုင်တင်းကာကွယ်ဆေး စတင်စမ်းသပ်ရှာဖွေနေပြီလို့ သတင်းတွေထွက်လာတဲ့အချိန်မှာ အောက်စဖို့ဒ်တက္ကသိုလ်က ကမ္ဘာ့ထိတ်တန်း The Jenner Institute ဂျယ်နာသုတေသနသိပ္ပံက ထုတ်လုပ်မယ့် ကာကွယ်ဆေးကတော့ သေချာပေါက် လုံခြုံစိတ်ချရတဲ့ဆေးဖြစ်လိမ့်မယ်လို့ အများကယုံကြည်နေကြပြီး Oxford-AstraZeneca ကာကွယ်ဆေးကို အားကိုးတကြီး နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။

 

အောက်စဖို့ဒ်ကထုတ်တဲ့ဆေးက တစ်လုံးကို စတာလင်ပေါင် ၃ ပေါင် (၃ဒေါ်လာ) ပဲကုန်ကျမှာဖြစ်ပြီးဆေးကိုသိုလှောင်ဖို့ ရေခဲသေတ္တာအအေးချိန်နဲ့ လုံလောက်တဲ့ အတွက် အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ Pfizer/Biontech ဖိုင်ဇာ ဘိုင်အင်တက် ဆေးက တစ်လုံးကိုစတာလင်ပေါင် ၁၅ ပေါင်ကုန်ကျပြီး ထိုးဆေးကို အပူချိန် အနှုတ်၇၀ ဒီကရီ စင်တီဂရိတ် -70 degree Celsius မှာသိုလှောင်ရပါတယ်။ အမေရိကန်မှာ အသိအမှတ် ပြုလိုက်ပြီဖြစ်တဲ့ Moderna မော်ဒန်နာ ကိုဗစ်နိုင်တင်း ကာကွယ်ဆေး က တစ်လုံးကို စတာလင်ပေါင် ၂၄ -၂၈ ကုန်ကျမှာဖြစ်တဲ့အပြင်ဆေးကိုလည်း အပူချိန် အနှုတ်၂၀ ဒီကရီ စင်တီဂရိတ်မှာသိုလှောင်ရတဲ့ အတွက် သယ်ယူပို့ဆောင်ရေးပိုင်းမှာ အခက်အခဲရှိပါတယ်။

 

ဒီကာကွယ်ဆေး ၃မျိုးစလုံးက ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ၈၀% နဲ့ ၉၀% သေချာပေါက် အကာအကွယ် ပေးနိုင်မှာဖြစ်ပါတယ်။ အောက်စဖို့ဒ် ကာကွယ်ဆေးကို စျေးပေါပေါနဲ့ထုတ်လုပ်နိုင်တာဟာ AstraZeneca ကုမ္ပဏီက ကပ်ရောဂါ ကာကွယ်ဆေးကို အမြတ်မယူပဲ ထုတ်လုပ်ပေးမယ်လို့ မူလကတည်းက သ‌ဘောတူထားပါတယ်။ ကာကွယ်ဆေးသုံးမျိုးစလုံးက ရက်ခြားပြီး နှစ်ခါထိုးမှထိရောက်ပါတယ်။ အောက်စဖို့ဒ်ဆေးကပထမတစ်လုံးထိုးထားရင် ရောဂါပိုးမကူးအောင် ၇၃% အကာအကွယ်ပေးပါတယ်။ ဒုတိယတစ်လုံးကို၁၂ ပတ်အကြာမှာထိုးရမှာဖြစ်ပြီး နှစ်လုံးစလုံးထိုးပြီးရင် ၉၀%အထက် အကာအကွယ် ရပါမယ်။

 

တစ်လုံးကို သုံးဒေါ်လာသာကုန်ကျမယ့် အောက်စဖို့ဒ် ကာကွယ်ဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ ကိုလည်းအညီအမျှဖြန့်ဖြူးပေးနိုင်အောင်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်ပြီး နိုင်ငံ၁၅၆ နိုင်ငံပါဝင်တဲ့ Covax ကိုဗက်စ်အဖွဲ့ ကိုဖွဲ့စည်းထားပါတယ်။ ကိုဗက်စ် သဘောတူညီချက်နဲ့ အညီ အောက်စဖို့ဒ်ကထိုးဆေး ၂ ဘီလီယံ အထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး ၂၀၂၁ ခုနှစ်အကုန်မှာ ကမ္ဘာအနှံ့ဖြန့်ဖြူးပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ AstraZeneca နဲ့ ကိုဗက်စ် အကြားသဘောတူညီချက်နောက်တစ်ခုကတော့ အိန္ဒိယနိုင်ငံက Serum Institute of India (SSI) (ရောဂါကာကွယ်ဆေးထုတ်လုပ်တဲ့ကုမ္ပဏီ) ကို အောက်စဖို့ဒ်ကာကွယ်ဆေး တစ်ဘီလီယံထုတ်လုပ်ဖို့ AstraZeneca ကလိုင်စင်ထုတ်ပေးဖို့ဖြစ်ပါတယ်။ အိန္ဒိယမှာထုတ်မယ့် အောက်စဖို့ဒ်ကာကွယ်ဆေး ကိုဝင်ငွေနိမ့်တဲ့ နိုင်ငံတွေကို ဖြန့်ဖြူးပေးဖို့ ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံကလည်းလူ၁၅သန်းအတွက် ကာကွယ်ဆေးဝယ်ဖို့ အိန္ဒိယကုမ္ပဏီနဲ့ သဘောတူထားပါတယ်။

 

ဗြိတိန်အစိုးရက အောက်စဖို့ဒ်ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း၁၀၀ မှာထားပြီးပထမအသုပ်ထိုးဆေး ငါးသိန်းကျော်ကို တနင်္လာနေ့ ဇန်နဝါရီ ၃ရက်နေ့ မှာစတင်ထိုးပေးမှာဖြစ်ပါတယ်။ ဗြိတိန်မှာ ဦးစားပေး ဆေးထိုးပေးရမယ့်သူ ၂၅ သန်းရှိတယ်လို့အစိုးရက ခန့်မှန်းပါတယ်။ စုစုပေါင်း လူသန်း ၅၀ အထိ ကာကွယ်ဆေးထိုးပေးဖို့စီစဥ်ထားပြီး၊ ဖိုင်ဇာPfizer ထိုးဆေး သန်း၁၀၀ လည်း မှာထားပါတယ်။ ဗြိတိန်ဆေးဝါးထိန်းသိမ်းရေးအဖွဲ့ MHRA က ဒီဇင်ဘာလ လဆန်းမှာ Pfizer ကာကွယ်ဆေးကိုအတည်ပြုလိုက်ပြီးတဲ့အချိန်ကစလို့ အခုအထိ ဗြိတိန်မှာ ကာကွယ်ဆေးထိုးထားတဲ့သူ ကိုးသိန်းကျော်ရှိသွားပါပြီ။

 

ဒါပေမယ့် လတ်တလော နိုင်ငံတွင်းမှာ ရောဂါကူးစက်မှုနှုန်း စံချိန်တင် မြင့်မားနေတဲ့ ကိုဗစ်နိုင်တင်းရောဂါမျိုးဗီဇသစ်ကြောင့် ဗြိတိန်မှာ နေ့စဥ် ပိုးတွေ့သူ လူငါးသောင်းကျော်ခြောက်သောင်းနီးပါးရှိနေပြီး နေ့စဥ်သေဆုံးသူ ၁၀၀၀ နီးပါးရှိပါတယ်။ ဆေးရုံတွေမှာလည်း ကိုဗစ်ရောဂါသည်တွေနဲ့ ပြည့်လျှံနေလို့ အရေးပေါ် ဆေးရုံတချို့ကိုပြန်ဖွင့်ဖို့လုပ်နေရပါတယ်။ ရောဂါမျိုးဗီဇသစ်ကြောင့် ကူးစက်မှုမြင့်မား လာတာမှန်ပေမယ့် ရောဂါလက္ခဏာမပြတဲ့ရောဂါပိုးရှိသူများ နဲ့ ကူးလူးဆက်ဆံထိတွေ့မိလို့ ရောဂါကူးစက်မှုမြင့်မားလာရတာလို့ ကျန်းမာရေးဌာနကပြောပါတယ်။ လူချင်းထိရင်ဖြစ်စေ စကားပြောရင် ဖြစ်စေ ရောဂါကူးနိုင်တာမို့ မတ်စ်နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့ နဲ့ ခပ်ခွာခွာနေဖို့ နှိုးဆော်နေပေမယ့်လူတော်တော်များများက မလိုက်နာကြလို့ အခုလို ဆေးရုံတွေမှာ လူနာတွေပြည့်နေရတာလို့ဆိုပါတယ်။

 

လူတိုင်းကို ရောဂါကာကွယ်ဆေးထိုးပေးဖို့က အချိန်ယူဆောင်ရွက်ရမှာဖြစ်လို့ ကာကွယ်ဆေးတွေကို အားကိုးတာထက် ကျန်းမာရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာမှသာ ကိုဗစ်နိုင်တင်းကပ်ရောဂါကြီးဘေးမှကင်း‌ဝေးမှာဖြစ်ပါတယ်။

 

တင်ထားဆွေ

#voiceofmyanmar #VOM #ကိုဗစ်ကာကွယ်ဆေး # Photo by Daniel Schludi on Unsplash @ Hakan Nural

 

Related posts

Leave a Comment

VOM News

FREE
VIEW