မွန်ပြည်နယ်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာဖို့ ဒေသခံ ၁၀၀၀ ခန့် ဆန္ဒထုတ်ဖော်

ဇန်နဝါရီ ၂၅ -၂၀၂၁
ခွန်ခမ့်သူ(VOM)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာဖို့ ဒေသခံ ၁၀၀၀ ခန့်က မနေ့ ဇန်နဝါရီ ၂၄ ရက်နေ့က ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

ကျေးရွာပေါင်း ၁၄ ရွာက ဒေသခံပြည်သူ ၁၀၀၀ နီးပါးဟာ မြစ်ကျိုးကျေးရွာကနေ လေးကေကျေးရွာအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာ၊ ဦးစောမြအေးက”အဓိကက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဖို့နဲ့ ခိုင်မာဖို့က အဓိကဆန္ဒ။ တိုက်ပွဲဖြစ်တော့ ဒေသခံတွေကြောက်လန့်ပြီး ထွက်ပြေးရတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး စစ်ဘေးစစ်ဒဏ်ကို ဒေသခံတွေ ခံစားလာရတာ ကြာပြီ။ ဒီလိုမျိုးထပ်မဖြစ်ဖို့ ဆန္ဒထုတ်ဖော်ရတာ”လို့ ပြောပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ(NCA)စာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး ၊ နှစ်ဖက်လေးစားလိုက်နာရမယ့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးဆောင်ရွက်ရေး။ ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ကျေးရွာအတွင်း တပ်စွဲထားတဲ့ တပ်စခန်းတွေ အလိုမရှိ။ အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အစိုးရက ဖြေရှင်းပေးရေး။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးရေး ဒို့အရေး ဒို့အရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့က ဝင်းတာန်ပန်စခန်းနဲ့ ကြသောက်ဆိပ် စခန်းအနီးမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အပြင် လေးကေကျေးရွာအတွင်းက တပ်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ စစ်ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်က ကျေးရွာအတွင်း ညအချိန်ဖြတ်သန်းသွားလာတာတွေနဲ့ အချိန်ကန့်တာတွေပြုလုပ်တဲ့အပြင် ခြိမ်းခြောက်တာတွေရှိတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဘီးလင်း #ပစ်ခတ်ရပ်စဲရေး #ဒေသခံဆန္ဒထုတ်ဖော်

Related posts

Leave a Comment

VOM News

FREE
VIEW