ကိုဗစ်ကာကွယ်ဆေးကို  နောက်လမှာ ပြည်သူထဲက သတ်မှတ်အဆင့်လိုက် ထိုးခွင့်ရမယ်

မန္တလေး၊ ဇန်နဝါရီ-၂၈ – ၂၀၂၁

ရှိုင်းအောင်(VOM)

 

အိန္ဒိယနိုင်ငံက ရောက်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးရေတသိန်းခွဲ၊ ထိုးနိုင်တဲ့လူဦးရေ လူတသန်းခွဲစာကို ပထမဦးစားပေးစနစ်အနေနဲ့ ထိုးပေးမှာဖြစ်သလို ကျန်းမာရေးဝန်းထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုတော့ ဇန်နဝါရီ ၂၇ရက်ကစပြီး ထိုးပေးနေပြီဖြစ်ပါတယ်။

 

အဲလိုထိုးဖို့ နယ်တွေကိုလည်းပို့ပေးနေတာမှာ ဇန်နဝါရီ ၂၇ ရက်နေ့  မွန်းလွဲပိုင်းက လေရှီးမြို့ကို ရောက်တဲ့ ကိုဗစ်ကာကွယ်ဆေးထည့်တဲ့ ဆေးပုံးမှာ Alarm Cross ပြနေလို့ အထက်အဆင့်ဆင့်ကို အကြောင်းကြားထားပေ မယ့် အကြောင်းမပြန်သေးလို့ ထိုးနှံတာတွေ မလုပ်သေးကြောင်း လေရှီးအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။

 

အဲ့ဒီကိစ္စအပါအဝင် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေ ၊ ကာကွယ်ဆေးထိုးပေးဖို့ အဆင့် အလိုက်သတ်မှတ်ထားပုံတွေ သိနိုင်ဖို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။

 

VOM – လေးရှီးမြို့ကို ပို့လိုက်တဲ့ ကိုဗစ်ကာကွယ်ဆေးထည့်တဲ့ ပုံးက Freeze Tag က  Alarm Box မှာ Cross ပြတယ်လို့ ကြားသိထားရ တဲ့အတွက်  ဘာကြောင့် အဲ့ဒီလိုဖြစ်တာလဲ သိပါရစေ။

 

ဒေါက်တာခင်ခင်ကြီး – လေရှီးမြို့မှာ ပို့တဲ့ ကိုဗစ်ကာကွယ်ဆေးတွေ Freeze Tag မှာ Cross ပြတယ်ဆိုတာ ဘယ်သူကပြောလို့ပါလည်း အဲ့ဒါလေးသိချင်ပါတယ်။ ဘယ်မှာပါလို့ပါလဲ။ ဘယ် Source က ရတာပါလဲ အဲ့ဒါက လည်း မူတည်တာပေါ့နော်။ ကျမ အဲ့ဒါကို အရင်သိချင်ပါတယ်။ ပြောချင်တာကတော့ ကျမက အရင်က ကာကွယ် ဆေးထိုးလုပ်ငန်းမှာ လုပ်ခဲ့တာဖြစ်တဲ့အတွက် Freeze Tag ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကောင်းစွာ သိပါ တယ်။ Freeze Tag ကနေ Temperature က 2 to 8 မှာ အဲ့ထက်ပိုသွားတယ်ဆိုရင် အမှန်ခြစ်ကလေး မပြတော့ ဘဲနဲ့   Freeze Tag မှာ Cross ဖြစ်သွားတယ်။ 2 ရဲ့ဟိုဖက် 0 ဖြစ်သွားရင် အေးသွားတယ်ဆိုရင်လည်း  Freeze Tag မှာပြမှာဖြစ်ပါတယ်။ ဒီလိုမျိုးပို့ဖို့အတွက် လေယာဉ်တွေအသုံးပြုပြီးတော့ ဒါမျိုးတွေပို့တာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကာကွယ်ဆေးတွေသည် စိတ်ချမှုရှိအောင်၊ ဒီကာကွယ်ဆေးတင်မကပါဘူး ခလေးတွေမှာထိုးတဲ့ ကာကွယ်ဆေးတွေမှန်သမျှကလည်း အအေးလမ်းကြောင်းမပြတ် တင်ပို့ပြီးတော့ ထိုးနှံနိုင်တာချည်းပါပဲ။ အဲ့တော့ ဒီကာကွယ်ဆေးတွေသည်  Freeze Tag မှာ ဒီလိုပြလို့ ဆိုပြီးတော့ လွှင့်တဲ့ စကားတွေတိုင်းက ဖြေရှင်းစရာမလိုပါဘူး ကျမတို့သည် ကာကွယ်ဆေးတွေပို့ဆောင်တဲ့အခါမှာ သေသေချာချာ စနစ်တကျနဲ့ ပို့ဆောင်တယ်၊ ထိုးနှံတဲ့အခါမှာလည်း စနစ်တကျထိုးနှံတယ် ။ နောက်တစ်ခုကကျ  Freeze Tag မှာလည်း Cross ဖြစ်စရာအကြောင်းမရှိပါဘူး။ ဘာလို့လည်းဆိုတော့ ကျမတို့ပို့တဲ့ ရာသီဥတုသည် အခုကာလက အေးပါတယ် နွေရာသည်မဟုတ်ပါဘူး။ အဲ့တော့  2 to 8 ကနေ ပိုသွားနိုင်စရာမရှိပါဘူး။ Cross ပြနိုင်စရာလည်း မရှိပါဘူး။

 

VOM – WHO ရဲ့ ဆရာဝန်ကြီးတွေကလည်း နယ်စွန်နယ်ဖျားက ဒေသတွေကို ပို့မယ်ဆိုရင် ကိုဗစ်ကာကွယ်ဆေး တွေသယ်တဲ့နေရာမှာ စနစ်မကျရင် Cold  change ပျက်နိုင်တယ်လို့ စိုးရိမ်နေကြတယ်လို့ ပြောထားတာတွေရှိတဲ့ အတွက် အဲ့ဒီလိုတွေမဖြစ်အောင် ဘယ်လိုကာကွယ်ပြီး ပို့ဆောင်သွားဖို့ အစီအစဉ်ရှိလဲဆိုတာသိပါရစေ။

 

ဒေါက်တာခင်ခင်ကြီး – ဒါနဲ့ပတ်သက်လို့ပြောမယ်ဆိုရင် ကာကွယ်ဆေးတွေကို ထိုးနှံတာ အခုမှမဟုတ်ပါဘူး။ ဒီ ကူးဆက်ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ အသက် ၁ နှစ်အောက် ၅ နှစ် အောက်၊  ၉ နှစ်နဲ့ ၁၀ နှစ်ကြားမိန်းခလေးတွေကို ကာကွယ်ဆေး ၁၃ မျိုးကို ထိုးနှံပေးတဲ့ အစဉ်အလာရှိပြီးသား ဖြစ်ပါတယ်။ ဒါဟာကာကွယ်ဆေးထိုးပေးတဲ့ သူတွေကလည်း ကောင်းစွာကျွမ်းကျင်မှုတွေရှိပါတယ်။

ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သိပါတယ်။ ကာကွယ်ဆေးတွေထိန်းသိမ်းဖို့အတွက် Ice Line refrigerator နဲ့  Solar refrigerator တို့ကလည်း သက်ဆိုင်ရာမြို့နယ် RHT Level ထိကို ပေးပို့ထားပြီးဖြစ်တဲ့အတွက်ကြောင့်  Cold  change ကို ကျမတို့ ကောင်းကောင်းကြီး နိုင်နင်းနိုင်ပါတယ်။ Cold  change ကို ကျမတို့ ကောင်းကောင်း ကိုင်တွယ် ဆောင်ရွက်နိုင်သလို Cold  change မပျက်အောင်လည်း ကျမတို့ ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့်မို့ ကျမတို့ကာကွယ်ဆေးတွေသည် Cold  change  မပျက်ပို့ဆောင်တယ်၊ Cold  change မပျက် ထိုးနှံမှာဖြစ်တယ် ဆိုတဲ့အကြောင်း သိစေလိုပါတယ်။ ကျမတို့ စိုးရိမ်တာက အောက်လမ်းကနေ တရားမဝင်တဲ့ အကြောင်းကြောင်း ကြောင့် နည်းလမ်းပေါင်းစုံနဲ့ ခိုးသွင်းလာတဲ့ ကာကွယ်ဆေးတွေ ဒီကာကွယ်ဆေးတွေကို ပြည်သူလူထု ထိုးမိမှာ ကိုပဲ ကျမတို့ စိုးရိမ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထိုးနှံပေးတဲ့ ကာကွယ်ဆေးတွေသည် စိတ်ချမှုရှိမှ အာနိသင်ကောင်းမွန်မှုရှိမှာ ကျမတို့ ထိုးနှံပေးမှာဖြစ်တဲ့အတွက် ဒီအတွက် စိတ်ပူစရာမလိုဘူးဆိုတဲ့ အကြောင်းကို ပြောပါရစေ။

 

VOM – ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတဲ့သူတွေ ဖျားနာ ကိုယ်လက်နာ မူးတာ အန်တာတွေ ဖြစ်ကြတော့ ပြည်သူတွေ စိုးရိမ်ကြတယ် ဒီအတွက် မစိုးရိမ်ရအောင်ဆရာမကြီးတို့ လေ့လာထားသမျှပြောပြပေးပါခင်ဗျာ။

 

ဒေါက်တာခင်ခင်ကြီး – ဒီနေရာမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပြီးဖြစ်ပါ တယ်။ ကိုဗစ်ကာကွယ်ဆေးတွေသည် ကာကွယ်ဆေးထိုးပြီးတဲ့သူရဲ့ ၁၀ ရာခိုင်နှုန်းလောက်က ဆေးထိုးတဲ့နေရာ မှာ နာတာတို့ ယောင်တာတို့ အဖျားတက်တာတို့  ကိုက်ခဲတာမျိုးတို့ ဒါမျိုးတွေ ဖြစ်နိုင်တယ်ဆိုပြီးတော့ ပြောထားတာရှိပါတယ်။ ပြင်းပြင်းထန်ထန်လက္ခဏာတွေကတော့ လူ ၁၀၀ မှာ  ၁ ရာခိုင်နှုန်းလောက်ပဲ ခံစားရနိုင်တယ်လို့ ပြောထားပါတယ်။ ဒါတွေကတော့ မူးဝေတာတို့ ယားယံတာတို့ ချွေးထွက်လွန်တာ အစား စားချင်စိတ်နည်းတာတို့ကတော့ ၁ ရာခိုင်နှုန်းလောက်သာ ဖြစ်နိုင်ပါတယ်။ သာမာန်လက္ခဏာဖြစ်တာကတော့ ၁၀ ရာခိုင်နှုန်းလောက်သာရှိပါတယ်။  လူ ၁၀၀ ထိုးရင် ၁၀ ရောက်လောက်ကတော့ ရှိနိုင်ပါတယ်။ သို့သော် ဒါဟာစိုးရိမ်စရာမလိုပါဘူး။ ဒီလက္ခဏာတွေက များသောအားဖြင့် ၂၄ နာရီအတွင်းပျောက်သွားတာ ဖြစ်ပါတယ်။ ပြင်းထန်လက္ခဏာပေါ်ရင်လည်း ၁၅ မိနစ်အတွင်းမှာသာ ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ လူတစ်သန်းမှာမှ အလွန်နည်းပါးတဲ့ လက္ခဏာဖြစ်တယ်ဆိုတာကို သုတေသနစာစောင်တွေကလည်း သိရပါတယ်။ ဒါကြောင့်မို့ ဖြစ်ဖို့ဆိုတာလည်း အလွန်ခဲယဉ်းပါတယ်။ ဖြစ်ရင်လည်း ကုသပေးပို့အတွက် အရေးပေါ်ကာကွယ်ဆေးတွေ အနားမှာ အဆင်သင့်ထားရှိတဲ့အတွက်ကြောင့် ဒါကလည်း စိုးရိမ်ပူပန်စရာမလိုပါဘူး။ ဆေးရုံတက်ရလို့ရှိရင်လည်း အရေးပေါ်ကုသရေးပိုင်းမှာလည်း အဆင်သင့် ထားရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့ ကာကွယ်ဆေးကို စိတ်ချစွာထိုးနှံနိုင်ပါတယ်လို့ ပြောလိုပါတယ်။ ကာကွယ်ဆေးသည် ဘေးကင်းလုံခြုံမှု စိတ်ချမှုရှိမှ အဖက်ဖက်ကနေ စမ်းသပ်ပြီးမှ ခွင့်ပြုချက်ရထားတာ ဖြစ်တဲ့အတွက်ကြောင့် မည်သူမည်ဝါမှန်းမသိဘဲနဲ့ ပြောချင်တဲ့စကားတွေ ပြောနေတာကို နားမယောင်ပဲနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို သေသေချာချာဖတ်ပါ၊ လေ့လာပါ၊ မိမိရဲ့ အပေါင်းအသင်းမိတ်ဆွေ သူငယ်ချင်းတွေကိုလည်း တဆင့်ပြောပြပါ၊ သတင်းအမှားတွေက ပုံစံအမျိုးမျိုးတွေနဲ့ ရောက်လာနိုင်ပါတယ်။

 

VOM – ဆေးတလုံးကို ၃ယောက်ထိုးရတယ်ပြောကြသလို ၁၀ ယောက်ထိုးရတယ်ပြောကြတယ် ခုအိန္ဒိယ ကိုဗစ်ကာကွယ်ဆေးတလုံးကို ဘယ်နှယောက်ထိုးလို့ရလဲဆိုတာ ဆရာမကြီးအနေနဲ့ အတည်ပြု ပြောကြားပေးပါခင်ဗျာ။

 

ဒေါက်တာခင်ခင်ကြီး – အိန္ဒိယက ပို့လိုက်တဲ့ ကိုဗစ်ရှီးကာကွယ်ဆေးသည် 5 ml ပါပါတယ် လူတစ်ယောက်ကို 0.5 ml ထိုးလို့ရတဲ့အတွက်ကြောင့်မို့ ၁၀ ယောက်ထိုးလို့ရပါတယ်။ ကာကွယ်ဆေး တစ်ပုလင်းသည် ၁၀ ယောက်ထိုး လို့ရပါတယ်။ အခု ကာကွယ်ဆေးသည် လူဦးရေ ၁ သန်းခွဲစာ ရောက် တာဖြစ်တဲ့အတွက်ကြောင့် ကာကွယ်ဆေး အလုံးရေး တစ်သိန်းခွဲဖြစ်ပါတယ်။ တစ်လုံးကို ၁၀ ယောက် ထိုးလို့ရ တယ်ဆိုတာ ပြောလိုပါတယ်။

 

VOM – မနေ့ကဆို ကျန်းမာရေးဝန်ထမ်း ၃ သောင်းကျော်ထိုးပေးခဲ့နိုင်တယ်လို့လည်း သိရတဲ့အတွက် ကျန်းမာရေး ဝန်ထမ်း ၁ သိန်းကျော်ရှိတယ်လို့ ဆရာမကြီးကလည်း ပြောခဲ့ဘူးတော့ ဘယ်ရက်ပိုင်းအတွင်းမှာ ကျန်းမာရေး ဝန်ထမ်းတွေကို အပြီးထိုးပေးသွားမလဲခင်ဗျာ။

 

ဒေါက်တာခင်ခင်ကြီး – မနေ့ကစပြီးတော့ ကျမတို့ ကာကွယ်ဆေးထိုးနှံတယ်။ မနေ့က စထိုးတဲ့အခါမှာ ဆေးရုံဘက်ကပေါ့နော် ကိုဗစ်ကုသရေးမှာ တာဝန်ယူဆောင်ရွက်နေတဲ့ ကုသရေးပိုင်းက တာဝန်ရှိတဲ့သူတွေကို အရင်ထိုးပါတယ်။ ဒီနေ့ ကျမတို့ ပြည်သူ့ကျန်းမာရေး ထိုးပါမယ်။ ဒီနေ့ ကျမ ကာကွယ်ဆေးထိုးနှံပါမယ်။ ဒါပြီးရင်တော့ ကျမ ကာကွယ်ဆေးသွားထိုးပါမယ်။ ကာကွယ်ဆေးမထိုးခင်မှာ ကျမမှာ စာရွက်ရပါတယ်။ COVID- 19 ကာကွယ်ဆေးထိုးကဒ်ပြားမှာ အမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ကတော့ ကုဒ်နံပါတ်နဲ့ လုပ်ပါတယ်။ ကုဒ်နံပါတ်ဆိုတာ ကျမတို့ရဲ့ အလုပ်အကိုင်သည် ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကုဒ်နံပါတ်သည် ၃ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးတဲ့အခါမှာ အခုထိုးတဲ့ဆေးက ဘာဆေးလဲ ထုတ်လုပ်တဲ့သူ လော့နံပါတ်ဘယ်လောက်လဲ၊ ကာကွယ်ဆေးတိုင်းမှာ ထုတ်လုပ်တဲ့ရက်စွဲနဲ့ လော့နံပါတ်ပါပါတယ်။ နောက်ထပ် ဒုတိယအကြိမ်ဘယ်လောက်ထိုးရမလဲ၊ ဒီနေ့ထိုးနှံပြီးရင် ထိုးနှံပြီးတဲ့ ရက်ကို ရေးပါမယ်။ ပြီးရင် ကျမကို ဘယ်သူက ထိုးပေးတာလဲ ကျမက ဘယ်မှာသွားထိုးတာလဲ ကာကွယ်ဆေးထိုးနှံတဲ့ စုရပ်ကိုရေးပါမယ်။ တစ်ခုခုပြဿနာဖြစ်လို့ရှိရင် အနီးဆုံးကျန်းမာရေးဌာန၊ ဆေးရုံကိုသွားပါဆိုပြီးတော့ ဒီကိစ္စတွေကို စာရွက်ပေါ်မှာ ရေးထားပြီးဖြစ်ပါတယ်။ ဒါနဲ့ပါတ်သက်လို့ အင်ဖော်မေးရှင်းတွေ သိချင်တာတွေရှိရင်လည်း Call canter 2019 ကိုဆက်ပါဆိုပြီးပါပါတယ်။ နောက်ပြီး စာရွက်ရဲ့ ခေါက်ချိုးအောက်ပိုင်းမှာ ပါပါတယ်။ QR Scan Code ပါပါတယ်။  QR Code ကို  QR Reader နဲ့ ဖတ်လိုက်လို့ရှိရင် ဒီမှာပါဝင်တဲ့ အချက်အလက်တွေ ကာကွယ်ဆေးထိုးပြီးပြီ၊ မထိုးရသေးဘူးဆိုတာတွေကို သိနိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ဒီတစ်ပတ်အတွင်းမှာ အပြီးထိုးပေးဖို့ ဆောင်ရက်နေပါတယ်။ ဒီလိုပုံစံနဲ့ စနစ်တကျနဲ့ ဆောင်ရွက်တာဖြစ်တဲ့အကြောင်းကို ပြောလိုပါတယ်။

 

VOM – ၂၉ ရက်နေ့မှာ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေကို ကာကွယ်ဆေးထိုးပေးမယ်ဆိုတာသိထားပါတယ် ဆရာမ။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို ဘယ်နေ့လောက်မှာ ထိုးပေးဖို့ ဆောင်ရွက်ထားသလဲ သိပါရစေခင်ဗျာ။

 

ဒေါက်တာခင်ခင်ကြီး – ၂၉ ရက်နေ့မှာဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးပေးမှာ ဖြစ်ပါတယ်။ ၃၀ မှာဆိုရင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော် ၃ ရပ်မှာရှိတဲ့ ဝန်ထမ်းတွေကိုပါ တစ်ပါတည်း ထိုးပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ နောက်လ ၅ ရက်နေ့မှာ အစိုးရအဖွဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိတဲ့သူတွေ တိုင်းဒေသကြီးအဆင့်တာဝန်ရှိတဲ့သူတွေကတော့ ပြည်သူတွေနဲ့အတူတူ ကာကွယ်ဆေးထိုးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူတွေနဲ့အတူတူဆိုတာ ဘယ်ပြည်သူတွေလဲဆိုတာကို အားလုံးသိချင်ကြမှာဖြစ်ပါတယ်။ အသက်ကြီးတဲ့သူတွေ နောက်ခံရောဂါရှိတဲ့သတွေ ဖြစ်ပါတယ်။ အသက်ဆိုလည်း ၆၅ နှစ် အထက်ရှိတဲ့သူတွေ များသောအားဖြင့် အသက် ၆၅ နှစ်အထက်ရှိတဲ့သူတွေဟာ နောက်ခံရောဂါရှိတဲ့သူတွေဖြစ်တာ များတဲ့အတွက်ကြောင့် အသက် ၆၅ နှစ်အထက်ရှိတဲ့သူတွေကို ဦးစားပေးထိုးနှံပေးမှာဖြစ်ပါတယ်။ ၆၅ နှစ်အထက်ရှိတဲ့သူတွေကလည်း ဘယ်လောက်ရှိလည်းဆိုရင် တစ်နိုင်ငံလုံးမှာ 3.6 သန်းရှိပါတယ်။ ဒါဆိုရင် ကျမတို့ဆေးကမှာ အခုမှ လူ ၇ သိန်းခွဲစာ 1.5 သန်းပဲရှိတဲ့အတွက်ကြောင့် သူတို့အကုန်မထိုးနိုင်ပါဘူး။ ဒါဆိုလို့ရှိရင် Stay at Home မြို့နယ် ၇၀ ရှိတယ်ပေါ့နော် အဲ့ဒီမြို့နယ်တွေထဲကမှ ရောဂါဖြစ်ပွားမှုနှုန်းအများဆုံးဖြစ်တဲ့ အထူးသဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စတဲ့ တိုင်းဒေသကြီးတွေက လူကြီးတွေရဲ့ အသက်ကြီးတဲ့သူတွေကို ဦးစားပေးပြီးတော့ ထိုးနှံမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီဟာကတော့ နောက်လ ၅ ရက်နေ့မှာ ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကလည်း ရှေ့လ ပထမအပတ်ကုန်လောက်မှာ နောက်ထပ် ၂ သန်း ကျမတို့ဝယ်တဲ့ဆေးတွေ ထပ်ရောက်ဖို့ ရှိပါတယ်။ COVAX က ကာကွယ်ဆေးတွေလဲ မတ်လ မတိုင်ခင် ဖေဖော်ဝါရီလကုန်လောက်မှာ ထပ်ရောက်ဖို့ ရှိပါတယ်။ 2021 အတွင်းမှာ ကာကွယ်ဆေးတွေ လူဦးရေ ၄၀ ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းဝန်းကျင်ထိုးနှံသွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်လို့ VOM ကို ရှင်းပြသွားပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၇ ရက် ည ၈ နာရီထိ အတည်ပြုလူနာ ၁၃၈၈၀၂ ဦး၊  ဆေးရုံဆင်းခွင့်ရှိသူ ၁၂၃၁၇၀ ဦး၊ေေ သေဆုံး ၃၀၈၉ ဦးရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

 

#VOM #voiceofmyanmar #COVID-19 #ကာကွယ်ဆေး #ဒေါက်တာခင်ခင်ကြီး

ဓါတ်ပုံ -ဒေါက်တာခင်ခင်ကြီးFacebook

 

Related posts

Leave a Comment

VOM News

FREE
VIEW