နင်းပြားတွေရဲ့နေ့ပြန့်တိုး

အေးချမ်းသူ(VOM)

နေ့ပြန်တိုးဆိုတဲ့ စကားလုံးဟာ လူချမ်းသာတွေအတွက် စိမ်းနေပေမယ့် အခြေခံလူတန်းစားတွေဖြစ်တဲ့ လက်လုပ်လက်စားတွေအတွက် အရင်းအနှီးမိတ်ဆွေတစ်ခုလို့ပဲ ပြောရပါမယ်။

အခြေခံလူတန်းစားတွေ အများစုနေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်တွေ၊ ကျူးကျော်နေထိုင်သူအများစုရှိတဲ့နေရာမှာတော့ နေ့ပြန်တိုးပေးနိူင်တဲ့သူတွေဟာ သူတို့ရဲ့ဘဏ်တိုက်ကြီးတစ်ခုလို့ ပြောလို့ရပါတယ်။

“ဘာကြောင့်ချေးလဲလို့မေးရင် ဝင်ငွေနဲ့ထွက်ငွေမမျှလို့ ချေးတာ၊ တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေလေ။ အဲ့ဒီလိုလုပ်နေရင်း ဗြုန်းခနဲဆို ကျန်းမာရေးကိစွဖြစ်လာတယ်၊ ဘယ်မှာလဲငွေ မရှိတော့ငွေတိုးပေးတဲ့သူဆီ ပြေးရတော့တာပဲ”လို့ လှိုင်သာယာ ၅ရပ်ကွက်မှာ နေထိုင်သူ မအေးမင်းကပြောပါတယ်။

မိုးတွင်းကာလ ခင်ပွန်းဖြစ်သူအလုပ်ကနေ ပြန်လာရင်း ချော်လဲလို့ လက်ကျိုးရာ ဆေးခန်းသွားပြဖို့ လက်ထဲငွေအပိုမရှိတဲ့အတွက် ငွေ ငါးသောင်းကို သုံးဆယ်ကျပ်အတိုးနဲ့ယူခဲ့ရာကနေ အရင်းပြန်မပေးနိူင်ဘဲ တစ်နှစ်ကျော်ကြာတဲ့အထိ နေပြန်တိုး ဆပ်ခဲ့ရတယ်လို့ သူကပြောပါတယ်။

မြို့နယ်အချို့က ဆင်ဖြေဖုံးရပ်ကွက်တွေမှာတော့ ငွေရှင်တွေက လက်လုပ်လက်စားတွေကို အတိုးနဲ့ငွေချေးရာမှာ နေ့သွင်း၊ မတ်တိုး၊ ကျပ်တိုး၊ ရက်သွင်း၊ လသွင်း အစရှိတဲ့ပုံစံတွေနဲ့ငွေချေးကြပါတယ်။

“နေ့သွင်းဆိုတာက ကိုယ်ယူတဲ့ပိုက်ဆံကို ရက်အလိုက်ပြန်သွင်းရတာ ကိုယ်ဘယ်လောက်ယူမလဲပေါ့၊ ဥပမာ တစ်သောင်းယူရင် တစ်ရက်တစ်ထောင်နှုန်းနဲ့ ၂၄ရက်သွင်းရတာ၊ အချို့ဆို ၂၆ရက်သွင်းရတာ မတူဘူး ငွေပေးတဲ့သူချင်း၊ တစ်နေ့တစ်ထောင်ဆိုတာ မသိသာပေမယ့် ဈေးမရောင်းတဲ့နေ့တွေ သိသာတယ်၊ အဲ့ဒီလိုနေ့တွေကျရင် ရက်ကထပ်သွားရော”လို့ လှည်းကူးမြို့မဈေးမှာ ဈေးရောင်းနေသူတဦးကပြောပါတယ်။

နေ့သွင်းနဲ့ငွေချေးတာ ပြဿနာမဟုတ်ပေမယ့် အရေးပေါ်အခက်အခဲကြောင့် ငွေလိုအပ်တဲ့အခါ မတ်တိုးနဲ့ယူလိုက်မိလို့ ပေ ၂၀” ၆၀”အိမ်ကို ဆယ်ပေခြမ်းရောင်းပေးပြီး ပြန်ဆပ်လိုက်ရတဲ့သူတွေလည်းရှိပါတယ်။

“သုံးနှစ်လောက်ရှိပြီ ကျနော့်သား ဆေးမှုနဲ့အဖမ်းခံရတယ်၊ မိဘဆိုတော့ ထူပူသွားတယ် ဘာလုပ်ရမှန်းမသိဘူး၊ လက်ထဲမှာ ငွေကလည်း မရှိဘူး၊ မိတ်ဆွေတစ်ယောက်အကူအညီနဲ့ ပိုက်ဆံငါးသိန်းကို မတ်တိုးနဲ့ ချေးလိုက်တာ နောက်ပိုင်း အတိုးနဲ့အရင်းနဲ့ ပေါင်းလိုက်တာ သိန်းသုံးဆယ်ကျော်နေပြီ၊ နောက်ဆုံး ဆယ်ပေတခြမ်းရောင်းပေးလိုက်ရတယ်၊ အိမ်လည်း ကုန် သားလည်း ထောင်ကျ”လို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမှာနေတဲ့ ဦးလှမြင့်က ပြောပါတယ်။

မတ်တိုးဆိုတာဟာ ငွေတစ်သိန်းချေးပါက အရင်းပြန်မဆပ်နိူင်မချင်း နေ့စဉ်အတိုးပေးရတာဖြစ်ပြီး အတိုးယူရာမှာ ငွေချေးသူ တစ်ဦးနဲ့တစ်ဦး တူညီမှုမရှိဘူးလို့ သူကရှင်းပြပါတယ်။

လတိုးဆိုတာဟာ အများအားဖြင့် လုပ်ငန်းလုပ်ကိုင်သူတွေကိုသာ
ငွေရှင်တွေက ချေးတက်ကြပြီး သာမန်လက်လုပ်လက်စားတွေကို
ချေးငှားလေ့မရှိဘူးလို့ ရွှေပြည်သာမြို့နယ်က ကုန်စုံဆိုင်ဖွင့်ထားတဲ့
လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“လတိုးက ငွေအိပ်တယ်လေ ပြောရရင် မြှုပ်နှံထားရတာ၊ အတိုးလ
ည်း တစ်လမှတစ်ခါပဲရတယ်၊ အစ်မတို့လည်း ငွေချေးရတာပဲ ဆယ်
ဂဏန်းနဲ့အထက်ပဲ၊ သူများတွေဘယ်လိုယူလဲတော့ မသိဘူး၊ အစ်မတို့ချေးတာတော့ တစ်ဆယ်တိုး တစ်သိန်းကို တစ်သောင်းပေးရတ
ယ်”လို့ သူကပြောပါတယ်။

ဆင်ခြေဖုံးရပ်ကွက်အချို့က ခေါင်းရွက်ဗျက်ထိုးဈေးသည်အများစုကတော့ ရက်သုံးဆိုတဲ့ ငွေပေးသွင်းရတဲ့ ချေးယူမှုမျိုးနဲ့ လုပ်ငန်းတွေ
ကိုလည်ပတ်ကြပါတယ်။

“ရက်သုံးဆိုတာကတော့ ပုံစံအမျိုးအမျိုးရှိတယ်၊ တစ်သောင်းယူရင်
၁၂ရက်သွင်းရတာရှိတယ် ၁၃ရက်သွင်းရတာရှိတယ်၊ နှစ်သောင်းယူ
ရင် ကိုယ်ဘယ်လိုပေးမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်၊ တစ်သော
င်းယူရင် ၁ရက်ကို တစ်ထောင်နှုန်းနဲ့ ၁၂ရက် ဒါမှမဟုတ် ၁၃ရက်သွင်းရတာရှိတယ်”လို့ ကားမှတ်တိုင်မှာ ကွမ်းယာရောင်းချနေသူတဦးက ပြောပါတယ်။

နေ့ပြန်တိုးနဲ့ငွေယူတဲ့သူတွေက အတိုးတွေနဲ့သံသရာလည်နေသလို အတိုးနဲ့ငွေချေးသူတွေဘက်မှာလည်း ငွေပြန်မရတာတွေ ငွေချေးပြီးလိမ်လည်ထွက်ပြေးတာတွေ၊ အတိုးမရတဲ့အပြင် အရင်းပါဆုံးရှုံးတဲ့
ပြဿနာတွေလည်းရှိတယ်လို့ ငွေတိုးပေးစားသူအချို့ကနေ သိရပါ
တယ်။

“သူတို့ဘက်ကလည်း ပြောတာပဲ ကျွန်မတို့ဘက်မှာလည်း ဆုံးရှုံးရ
တာတွေရှိတယ်၊ အထောက်အထားမရှိဘဲ ချေးရတာလေ၊ ဒီကိစွတွေက ရဲစခန်းတိုင်လို့လည်း ရတာမဟုတ်ဘူး၊ တစ်ချို့ဆို သိန်းနဲ့ချီယူပြီး
ထွက်ပြေးသွားတယ်၊ တချို့ဆိုပြန်တောင်းရင် မရှိတာကိုအသားလှီး
ယူမှပဲရမယ်လို့ ပြောတဲ့သူတွေတောင်ရှိတယ်”လို့ ငွေတိုးပေးစားသူတဦးက ပြောပါတယ်။

ရန်ကုန်ကမြို့နယ်အချို့မှာ အတိုးနှုန်းမြင့်မားစွာယူထားပြီး အခြေခံလူတန်းစားတွေအပေါ် စာချုပ်အလွတ်ပေါ်မှာ လက်မှတ်ရေးထိုးခိုင်းပြီး တရားမကြောင်းအရ တရားစွဲကာ အိမ်‌၊ ခြံ၊ မြေတွေ သိမ်းတဲ့အ
ထိပါ ကျူးလွန်လာတဲ့ ငွေတိုးပေးစားသူတွေလည်းရှိတယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

“ပြောရရင် ငွေတိုးပေးတဲ့သူက ယုံကြည်မှုတစ်ခုအနေနဲ့ အိမ်အရော
င်းအဝယ်စာချုပ်မှာ လက်မှတ်ထိုးခိုင်းတယ်၊ တချို့က စာချုပ်အလွ
တ်မှာ လက်မှတ်ထိုးခိုင်းတယ် မသိတော့လက်မှတ်ထိုးပေးလိုက်တ
ယ် ပြီးရင်အိမ်သိမ်းရော၊ အဲ့ဒီလိုမှ မရရင် တရားမကြောင်းအရ တရားစွဲရော”လို့ တရားလွှတ်တော်ရှေ့နေတဦးက ရှင်းပြပါတယ်။

ငွေကြေးချေးငှားရာမှာ တရားဝင်ငွေကြေးချေးငှားတာနဲ့ တရားမဝင် ငွေချေးငှား (၂)မျိုးရှိပြီး တရားဝင်ငွေတိုးချေးတဲ့လုပ်ငန်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်က ငွေချေးလုပ်ငန်းတွေ ၊ စည်ပင်သာယာရေးကော်မတီမှာ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိက အပေါင်ဆိုင်တွေသာဖြစ်ပြီး ရပ်ကွက်ကျေးရွာတွေမှာ အတိုးချေးတာက တရားမဝင်ဘူးလို့ အငြိမ်းစားရဲမှူးတဦးကပြောပါတယ်။

“အရေးယူလို့ရတာပေါ့ ငွေတိုးချေးစားသူများအက်ဥပဒေရှိတယ်လေ ၁၉၄၅က ထုတ်ထားတာ၊ အဲ့ဒီဥပဒေက အသက်ဝင်သေးတယ်၊ အဲ့ဒီဥပဒေအရ ငွေတိုးပေးတာကို စီးပွားရေးအနေနဲ့လုပ်တယ်ဆိုရင် အရေးယူလို့ရတယ် လိုင်စင်မရှိဘဲ ငွေချေးတာပေါ့၊ မိတ်ဆွေ သူငယ်ချင်းကို ကူညီတာကတော့ ခြွင်းချက်ပေါ့”လို့ ပြောပါတယ်။

၁၉၄၅ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ The Money-Lender Act ဥပဒေ ပုဒ်မ-၂၊ ပုဒ်မခွဲ(က)အရ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဆိုသည့် စကားရပ်၏ အဓိပ္ပာယ်ဖော်ပြချက်မှာ အသေးစာချေးငွေ ထုတ်ပေးခြင်းလုပ်ငန်းပါဝင်ပေမယ့် ဥပဒေပုဒ်မ-၅၄မှာတော့ လုပ်ပိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်မရှိကြောင်း တားမြစ်ထားသည့်အတွက် အဲ့ဒီတားမြစ်ချက်ကို လိုက်နာရန် ပျက်ကွက်ပါက ပုဒ်မ-၅၇ အရ အရေးယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ၁၉၄၅ခုနှစ်၊ ငွေတိုးချစားသူများအက်ဥပဒေကို တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၂ ခုနှစ် မေလ ၁၈ရက်နေ့မှာ ဖျက်သိမ်းခဲ့ပြီး ၁၉၆၂ ငွေတိုးချစားသူများအက်ဥပဒေကို အစားထိုးခဲ့ပေမယ့် ၁၉၄၅ အက်ဥပဒေကသာ အသက်ဝင်နေတာကြောင့် ၁၉၆၂ ငွေတိုးချစားသူများဥပဒေကို နဝတကောငိစီက ဥပဒေအမှတ် ၄/၁၉၉၄ နဲ့ရုပ်သိမ်းခဲ့လို့ ၁၉၄၅ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ The Money-Lender Act ဥပဒေကသာ အသက်ဝင်သေးတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဥပဒေအရ လှိုင်စင်မရှိဘဲ ငွေတိုးချေးစားသူတွေကို အရေးယူလို့ရတယ်ဆိုပေမယ့် အခြေခံလူတန်းစားတွေကတော့ အကြောင်းရှိလာရင် နီးစပ်ရာ ငွေတိုးပေးစားသူတွေဆီကို ပြေးလွှားချေးငှားနေရတာပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့နေ အခြေခံလူတန်းစားတွေဟာ ကျောတခင်းစာနေထိုင်ဖို့ပြဿနာအပြင် စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး လူမှုရေး၊ ကျန်မာရေး၊ ပညာရေးစတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ နေ့ပြန်တိုးပေးသူတွေက သူတို့အားထားရာ မိခင်ဘဏ်တိုက်ကြီးသဖွယ်ဖြစ်နေပါတယ်။

“ကိုဗစ်တတိယလှိုင်းတုန်းက အဖေက အောက်ဆီဂျင်ကျနေလို့ အတိုးနဲ့ ပိုက်ဆံငါးသိန်းချေးလိုက်တယ် တစ်လကို အတိုးငါးသောင်း၊ ဒါတောင်လူရင်းမို့လို့ တစ်ဆယ်အတိုးပဲ ယူတာ၊ သူ့ကိုတောင်ကျေးဇူးတင်ရမယ်၊ မောင်နှမသုံးယောက် အလုပ်ရှိလို့တော်သေးတယ်၊ နောက်လတော့ အရင်းကို ဖဲ့ဆပ်နိူင်ဖို့ကြိုးစားရမယ်”လို့ အထည်ချုပ်စက်ရုံက အမျိုသမီးတဦးက ပြောပါတယ်။

လစာထုတ်ရက် မောင်နှမသုံးယောက်ရတဲ့ လစာထဲက တစ်သောင်းတန်(၅)ရွက်ကို ကျစ်ကျစ်ပါဆုပ်ကိုင်ရင်း နေ့ပြန်တိုးပေးသူရဲ့အိမ်ကိုလျှောက်သွားတဲ့ အမျိုးသမီးကိုကြည့်ရင်း အခြေခံလူတန်းစားတွေဘဝ နေ့ပြန်တိုးသံသရာက ရုန်းလေ နစ်လေပါလား လို့ တွေးမိတယ်……။

#voiceofmyanmar #VOM #နေ့ပြန်တိုး #အခြေခံလူတန်းစား

Related posts

Leave a Comment

VOM News

FREE
VIEW