အင်းကြီးတောင်သမန်

ဆူးငှက်

“အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်
၁၁၄၄ခုနှစ်ကအမရပူရရွှေနိုင်ငံ
ရေချိုတွင်းနဲ့ ပျံ့နန်းလှန်…
ရွှေဘိုမင်းဆက်မှန်နန်းစံ
မတ်ဘိုးတော်သူစီမံ…အင်းကြီးတောင်သမန်”
(နန်းတော်ရှေ့ဆရာတင်တောင်သမန်သီချင်းမှ)
တောင်သမန်တဲ့…။ သူကအမရပူရမြို့မှာရှိသည်။

ရှေးက အမရပူရမြို့တော်သည် အရှေ့အောင်ပင်လယ်၊
အရှေ့တောင်ရွှေစာရံ၊တာင်-ပလိပ်ရွာ၊ အနောက်တောင်တဘက်ဆွဲ၊အနောက်မြောက် စစ်ကိုင်းတိုင်းနယ်မြေ၊မြောက်တောင်ကျုံးကြီးနှင့် အရှေ့မြောက်ဘုတ်သက်ကယ်ကျင်းအထိ ကျယ်ဝန်းသည်။ ၁၁၄၄ခုနှစ်၊ တပို့တွဲလဆန်း ၇ရက် အင်္ဂါနေ့တွင် မြို့တော်ရုံးတော်၊ရွှေနန်းတော်၊ ရွှေဂူတော်၊ ကျောင်းတော်၊ ပိဋိကတ်တိုက်တော်၊ ကန်တော်ဟူသော (၇)ဌာနကို တစ်ပြိုင်နက်တည်းဆောက်လုပ်ကာ မြို့တော်တည်ခဲ့သည်။

တောင်သမန်အင်းက အမရပူရမင်းနေပြည်တော် တောင်ဘက်မှာရှိသည်။ မြို့တော်အဖြစ် ကောင်းစားခဲ့စဉ်က အမရပူရကို အင်္ဂလိပ်လူမျိုး ဟင်နရီဂူဂျာက”မြန်မာပြည်၌စ်နှစ်အကျဉ်းခံရစဉ်” ဟူ၍ ရေးသားဖော်ပြထားပါသည်။

အမရပူရမြို့တော်သည် လမ်းမတော်များမှာသာ အုတ်ကြွပ်မိုးသော အိမ်များရှိကြသည်။ ကျန်အိမ်များကား သစ်သား သက်ကယ်အိမ်တို့ဖြင့်သာ ဆောက်လုပ်သော အိမ်များဖြစ်ကြသည်။ ထိုအိမ်များသည် မပျက်စီးခင်က ရှုချင့်စဖွယ်ဖြစ်လိမ့်မည်။ မြန်မာတို့ထုံးစံအတိုင်း အိမ်များကို ကျွန်းတိုင်စိုက်၍ ဆောက်ကြသည်။ လမ်းလက်မျက်နှာစာတွင် မြေမှသုံးပေမြင့်သော အောက်ဆင့်ကြမ်းပြင်၏ အနောက်ဘက်တွင်
လှေကားကိုတက်၍ အိမ်တွင်းခန်းသို့ရောက်နိုင်သည်။ အိမ်ခန်းသည်မပြင်နှင့် အလွန်ကွာသဖြင့် အိမ်အောက်တွင် ကျယ်လည်းကျယ်၊ မြင့်လည်းမြင့်၍ ပစ္စည်းသိုလှောင်ရန်နှင့် အခြားကိစ္စအတွက် အသုံးချသည်။ ဤကဲ့သို့ ဆောက်က်လုပ်လေ့ရှိသော အိမ်ပုံစံမျိုးသည် မြန်မာနိုင်ငံကဲ့သို့ မြေငလျင် မကြာခဏလှုပ်တတ်သော နိုင်ငံမျိုး၌ အထူးသင့်လျော်သည်..တဲ့။

ဟင်နရီဂူဂျာ တင်ပြသော အမရပူရမှ အိမ်ပုံစံသည် မြန်မာ့ရိုးရာ အိမ်ဆောက်ဓလေ့အတိုင်း ဆောက်လုပ်ထားသည့် အိမ်ပုံစံ ပကတိဖြစ်သည်။ အမရပူရမှာကဲ့သို့ ယင်းကဲ့သို့သော အိမ်ပုံစံများ ယခုအချိန်ထိ ကျန်ကောင်းကျန်ရာ ရှိနေသေးသည်မှာလည်း အမရပူရ၏ ဂုဏ်ဖြစ်သည်။ ထိုစဉ်က အမရပူရ၏ လမ်းများ
အနေအထားကိုလည်း ကြည့်ပါဦး..။

“အမရပူရ လမ်းမတော်များသည် ကျယ်၍ သာယာသည်။ လမ်းဘေးဝယ် မန်းကျည်းပင်များပေါက်လျက်ရှိသဖြင့် အရိပ်ကောင်းများရရှိသည်…”တဲ့။
ကဲ..ဒီမြင်ကွင်းကလည်း ယခုအမရပူရမြင်ကွင်းနှင့် ဘာများခြားနားဦးမှာလဲ။ အကယ်၍ ရှေးမြန်မာမြို့ပြဖွဲ့စည်းပုံနှင့် ရှေးမြန်မာ အိမ်ပုံစံများကို တမြတ်တနိုး ထိန်းသိမ်းထားသင့်သည်ဟု ယူဆပါက အမရပူရသည် အကောင်းဆုံး အနေအထားမှာရှိသည်။

အမရပူရ၏ အထင်ကရဖြစ်သော တောင်သမန်အင်းနှင့် ဦးပိန်တံတား ဝန်းကျင်ကကော လွန်ခဲ့သောနှစ်များမတိုင်ခင်အထိ လွမ်းဆွတ်ဖွယ်ရှေးဟောင်း မြို့ပြပုံရိပ်များကို ထင်ဟပ်ဆဲဖြစ်ခဲ့၏။ သက္ကရာဇ် ၁၂၁၃ (ခရစ်နှစ် ၁၈၆၁)က ပုဂံမင်း၏ မြို့စာရေး ဦးပိန်က အင်းဝနန်းတော်ဟောင်းက သစ်သားဟောင်းများဖြင့် မူလက ၉၈၄တိုင် (ယခုနောက်တိုးဖြင့် ၁ဝ၈၆တိုင်)၊ အရှည် ၃၉၆၇ပေရှိသည့် သစ်သားတံတားကြီးကို တည်ဆောက်ခဲ့ရာ ယခုအချိန်အထိ ထိုမူတံတားပုံစံနှင့် မယွင်းမတိမ်းစေရအောင် မဟာဂန္ဓာရုံဆရာတော်များ နှင့် တောင်လေးလုံးဆရာတော်တို့က အဆက်ဆက် ကြပ်မတ်ခဲ့ကြသည်။ ထို့ကြောင့်လည်း အမရပူရနှင့်
တာင်သမန်ကိုင်ငံခြားခရီးသွားကခရီးစဉ်တစ်ခုအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

ပေလေးထောင်နီးပါးအရှည် သံကူကွန်ကရစ်တံတားကြီးဆိုပါက ဘယ်ကမှ လှည့်ကြည့်မှာပင် မဟုတ်..။ သစ်သားတိုင်ဟောင်း။ ယက်မဟောင်း။ ထုပ်ဟောင်း ဒိုင်ဟောင်း ပန်းဆွဲဟောင်းများနှင့်မို့ တချို့နေရာမှာ ဟင်္သပြဒါးအနီတစ်ပိုင်းတစ်စ၊ တချို့နေရာမှာရွှေပိန်းချ အစွန်းအစ..။ တချို့နေရာမှာ ပန်းပုလက်ရာ အစအနများ ပါဝင်နေသဖြင့် ဦးပိန်တံတားကြီးကို စိတ်ဝင်စားလာကြခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း၅ဝနီးပါး မကြုံစဖူး ရေကြီးလေသောအခါ တံတားအလယ်ရှိ အခန်းအချို့ ရေမျောပျက်စီးခဲ့ဖူးသည်။ ထိုနေရာများကို ထိုစဉ်က ကွန်ကရစ်အုတ်တံတားဖြင့် အစားထိုးခဲ့လေဖူးသောကြောင့် ပစ်တင်ပြောဆိုရေးသားဝေဖန်ခဲ့ကြသည်။ ယခုနောက်ပိုင်းမှာတော့ ရေကြီးနစ်မြှုပ်မှုမျိုးနှင့် ကြုံကာ ပျက်စီးသည်များ ရှိသော်လည်း အသွင်မပြောင်းလဲသေး..။ လူသာဓုနတ်သာဓုခေါ်စရာပေ..။

ဦးပိန်တံတား၏ သည်မှာဖက်တွင် အင်းစပ် ကမ်းခြေတစ်လျှောက် သက်တော်ရှည် မယ်ဇယ်ပင်တန်းကြီးက
အကိုင်းချင်းယှက်..၊ အရိပ်ချင်းဆက်ကာ စီတန်းနေရာယူထား၏။ ပြီးတော့ တောင်မင်းကြီးဘုရားရှိသည်။
နွေဦးပေါက်ကလေးများရောက်ပြီဆိုလျှင် မယ်ဇယ်ပင်တန်းအောက် သဲမြေတွင် လှည်းလမ်းကြောင်းပေါ်လာပြီး ယာတဲသွား၊ ကိုင်းတဲသွားလှည်းတွေ တအီအီနှင့် ဖိန်တလုံးလုံးနှင့် တံတားကြီးအောက်က ဟို..ကိုင်းတော ယာတောဆီ သွားကြပြီ။ အင်းအလယ်မှာ ချောင်းရေကစပ်စပ်ပဲရှိ၏။ ပဲခင်း နှမ်းခင်း၊ ကိုင်းခင်းတွေက တမျှော်တခေါ် ..။ ကိုင်းတော လယ်ယာတဲဆီက မီးခိုးငွေ့ငွေ့အူသည်။ ထိုမြင်ကွင်းကား ဆောင်းဦးပေါက်မှလယ်အထိ..။ ဝါဆိုဝါခေါင်ရေဖောင်ဖောင် အချိန်မှာတော့။ယာတွေ ကိုင်းတွေအားလုံး ရေပင်လယ်က ပြည်ဖုံးကားချပေးလိုက်သည်။တောင်သမန်ကား ထိုစဉ်က ချစ်စဖွယ် သုံးရာသီအလှကို မရိုးရအောင် ရင်သပ်ရှုမော ဖွင့်လှစ်ပြခဲ့၏။

တံတားအရှေ့ဘက်မှာ ထန်းလတ်တဲကလေး ရှိသည်။ ဇရပ်အို ဇရပ်မင်းတွေ ရှိသည်။မဃဝတီတောင်သမန်
ကျောင်းတိုက်ကြီးမှ အကြွင်းအကျန် တံတိုင်းအိုကြီးတွေ ရှိသည်။ ကျောင်းတိုက်အုတ်ခုံကြီးတွေရှိသည်။ ပြီးတော့..နန္ဒမူလိုဏ်ဂူအလား တောင်သမန်ကျောက်တော်ကြီး ဂန္ဓာကုဋီတိုက်ကြီးက မိုးသို့စွင့်သည်။ သည်ဝန်းကျင် တစ်ခွင်ကို စိမ်းညို့မှိုင်းထန်းတောက အထပ်ထပ်ဝန်းရံပတ်ထားသည်။ ထန်းပင်၊ ထန်းလတ်၊ ထန်းရွက် အသွယ်သွယ်ကြားမှ လမ်းစဉ် လမ်းဆက်
လမ်းလက်တက်များ အလျှိုလျှို။ ထိုလမ်းများနဘေးမှာ ထန်းလက် အကြော်တဲလေးများရှိသည်။ အမိုးနိမ့် ဇရပ်အိုလေးများ ရှိသည်။ ထန်းလက်မိုး၊ရအိုးစင်လေးများ ရှိသည်။ ထန်းလက်ကုလားထိုင်များပုလုပ်သည့် လုပ်ငန်းခွင်ကလေးများ ရှိသည်။ ဒါကလည်းဟိုး..အရင်တုန်းက ဖြစ်သည်။

အခု မယ်ဇင်ပင်တန်းမှာ တံတားထိပ်ကအစတာင်လေးလုံးကျောင်းတိုက်အထိ နံကပ်ဆိုင်ခန်းတွင်ဖြစ်ကုန်၏။
အရိပ်ရ မယ်ဇယ်ပင်တန်းပါ မကျန် အင်းရေစပ် သဘာဝအလှနေရာတွေမှာ ဆိုင်ခန်းဈးတိုက်ခန်းများက အစားထိုးသွားသည်။

ဟိုး.. အရှေ့တောင်သမန်ကျောက်တော်ကြီး ထန်းတောကတော့ ‘ရတနာပူရတက္ကသီလာ’ အခြေပြု လူနေရပ်ကွက်ကြီးနှင့် ဆောက်လက်စ ဟိုတယ်စီမံကိန်းတွေဖြစ်သွား၏။

တောင်သမန်နှင့် ဦးပိန်တံတားဝန်းကျင်ကား အပြောင်းအလဲကြီးပာင်းလဲသွားချေပြီ။
တချို့ အဆင်းလှ..အချို့အဆင်းမလှ…။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW