တစ်ခါက ရွှေမြို့တော်

ဆူးငှက်

““ချစ်တဲ့ သူငယ်လေး …
သူငယ်ချင်းကောင်း ယောင်းမတို့လေ …
နှမထွေးမယ်တို့အိမ်ကို
သိလိုချင်မှု
နတ်ခရိုင်နှင့် ဈေးဆိုင်နှင့်
အိမ်ရှေ့ကမူ အုတ်ပလ္လင်နှင့် ညောင်ပင်နှင့် …
အိမ့်တောင်ကမူ ကြက်သွန်ခင်းနှင့် ရေတွင်းနှင့်
အိမ့်မြောက်ကမူ စပါးလင်နှင့် ဒန်းပင်နှင့်
အိမ့်နောက်ကမူ မိဿလင်နှင့် ချင်းပင်နှင့် …။””
(ရှင်ငြိမ်းမယ် – အိုင်ချင်း)

စာဆိုရှင်ငြိမ်းမယ်က သူ့အိုင်ချင်းကို ညောင်ရမ်းခေတ်တွင် ရေးစပ်ခဲ့သည်ဟု ဖတ်မှတ်ရသည်။ အကယ်၍
ရှင်ငြိမ်းမယ်သာ အမရပူရခေတ်တွင် စာဆိုရလျှင် ““နှမထွေး မယ်တို့အိမ်ကို သိလိုချင်မူ နတ်ခရိုင်နှင့်
ဈေးဆိုင်နှင့်၊ အိမ်ရှေ့ကမူ စပျစ်ပင်နှင့် ရက်ကန်းစင်နှင့် …”” ဟု စပ်ဆိုပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် အင်းဝဆင်ဖြူရှင်မင်းလက်ထက် သက္ကရာဇ် ၁၁၃၅ ခုနှစ်ကတည်းက ကွမ်ယင်စီခေါ်
ဗာဓိသတ်ဘုရားလောင်းအတွက် ဗိမာန်ဆောင်တစ်ခုကို အင်းဝနေပြည်တော်တွင် တည်ဆောက်ခွင့်ရရှိသည်။
ထို့နောက် ဘိုးတော်ဘုရားက အမရပူရမင်းနေပြည်တော် တည်ထောင်တော်မူသောအခါ အမရပူရတွင်လည်း ကွမ်ယင်စီဘုရားကျောင်း ထပ်မံတည်ဆောက်သည်။ အမရပူရရှိ ကွမ်ယင်စီဘုရားကျောင်းကို ဘိုးတော်ဘုရားလက်ထက် ၁၁၇၂ ခုနှစ်တွင် တစ်ကြိမ်၊ ဘကြီးတော်ဘုရားလက်ထက် ၁၁၉၁ ခုနှစ်တွင် တစ်ကြိမ်၊ ၁၁၉၉ခုနှစ်တွင် တစ်ကြိမ် မီးသင့်လောင်ခဲ့၍ အသစ်ပြန်လည်တည်ဆောက်ခဲ့သည်။

ယင်းသို့ အကြိမ်ကြိမ် မီးသင့်သဖြင့် အသစ်ပြန်လည်တည်ဆောက်ရာတွင် သာယာဝတီမင်းလက်ထက်
သက္ကရာဇ် ၁၂၀၀ပြည့်နှစ်တွင် တည်ဆောက်သောအခါ တံတိုင်းမီးတားများအပြင် ရဟန္တာဆောင်၊ နတ်ကွန်းဆောင်များကိုပါ အသစ်တည်ဆောက်ခဲ့သည်ဆို၏။ အဆိုပါ ဘုရားကျောင်း တည်ခွင့်ရရှိလောက်အောင် ကုန်းဘောင်ခေတ် တစ်လျှောက်လုံး မြန်မာမင်းနေပြည်တော်များ၌ တရုတ်လူမျိုးတို့ အခြေချနေထိုင်မှု
အားကောင်းခဲ့ပုံကို ခန့်မှန်းရရှိနိုင်လေသည်။ ထို့ကြောင့် အမရပူရမြို့တွင် ရွှေဂွမ်းထုပ်ရပ်ကွက်၌ တရုတ်တန်းဟူ၍ သီးသန့်တည်ရှိခဲ့သည်။

တရုတ်လူမျိုးတို့ အမရပူရ နေပြည်တော်တွင် အခြေချနေထိုင်စဉ် အဓိက အသက်မွေးမှုမှာ ပိုးထည်များ ရက်လုပ်ကြခြင်းဖြစ်သည်။ ရိုးရာ ပိုးထည်များသာမက ဒေသထွက် ချည်ထည်များကိုလည်း ရက်လုပ်ကြသည်။ ထို့ကြောင့် အမရပူရမြို့တော်ကို ဆင်းရဲလှသော
ဖုန်မှုန့်များအကြားမှ ပိုးထည်များ၏ စူးရဲတောက်ပမှု ပြိုးပြက်သော မြို့တော်ဟု သံတမန်တို့က ပိုးထည်များ၏ စူးရဲတောက်ပမှု ပြိုးပြက်သော မြို့တော်ဟု သံတမန်တို့ကင်းခိုင်းကြသည်။

ရွှေမြို့တော်ရှိ တရုတ်လူမျိုးတို့က ပိုးထည်များ ရက်လုပ်ကြသည့်နည်းတူ ဒေသခံမြန်မာတို့က ချည်ထည်များ ရက်လုပ်ကြ၍ အိမ်တိုင်းတွင် ရက်ကန်းစင်ရှိသည်။ထို့အပြင် မြို့တော်သို့ရောက်ရှိလာသော အီတလီလူမျိုး သာသနာပြုတစ်ဦး စတင်ယူဆောင်စိုက်ပျိုးခဲ့သော စပျစ်ပင်များကိုလည်း အမရပူရရှိ အိမ်တိုင်းတွင် စီးပွားဖြစ် စိုက်ပျိုးကြသေးသည်ဟုဆို၏။

အမရပူရရှိ အိမ်တိုင်းတွင် အိမ်ရှေ့၌ စပျစ်ပင်တင်ထားသော စင်ရှိသည်။ စပျစ်စင်ပေါ်တွင် စပျစ်နွယ်တို့ ယှက်တင်နေသည်။ စပျစ်ရွက်တို့က ရာသီဥတုနှင့် မျှတ၍ ပိန်းပိတ်နေ၏။ စပျစ်နွယ်တို့က စပျစ်သီး၊ စပျစ်ခိုင်တို့ တွဲလောင်းခိုနေသည်။ နေ့အခါ အညာနွေ​၏ နေရောင်ကို စပျစ်နွယ်တို့က ဇာပန်းပေါက်များသဖွယ် အရိပ်ဆင်သည်။ ညရောက်တော့ ငွေလရောင်ဇာလွှာ ပန်းချီပေါ့…။ ထိုဇာပန်းရိပ်များအောက်မှာ ဝါးကွပ်ပျစ်၊ အသားကွပ်ပျစ်များနှင့်အတူ ရက်ကန်းစင်တွေရှိသည်။ အမရပူရ၏ အိမ်တိုင်းစေ့မှာက “စပျစ်ပင်နှင့် ရက်ကန်းစင်နှင့်” ဟု ဆိုစမှတ် ရှိခဲ့သည်။

အမရပူရက ရွှေမြို့တော်ဘဝကတည်းက ရက်ကန်းလုပ်ငန်း ထွန်းကားခဲ့သကဲ့သို့၊ ပန်းဆယ်မျိုး အနုပညာရပ်များလည်း အဆင့်မြင့်မြင့် ထွန်းကားသည်။ ရွှေမြို့တော်၏ မြောက်ပြင်အရပ်မှာ ပန်းဆယ်မျိုး အနုပညာ လုပ်ငန်းများအနက် ပန်းတဉ်း၊ ပန်းပု၊ ပန်းတမော့လုပ်ငန်းများအတွက် သီးခြားရပ်ကွက်ကြီးပင် ဖွဲ့စည်းပေးထားသည်။ (မန္တလေးရတနာပုံခေတ်ရောက်တော့ အဆိုပါရပ်ကွက်ကြီးက တောင်ပြင်၊ တမ္ပဝတီရပ်အဖြစ် ပြောင်းလဲသွား၏။) အထူးသဖြင့် နန်းတော်အိမ်တော်များ၊ သာသနိက အဆောက်အဦများ၊ နန်းသုံးတော်ဝင် အဆောက်အဦများ၏ ဒီဇိုင်းအမျိုးအစား၊
မြန်မာမှု ပန်းအမွှမ်းများသာမက အုတ်အင်္ဂတေ အမာထည်များနှင့် ပေါင်းစပ်ဖွဲ့စည်းမှုများတွင် အထူးကောင်းမွန် စံထားဖွယ်များဖြစ်သည်။

သက်ကယ်မိုး၊ ပျဉ်ကာ၊ ၁ထပ်၊ ၂ထပ်ရှိ၊ သာမန်လူနေအိမ်လေးများဖြင့်သာ ဖွဲ့စည်းထားသော အမရပူရမြို့တော်ကြီးမှာ နန်းတော်ကြီးများ၊ ထီးရပ်နန်းရပ် အဆောက်အဦများနှင့် ဘုန်းကြီးကျောင်းကြီးများမှာ မှန်စီရွှေချ၊ ဟင်္သပြဒါးနှင့်ရွှေပိန်းချ တိုင်လုံးကြီးများ၊ ပန်းပုထည်များ၊ အဆောင်ပြာသာဒ်များဖြင့် ကြီးကျယ်ခမ်းနားလှကြောင်း၊ သံတမန်နိုင်ငံခြားသားများ၏ မှတ်တမ်းများ၊ ဓာတ်ပုံများ၊ ပုံကြမ်းပန်းချီကားများအရ အထင်အရှားဖြစ်ခဲ့သည်။

အမရပူရ သုဓမ္မာဇရပ်တော်ကြီးက အုတ်အင်္ဂတေ ပန်းတော့လက်ရာများ၊ နဂါးရုံဘုရား၏ စိတ်ကူးစိတ်သန်း၊တောင်သမန်ကျာက်တော်ကြီး ဂန္ဓကုဋီတိုက်၏ ဗိသုကာ၊ နန်းမြင့်မျှော်စင်၊ ရွှေတိုက်တော်၊ ပိဋတိုက်တို့၏ သစ်သားနှင့်အုတ်အင်္ဂတေအဆောင်တို့ အချိုးကျ ဆက်စပ်နိုင်မှုမှာ အံ့မခန်းဖြစ်ခဲ့သည်။ မြန်မာလူမျိုးတို့၏ သဒ္ဓါတရားအရ တစ်နှစ်ပတ်လုံး ရှာဖွေရသမျှ စုဆောင်းကာ လှူဒါန်းကုသိုလ်ပြုကြသောကြောင့် ဘုရားကျောင်းကန်၊စေတီပုထိုး တည်ထားမှုက အစဉ်မပြတ်ရှိသည်။ ထို့ကြောင့် လက်မှုပညာ လုပ်ငန်းက နားရသည်မရှိဘဲ၊ အသစ်သော ဖန်တီးတီထွင်မှုများဖြင့် လည်ပတ်တိုးတက်လျက်ရှိသည်။

မဟာဝိဇယရံသီ ပုထိုးတော်ကြီးဘုရား၏ ဉာဏ်တော်မြင့်မား ခံထည်မှုနှင့်အတူ ပထမပစ္စယံမှ
စကျင်ကျောက်ဖြူများဖြင့် ထွင်းထုထားသော ငါးရာ့ငါးဆယ်ဇာတ်ကွက်၊ ဒုတိယပစ္စယံမှ ဇာတ်ကြီးဆယ်ဘွဲ့၊ တတိယပစ္စယံမှ သမ္ဗုဒ္ဓေဘုရား ရုပ်တုတော်များ က ထင်ရှားသည်။ မဟာသကျရံသီကျောက်တော်ကြီးဘုရား၏ ကျောင်းတော်က နန္ဒမူလိုဏ်ဂူကဲ့သို့သော စိတ်ကူးစိတ်သန်းဖြစ်ပြီး ပုဂံမင်းလက်ထက် ရေးဆွဲသော နံရံဆေးရေးပန်းချီများက ဇာတ်နိပတ်၊ မဟာစကြဝဠာ၊ မင်းကောင်းမှုစာရင်းသာမက အမရပူရခတ်
လူနေမှုစရိုက်များ၊ ဝတ်စားဆင်ယင်မှုများကိုပါ မှတ်တမ်းတင်သည်။

ဦးပိန်တံတားထိပ်ရှိ တောင်မင်းကြီးဘုရားကလည်း
ဆင်းတုတော်၏ ကြည်ညိုမှုကို ပန်းရံနှင့် ပန်းတော့ပညာဖြင့် ဖမ်းစားထားသည်။ သတ္တဌာနဘုရား၊ နဂါးရုံဘုရား၊ပြာသာဒ်ကြီး ဘုရား၊ သံဗုဒ္ဓေစေတီ၊ရွှေမုဋ္ဌောမဟာသိမ်တော်ကြီးတို့ကလည်း အမရပူရခေတ်၏ လက်မှုအနုပညာများကို တင်ကျန်ရစ်စေသည်။

အမရပူရရွှေမြို့တော်ကား တစ်ချိန်က နတ်ဘုံနတ်နန်းကဲ့သို့ တင့်တယ်လှပ စည်ကားခဲ့ချေပြီ။ သို့သော်
မတည်မြဲခြင်းတရားသာမက မြန်မာတို့၏ အစွဲအလမ်း အယူအဆများကြောင့် မြို့တော်ကြီးများ အရာကျသွားချိန်တွင် စွန့်ပစ်ခြင်းခံရမှု ဓမ္မတာအတိုင်း “ရွှေမှန်ကင်း အစစ်က၊ ထင်းဖြစ်ခဲ့ရ””သည့် ဖြစ်စဉ်တွင် အမရပူရလည်း ပါဝင်ချေသည်။

အမရပူရ နန်းခံ ပုဂံမင်းကို ထီးနန်းအရာက ချပြီး မင်းတုန်းမင်း နန်းတက်ကာ သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် ရတနာပုံနေပြည်တော်အသစ် တည်ထောင်တော်မူသောအခါ ရွှေနန်းတော်သာမက အချို့သော ဘုန်းတော်ကြီးကျောင်းများပါ အမရပူရမှ ပြောင်းရွှေ့ထွက်ခွာသွားကြသောကြောင့် အမရ၏ရွှေရောင်တို့ မှေးမှိန်ကြရလေသည်။ စွန့်ခွာခံရသည်နှင့် ရွှေပိန်းချ တိုင်လုံးများ၊ တံခါးရွက်များ၊ ကနုတ်ပန်းပုများ၊ မှန်စီရွှေချ နံရံများ၊
ပန်းပုရုပ်လုံးများ၊ သရိုးပန်းကပ် ပလ္လင်ခုံများ၊ပြာသာဒ်အဆောင်၊ အမိုးဒိုင်းမား ကျွန်းသားလုံးများကား
မသမာသူတို့၏ လက်ပေါင်းထောင်ချီ ချိုးဖဲ့ယူဆောင်ခြင်း ခံကြရတော့၏။ အကျိုးအပဲ့၊ အုတ်ပုံ၊ အုတ်ခုံများကြားမှာပင် တည်ငြိမ်ခွင့်လွှတ်တော်မူသော မျက်နှာတော်နှင့် ဆင်းတူတော်များဖြစ်သလို စံပ္ပာယ်တော်မူကြရသည်ဟု မြင်တွေ့သူများက စိတ်မကောင်းစွာ မှတ်တမ်းတင်ကြသည်။ သည်ကြားထဲ ၁၂၄၇
ခုနှစ်တွင် ကုန်းဘောင်ထီးနန်း ဆိတ်သုဉ်းပြီး သူ့ကျွန်အောက် ရောက်ရပြန်တော့ တောကြောင်များ၏ လက်ခမောင်းခတ်သံ တညံညံနှင့် အရာအားလုံး ပျက်သုဉ်းခဲ့ရတော့သည်။

““… အဲ … ပုထိုးတော်ကြီး ကျောက်လှေကား
အောက်ခြေအနားက အင်္ဂတေ၊
တူရွင်းရှည်ရှည်နဲ့ အထူးအပေါက်
တစ်ဦးတစ်ယောက်မက အတန်များပါကလား၊
အကြံမှား၍ အတင်းဝင်၊
ပယင်းကုတင်နှင့် ရွှဒေါင်းတောင်၊
ငွေပေါင်းချောင်နှင့် စိန်ခရေသီး၊
စိန်ခါးစည်းနှင့် စိန်ညောင်ရွက်၊
စိန်တောင်တစ်ဘက်၊ တစ်ဘက် ထုနှက်ကာ
သူ့ထက်ငါ အရကြိုး၊ ….”” ဟူသော ပုထိုးတော်ကြီး ဌာပနာဖောက်လင်္ကာကြီးနှင့် အမရပူရမြို့ပျက်ပုံကို လူရွှင်တော်ကြီး ဦးချစ်စရာက ရွတ်ဆို မှတ်တမ်းတင်ခဲ့သည်။
အဲဒီအဖြစ်အပျက်က သက္ကရာဇ် ၁၂၆၇ ခုနှစ်မတိုင်မီကတဲ့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW