ယူကရိန်းစစ်ပွဲ ၁၃ ရက်မြောက်

– Institute for the Study of War ( ISW) က ၂၄ နာရီ ကနေ ၉၆ နာရီအတွင်း မြို့တော် ကီယက်ဗ် ကို ရုရှားတပ်တွေ စီးနင်း တိုက်ခိုက်မယ်လို့ မတ်လ ၇ ရက်နေ့ ကထုတ်ပြန်ပါတယ်။ ဒီကနေ့ ၈ရက်ဆိုတော့ နောက်၂၄ နာရီအတွင်းတိုက်မယ့် သဘောပါ။
 
– ရုရှားတပ်တွေက ယူကရိန်းမြို့တော် ကီယက်ဗ် နဲ့ ၁၀ မိုင်အကွာအထိ ချီတက်လာနေပြီ ဖြစ်လို့ မြို့နေလူထုက စိုးရိမ်ကြောင့်ကြနေပါတယ်။
 
– ရုရှားရဲ့ စစ်ကြောင်းကြားမှာ ပိတ်မိနေတဲ့သူတွေ ဘေးလွတ်ရာကို ထွက်လို့ရအောင် မြောက်ပိုင်းကမြို့တချို့ နဲ့ ဆူမီမြို့မှာ ရုရှားက ယာယီ အပစ်အခတ် ရပ်ပေးလိုက်တယ်။ ဆူမီမှာပိတ်မိနေတဲ့ အိန္ဒိယ ကျောင်းသား အများစုပါတဲ့ နိုင်ငံခြားသားကျောင်းသားတွေကို ဘေးလွတ်ရာ နယ်စပ်ကို ထွက်ခွာနေကြပါပြီ။
 
– မနေ့ညက ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ဆူမီမြို့မှာ ကလေး၂ ယောက် အပါအဝင် လူ၂၁ ဦးသေဆုံးသွားပါတယ်။
 
– ယူကရိန်းအရှေ့တောင်ပိုင်းက လူဦးရေ ၅ သိန်းရှိတဲ့ မာရီအာပိုလ် မှာ ပိတ်မိနေတဲ့ လူတွေဟာ ရေ၊မီးမရ၊အနွေးဓါတ်လည်းမရှိ ရိက္ခာလည်း ပြတ်နေပါတယ်၊ အေးခဲနေတဲ့ရာသီဥတုကို အံတုနေရင်း မြို့က ထွက်နိုင်ဖို့ စောင့်နေကြ ပါတယ်။ လမ်းတွေပေါ်ကစုပြုံနေတဲ့ အလောင်းတွေကို အင်္ဂါနေ့မှာတော့ အစုအပြုံလိုက် မီးသင်္ဂြိုလ် လိုက်တယ်လို့ သိရပါတယ်။
 
– ယူကရိန်းမြောက်ပိုင်းရှိမြို့တွေကနေ ဘေးလွတ်ရာထွက်ပြေးနေကြတဲ့ အရပ်သားတွေ အသုံးပြုတဲ့ လမ်းဆုံလမ်းခွကို ရုရှားကဗုံးကြဲတိုက်ခိုက်ပါတယ်။
 
– ပိုလန် နယ်ခြားစောင့် အေဂျင်စီက ယူကရိန်းစစ်စဖြစ်တဲ့အချိန်ကနေ ဒီကနေ့အထိ ဒုက္ခသည် ၁သန်း၂သိန်း ပိုလန်နိုင်ငံဆီထွက်ပြေးလာတယ်လို့ ပြောပါတယ်၊ တနင်္လာနေ့က ဝင်လာသူ တစ် သိန်းလေးသောင်းကျော်ပါတယ်။
 
ထွက်ပြေးလာသူအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းက ယူကရိန်းနိုင်ငံသား တွေဖြစ်ပြီး မိန်းမနဲ့ ကလေးတွေဖြစ်ပါတယ်။
 
– ယူကရိန်းတောင်ပိုင်းက Mykolaiv မြို့က လူနေရပ်ကွက်မှာ ရုရှားတိုက်ခိုက်မှုကြောင့် နေအိမ်တွေမီးလောင်ပျက်စီးသွားပါတယ်၊ အရပ်သား၄ ဦးသေဆုံးသွားပြီး အများအပြားဒဏ်ရာရရှိသွားပါတယ်။
 
– ယူကရိန်း အရှေ့ခြမ်းက ကာခိဗ်မှာ လည်း အလွှာ၉လွှာ တိုက်ခန်းကို ဗုံးကြဲတိုက်ခိုက်လို့ မီးအကြီးအကျယ်လောင်ကျွမ်းသွားပါတယ်။အနည်းဆုံး၄ ဦးသေဆုံးပါတယ်။
 
– ဒီရက်ပိုင်းမှာ ရာသီဥတုက အပူချိန် ‌ရေခဲအောက် အမှတ် ၁၃ ဒီကရီစင်တီဂရိတ်ကနေ ၂၀ ဒီကရီအထိ ကျဆင်းနေလို့ စစ်ပြေးဒုက္ခသည်တွေဟာ နှင်းထဲမှာ ရထား၊ ဘတ်စ်ကား စီးဖို့ နာရီပေါင်းများစွာစောင့်နေကြပါတယ်။
 
– ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်စကီးကဗီဒီယိုကနေ ဗြိတိသျှပါလီမန်ကို မိန့်ခွန်းပြောပါတယ်။ ပထမဆုံးအကြိမ် နိုင်ငံခြားတိုင်းပြည် ရဲ့ ခေါင်းဆောင်က ဗြိတိသျှပါလီမန်မှာ အမတ်တွေကို တိုက်ရိုက်မိန့်ခွန်း ပြောတာပါ။ ‘’ ကျွန်တော်တို့ အရှံး မပေးဘူး၊ ကျွန်တော်တို့ မရှုံးဘူး၊ ဘယ်လောက်ဘဲပေးဆပ်ရပါစေ ကျွန်တော်တို့ရဲ့ တိုင်းပြည် အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ လို့ပြောပါတယ်။’’ ဇလန်စကီးက လေယာဥ်မပျံသန်းရအမိန့်ထုတ်ပြန်ဖို့ ထပ်မံတောင်းဆိုပါတယ်။ သူမိန့်ခွန်းအပြီးမှာ အမတ်တွေက ထိုင်နေရာက ထ မတ်တပ်ရပ်ပြီး ကောင်းချီးသြဘာ ပေးကြပါတယ်။
 
– ပိုလန်နိုင်ငံက ယူကရိန်းကလိုချင်တဲ့ MiG-29 တိုက်လေယာဥ်တွေကို ဂျာမဏီမှာရှိတဲ့ အမေရိကန်လေတပ်အခြေစိုက်စခန်းဆီ ပို့ဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။ ယူကရိန်းဆီဂျက်လေယာဥ်တွေပို့ဖို့ကို တော့ အမေရိကန်က ဆုံးဖြတ်ပါလို့ဆိုပါတယ်။
 
– သမ္မတ ဘာဒင်က အမေရိကန်နိုင်ငံကို ရုရှားရေနံနဲ့ သဘာဝဓါတ်ငွေ့ အမေရိကန်ကို တင်သွင်းခွင့် ပိတ်လိုက်ပါတယ်။
 
– ဗြိတိန်က တဖြည်းဖြည်းနဲ့ ရုရှားဆီက ရေနံနဲ့ ဓါတ်ငွေ့တင်သွားတာကို လျော့ချပြီး အခုနှစ် နှစ်ကုန်မှာ လုံဝပိတ်ပင်မယ်လို့ ကြေညာပါတယ်။
 
– အနောက်နိုင်ငံတွေက ရုရှား ဆီက ရေနံနဲ့ ဓါတ်ငွေ့ကို မဝယ်ဘဲ ပိတ်ဆို့မယ်ဆိုရင် ဂျာမဏီ နဲ့ ရုရှား ဓါတ်ငွေ့ပိုက်လိုင်းကို ပိတ်ရလိမ့်မယ်လို့ ရုရှားက သတိပေး ပါတယ်။
 
– ရုရှားမှာရှိတဲ့ Mc Donald မက်‌ဒေါနာ ဟန်ဘာကာဆိုင် ၈၅၀ ကို ယာယီပိတ်မယ်လို့ မက်ဒေါနာကုမ္ပဏီ က ကြေညာပါတယ်။
 
Starbucks, Coca-Cola နဲ့ Pepsi – Cola တို့လည်း ရုရှားမှာလုပ်ငန်းတွေရပ်လိုက်ပါတယ်။
 
– ဂျပန်က ရုရှားအပေါ် တတိယအရစ် ပိတ်ဆို့ဒဏ်ခတ်လိုက်ပါတယ်။ စောစောပိုင်းက ရုရှားဘဏ်တွေကို ပိတ်ဆို့ခဲ့ပြီး အခုတခေါက်မှာ သမ္မတ ပူတင်ရဲ့ လက်ထောက်အရာရှိချုပ် အပါအဝင် ရုရှား ၂၀ ကို ဆန်ရှင် ပိတ်ဆို့အရေးယူလိုက်ပါတယ်။
 
– ရေနံချက်စက်ရုံမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ ရုရှားဆီတင်ပို့ခွင့် ဂျပန်က ပိတ်လိုက်သလို ဘေလာရုစ်နိုင်ငံဆီလည်း စစ်တပ်အတွက်အသုံးပြုနိုင်တဲ့ ပစ္စည်းတင်သွင်းခွင့် ကို ပိတ်ဆို့လိုက်ပါတယ်။
 
– ပိုလန် နယ်ခြားစောင့် အေဂျင်စီက ယူကရိန်းစစ်ပွဲစတဲ့ အချိန်ကနေ ဒီကနေ့အထိ ဒုက္ခသည် ၁သန်း၂သိန်း ပိုလန်နိုင်ငံဆီထွက်ပြေးလာတယ်လို့ ပြောပါတယ်၊ တနင်္လာနေ့က ဝင်လာသူ တစ် သိန်းလေးသောင်းကျော်ပါတယ်။
 
ထွက်ပြေးလာသူအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းက ယူကရိန်းနိုင်ငံသား တွေဖြစ်ပြီး မိန်းမနဲ့ ကလေးတွေဖြစ်ပါတယ်။
 
– အသက်၁၁နှစ်အရွယ် ယူကရိန်းယောက်ျားလေးတစ်ဦးအဖော်မပါပဲ စလိုဗက်ကီးယားနယ်စပ်ဆီ ရောက်လာပါတယ်။ သူ့လက်ထဲမှာ နိုင်ငံကူးလက်မှတ်၊ ဖုန်းတစ်လုံးနဲ့ စလိုဗက်ကီးယားက အမျိုးတွေကို ဆက်သွယ်ရမယ့်စာတိုလေး တစောင်ပါလာပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကိုလည်းသူ့ရဲ့ လက်ဖမိုးပေါ်မှာ ရေးထားပါတယ်။ နျူကလီးယားဓါတ်အားပေးစက်ရုံ ရှိတဲ့ ဇာပိုရစ်ရှီယား မြို့မှာရှိတဲ့ သူ့ရဲ့အမေကို နယ်စပ်လုံခြုံရေးရဲ့ အကူအညီနဲ့ ဆက်သွယ်နိုင်ပါတယ်။ သားဖြစ်သူ နယ်စပ်ကို ချောမောစွာရောက်သွားတာကို သိရလို့ သူ့အမေကဝမ်းသာကြောင်းပြောပြီး သူဟာမုဆိုးမဘဝနဲ့ သားသမီးတွေ ကို စောင့်ရှောက်နေရသူဖြစ်တဲ့ အပြင် အိပ်ယာကမထနိုင်တဲ့ မကျန်းမာတဲ့ အမေကြောင့် တခြားနိုင်ငံကို စစ်ရှောင်ဖို့ဆိုတာမဖြစ်နိုင်တဲ့အကြောင်း အဲဒါကြောင့် သားကို အမျိုးတွေရှိတဲ့ နိုင်ငံကို တယောက်တည်း လွှတ်လိုက်ရတဲ့အကြောင်းပြောပြပါတယ်၊ သူ့သားကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ သူနေတဲ့ မြို့မှာ ရုရှားတပ်တွေက ပစ်ခတ်နေတာ နေ့တိုင်းပဲလို့ ပြောပါတယ်။
 
စစ်ရေးသုံးသပ်ချက်
 
အမေရိကန် စစ်ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စကော့ ဘယ်ရီယာ Scott Berrier က အင်္ဂါနေ့ကလုပ်တဲ့ အမေရိကန် ကွန်ကရက်လွှတ်တော် ကြားနာပွဲမှာ ယူကရိန်းစစ်ပွဲအတွင်း သေဆုံးတဲ့ ရုရှား စစ်သား ၂၀၀၀ နဲ့ ၄၀၀၀ ကြားမှာ ရှိတယ်လို့ ပြောပါတယ်။ ယူကရိန်းသမ္မတ ဇလန်စကီးကတော့ တိုက်ပွဲမှာ သေဆုံးတဲ့ ရုရှားစစ်သား တစ်သောင်း‌ ကျော်တယ်လို့ ဆိုပါတယ်။ ရုရှားက အခုအထိ မြို့တော်ကို မသိမ်းနိုင်သေးတာ ယူကရိန်းရဲ့ ခံစစ်အားကောင်းသလို ရုရှားစစ်သားတွေ စိတ်ဓါတ်ကျ နေတာလည်း ပါတယ်လို့ စစ်ရေးအကဲခတ် တွေက သုံးသပ်ပါတယ်။ ရုရှားစစ်သားတွေကို ရှေ့တန်းပို့မယ်လို့ မပြောပဲ သင်တန်းတက်ဖို့ ဆိုပြီး လိမ်ခေါ်လာတယ်လို့ ယူကရိန်းကဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကထွက်ဆိုပါတယ်။
 
အနောက်နိုင်ငံက ထောက်လှမ်းရေးသတင်းတွေအရ လာမယ့် ၄၈ နာရီအတွင်း မြို့တော် ကီယက်ဗ်ကို ရုရှားက စစ်ကြောင်းထိုးနိုင်တယ်လို့ဆိုပါတယ်။ ရုရှားတပ်တွေက ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်နေပြီး တပ်အင်အား ဖြည့်နေတဲ့အပြင် အမြောက်တွေ မစ်ဇိုင်းဒုံးတွေ နဲ့ မြေပြင် နဲ့ ဝေဟင်ကနေ တိုက်ခိုက်နေတာတွေဟာ ထိုးစစ်မစခင် လုပ်လေ့လုပ်ထရှိတဲ့ လက္ခဏာတွေလို့ ဆိုပါတယ်။ ဒီနည်းပရိယာယ်က ယူကရိန်းဘက်က ခုခံအားနဲ့ စိတ်ဓါတ်ကို ချိ့နဲ့အောင်လုပ်တာလို့ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။ ရုရှားတပ်တွေက စံနစ်တကျ အင်အားဖြည့် စုစည်းပြီး မြို့တော်ကို ဝိုင်းထားတဲ့ တပ်တွေနဲ့ ဟန်ချက်ညီညီ စစ်ကြောင်းထိုးမယ်ဆိုရင် အရင်တိုက်ပွဲတွေထက် ပိုအောင်မြင်နိုင် မယ်လို့ လည်း သုံးသပ်ကြပါတယ်။ မနက်ပိုင်းက ကီယက်ဗ်‌ဒေသထဲ သွားနေတဲ့ ရုရှား စစ်ယာဥ်တန်းကို ခြုံခိုအတိုက်မခံရအောင် ရုရှား Ka-52 ရဟတ်ယာဥ်က ကောင်းကင်ပေါ်က လိုက်ပါ ပျံသန်း ပေးနေပါတယ်။
 
ဒီရာသီက နှင်းတွေ အရည်ပျော်ပြီး ဗွက်ထတဲ့ ရာသီဆိုတော့ ရုရှားစစ်ယာဥ်တန်းက ကတ္တရာ လမ်းပေါ် တက်မောင်းရတော့ ယူကရိန်းတပ်တွေ ရဲ့ ခြုံခိုတိုက်ခိုက်မှုကို မကြာခဏခံရပါတယ်။ ယူကရိန်းကို ကနဦး တိုက်တုန်းက ရုရှားက တပ်ရင်း ၂ရင်း ၃ ရင်းလောက်နဲ့ စစ်ကြောင်းထိုးနေပြီး ရှေ့တန်းက တခြားတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်မှု မရှိတဲ့အတွက် မှန်းထားသလို မအောင်မြင်ဘူးလို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ မြို့တော်ကီယက်ဗ် တဝိုက် အင်အားကြီးတဲ့ ရုရှား တပ်ဖွဲ့တွေ ဖြန့်ကျက် နေတဲ့ သဘောက မြို့တော်ကို ဘက်ပေါင်းစုံကနေစစ်ကြောင်းထိုးမယ့် သဘောဖြစ်တယ် အငြိမ်းစား နေတိုး တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Philip M. Breedlove က မှတ်ချက်ချပါတယ်။ မြို့တော်ကီယက်ကို ခုခံဖို့ လမ်းဆုံလမ်းခွတွေမှာ ယူကရိန်း စစ်သားတွေနေရာယူထားနေပြီဆိုတော့ ဥရောပမှာ ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း ပြင်းထန်တဲ့စစ်ပွဲကြီးနဲ့ မကြာမီရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
 
ဘီဘီစီမြန်မာပိုင်းဌာနမှူးအငြိမ်းစား ဒေါ်တင်ထားဆွေ စုစည်းတင်ပြသည်။
 
#voiceofmyanmar #VOM #ရုရှားယူကရိန်း

Related posts

Leave a Comment

VOM News

FREE
VIEW