လှည်းစစ်တမ်း

ဆူးငှက်

မန္တလေးက ဧရာဝတီမြစ်ကမ်းဘေးဆိုပေမယ့် တစ်လျှောက်လုံးကျွမ်းဝင်ခဲ့တာက လှည်းတွေပါပဲ။
လှည်းဆိုတာ ကျေးလက်မှာ သယ်ယူပို့ဆောင်ရေးအတွက် သာမက မိသားစု အဆောင်အယောင် အနေနဲ့လည်း
အသုံးဝင်ပါတယ်။ အိမ်နဲ့ယာခင်း ကုန်စည်သယ်ပို့အပြင် တစ်ရွာနဲ့တစ်ရွာ အကူးအသန်းမှာလည်း ‘လှည်း’နဲ့ပါပဲ။ အဆောင်အယောင်ဆိုတာက ရွာဦးကျောင်း ဆရာတော် သာရေးနာရေး သွားလာတော့ ပန်းပုရုပ်လုံးလှည်းဦးကင်း၊ ရွှေပိန်းချလှည်းအိမ်၊ လှည်းယဉ်ကျော့နဲ့ လှပေ့ကြာ့ပေ့ ဆိုတဲ့ တစ်ရှဉ်းနဲ့ပါပဲ။ သာမန်ရွာသူရွာသားကတော့ ကုန်တင် လှည်းကြမ်းပေါ် စုပြုံတက်ပြီး ပျော်ပျော်ပါးပါးသွားလာကြတာပါ။

မြန်မာပြည်မှာက လှည်းကို ကျေးလက်မှာသာ သုံးကြတာမဟုတ်ပါဘူး။ မြို့ပြမှာလည်း သုံးကြပါသေးတယ်။ တစ်ချိန်က ဒုတိယမြို့တော်ဖြစ်ခဲ့တဲ့ မန္တလေးမှာ လှည်းတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစု မတိုင်မီကလောက်ထိ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ဝန်းကျင် ကျွန်တော်တို့
ငယ်ငယ်ကဆိုရင်ပဲ မန္တလေးရဲ့ ကုန်စည်ပို့ဆောင်ရေးတွေမှာလည်း အဓိကအသုံးပြုတဲ့ ယာဉ်ပါပဲ။ အနောက်မြစ်ဆိပ်က ကုန်တွေ ဈေးချိုလို၊ မြို့ထဲဈေးတွေကို ပို့ပေးတာ လှည်းတွေပါ။ တစ်ခါ အနောက်ကျွန်းတွေထဲက ဟင်းသီးဟင်းရွက်တွေ၊ သီးနှံတွေကို မနက်မိုးမလင်းမီ ကတည်းက မြို့ထဲဆီ လှည်းတွေနဲ့ တအီအီ
ပို့ပေးတာ နေ့စဉ်ပါပဲ။

ပဲစိမ်းစားဥ လှည်းကြီးတွေများ တစ်သီကြီးဖြတ်သွားရင် ကျွန်တော်တို့ ကလေးတွေက လှည်းအောက်က ခိုပြီးလိုက်ကြတယ်။ သဘောကောင်းတဲ့ လှည်းသမားကတော့ လှည်းပေါ်က ပဲစိမ်းစားဥ တစ်တွဲနှစ်တွဲ ပစ်ချပေးခဲ့တာပေါ့။

မန္တလေးရဲ့စီးပွားရေးအသည်းနှလုံးဖြစ်ခဲ့တဲ့ ဈေးချိုတော်ကြီးရဲ့ အနောက်ဘက် ရွှေတချောင်းဘေး (ယခင် ဈေးချိုပလာဇာ အနောက်ဘက်နေရာ)ဟာ ဧရာမလှည်းဝိုင်းကြီး ရှိခဲ့တဲ့နေရာပါ။ ၈၆လမ်း၊ ၂၆လမ်းနဲ့ ၂၇လမ်းကြား မန်ကျည်းပင်တွေအောက်ပေါ့။ ဒီလှည်းဝိုင်းကြီးက ဈေးချိုအေရုံက ဆန်နဲ့ကောက်ပဲသီးနှံတွေ၊ ဘီရုံထဲက ကုန်စိမ်းတွေ၊ ဒီရုံထဲက လက်ဖက်ခြောက်နဲ့
ကုန်ခြောက်တွေ၊ အက်ဖ်ရုံထဲက အထည်အလိပ်တွေ၊ ဂျီရုံထဲက ကုန်စုံခြောက်တွေ၊ ဂျေရုံထဲက ငါးပိငါးခြောက်တွေ၊ ကေရုံထဲက ဆေးရိုးဆေးရွက်နဲ့ ဘယဆေးတွေ၊ အယ်လ်ရုံထဲက ပိုးခင်ထုပ်၊ ချည်ခင်ထုတ်တွေ စတဲ့ စတဲ့ ကုန်ပစ္စည်းတွေကို ဈေးသည်တွေက ဝယ်ပြီး သင်္ဘောဆိပ်၊ ကားဂိတ်၊ ဘူတာရုံ၊ မြို့ထဲက ပွဲရုံတွေဆီ ပို့ပေး သယ်ယူပေးကြတဲ့ လှည်းတွေ ရပ်နားကြတာပါ။
ပွဲစားတွေ ကုန်သည်တွေကလည်း အဲဒီလှည်းဝိုင်းနားမှာ စုဝေးကြသတဲ့။ အဲဒီ ပွဲစားဝိုင်းကနေ ဒီကနေ့အထိ တည်ရှိနေတဲ့ ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းကြီး စတင်မွေးဖွားခဲ့တာပါပဲ။

နောက်ထပ် လှည်းဝိုင်းတစ်ခုကတော့ မန္တလေးဘူတာကြီး ကုန်ရုံလှည်းဝိုင်းပါ။ ဘူတာကြီးကုန်ရုံဟာ အခုမှ မြို့ဟောင်းဘူတာကိုရာက်သွားပေမယ့် အရင်ကဘူတာကြီးရဲ့မြောက်ဖျားမှာပါ။ အခု ၂၆ဘီလမ်းမျက်နှာပြု ၇၈ လမ်းနဲ့ ၇၉ လမ်းကြား လူထုဘလောက်တို့၊ စိန်နဲ့မြမွေ့ယာတို့ရဲ့နောက်ကျောဘက် ဘူတာဝင်းက ကုန်ရုံပါ။
အဲဒီတော့ ကုန်ရုံလှည်းဝိုင်းက ဘူတာဝင်ပေါက် ၇၉
လမ်းအရှေ့ခြမ်း၊ ၂၆ ဘီလမ်းက ၂၇ လမ်းအထိပါပဲ။

တကယ်တော့ မန္တလေးမှာ ရှေးရှေးရတနာပုံခေတ်ကတည်းက ကုန်စည်ပို့ဆောင်ရေးအတွက် လှည်းတွေက အဓိကကျခဲ့ပါတယ်။ ရှမ်းပြည်နယ်က ဆင်းလာတဲ့ လက်ဖက်စို၊ လက်ဖက်ခြောက် ကုန်ပစ္စည်းတွေကိုလည်း လှည်းတွေနဲ့ဝန်တင်တွေနဲ့ ခရီးရှည် သယ်ယူလာကြတယ်။ အဲဒီလှည်းတွေက မန္တလေး ၃၄ လမ်း၊ ၃၅ လမ်းကြား၊ ၈၇ လမ်း ၈၈ လမ်းကြား ဥယျာဉ်ကြီးထဲမှာ
ဝိုင်းဖွဲ့ကြတာတဲ့။ အဲဒီနေရာကို ‘ဒေးဝန်း’လို့ခေါ်တယ်။
ဒေးဝန်းဆိုတာ ဗမာမဟုတ်။ဝန်တင် တရုတ်တွေရဲ့ စကားတဲ့။ အဲဒီလိုမျိုး လှည်းဝိုင်းတွေလည်း မန္တလေးမှာရှိခဲ့တော့ ‘လှည်းတန်း’ဆိုတဲ့ ရပ်ကွက်တွေ၊ လမ်းတွေရှိခဲ့တယ်။ တရုတ်တန်းလှည်းတန်း၊ ချမ်းသာကြီးလှည်းတန်း၊ ရွာဟိုင်းဈေးလှည်းတန်း… စသည်ဖြင့်ပေါ့။

နောက်… လှည်းနဲ့ပတ်သက်ပြီး မန္တလေးမှာအမှတ်တရရှိပါသေးတယ်။ မလွန်ဈေး ဆန်လှူအသင်းကြီးက
ဆွမ်းဆန်အိတ်တွေ သိမ်းတဲ့အခါ အသင်းတံဆိပ် ဆိုင်းဘုတ်တွေကို ပေါင်းမိုးလုပ်ပြီး ဗုံတောင်ပလုပ်တုတ်၊
၊ လင်းကွင်း၊မောင်းကြီး၊ သံပတ္တလားတွေနဲ့ ရေကင်းတီးပြီး ဆန်အိတ်သိမ်းတာကိုလည်း ကျွန်တော်တို့ ကလေးတစ်သိုက်မှာ မလွန် ဆန်လှူသင်း လှည်းနောက် အပြေးလိုက်ပြီး တကောက်ကောက် ပါသွားတော့တာပါပဲ။

နောက် လှည်းနဲ့ပတ်သက်တဲ့ အမှတ်တရ ပွဲတစ်ပွဲလည်း ရှိခဲ့ပါသေးတယ်။ အဲဒါက ရတနာ့ဂူပွဲတော်ပါ။ နှစ်စဉ်
ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့ကနေ ဝါခေါင်လကွယ်နေ့အထိ ကျင်းပတဲ့ ရတနာ့ဂူပွဲတော်မှာ နောက်ဆုံးရက်ဖြစ်တဲ့ ဝါခေါင်လကွယ်နေ့ရောက်ရင် မန္တလေးတစ်မြို့လုံးက ရတနာ့ဂူပွဲတော်ကို လှည်းတွေနဲ့ပဲ သွားကြတာပါ။ မနက်စောစော ကတည်းက အသံချဲ့စက်တွေ၊ တီးဝိုင်းတွေနဲ့ ရွှေခြေကျင်းကိုယ်စီနဲ့ မန္တလေးသူလေးတွေ လှည်းပေါ် ခြေတွဲလောင်းချထိုင်ပြီး တသီတတန်းကြီး သွားကြတဲ့မြင်ကွင်းဟာ အံ့ဘနန်းပါပဲ။ ရွှေမန်းသူလေးတွေပါတဲ့ လှည်းနောက်က ကာလသားတွေက ခြေကျင်လိုက်ပြီး ယဉ်ယဉ်ကျေးကျေး စကြ၊ပြောင်ကြတာပါပဲ။ ဒီလှည်းတွေဟာ တောင်သမန် မယ်ဇယ်ပင်ရိပ်မှာ နားပြီး ဝိုင်းဖွဲ့စားကြသောက်ကြ၊ ပွဲတော်မှာ လည်ကြပတ်ကြပြီး ညနေစောင်းနေဝင်မှ မန္တလေးကို လှည်းတန်းကြီးနဲ့ ပြန်ကြပါတယ်။

တစ်ခါ သီတင်းကျွတ်လမှာတော့ မန္တလေးတောင်ခြေက ကုသိုလ်တော်၊ စန္ဒာမုနိ၊ ကျောက်တော်ကြီး ဘုရားပွဲတော်ကို အနီးအပါးရွာတွေက လှည်းတွေနဲ့ လာရောက်ကြပါတယ်။ အလားတူ မြို့လယ်ခေါင် ဈေးချိုတော်အနီး ရှင်ဥပဂုတ်ဝင်းကလည်း ရှင်ဥပဂုတ် ပူဇော်ပွဲကျင်းပပြီး မြစ်ဆိပ်က ရှင်ဥပဂုတ်ရေမျှောတော့ လှည်းတွေနဲ့ခင်းကျင်း ပို့ဆောင်ကြတာလည်း မဖြစ်မနေကျင်းပကြဆဲပါ။

မန္တလေးမှာ ကုန်စည်ပို့ဆောင်ရေးအတွက် သုံးစွဲခဲ့တဲ့လှည်းတွေကတော့ မရှိသလောက် ဖြစ်သွားပါပြီ။ ဒါဖြင့် မန္တလေးဝန်းကျင် ကျေးလက်တွေမှာရော လှည်းတွေ သုံးကြသေးလား။ မြန်မာတစ်ပြည်လုံး တောင်ပေါ်မြေပြန့် လှည်းအသုံးပြုမှု ဘယ်လောက်ကျန်သေးလဲ။ ဘာတွေနဲ့ အစားထိုးသွားတာလဲ။ အစားထိုးယာဉ်တွေကဘယ်လောက် အသုံးတည့်သလဲ။ ဒီ့အတွက် ဘယ်လောက်ငွေကြေးသုံးစွဲရသလဲ။ ဒီယာဉ်တွေကို လှည်းလို ပြည်တွင်းဖြစ် မထုတ်လုပ်နိုင်ဘူးလား။

တကယ်တော့ လှည်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေက အခြေခံအကျဆုံး စီးပွားရေးသုံးသပ်ချက် ဖြစ်ရမှာပေါ့လေ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW