ဗဟိုဘဏ်ရဲ့ ဒေါ်လာငွေအပေါ် မူဝါဒ အပြောင်းအလဲကြောင့် ပဲနှမ်းဈေးကွက် အတွင်း အရောင်းအဝယ် ခဏ ရပ်တန့်သွားပေမယ့် ပို့ကုန်ပဲတွေ အမြင့်ဈေးဖြင့် အရောင်းအဝယ် ပြန်ကောင်းနေ

မန္တလေး ဧပြီ ၆ -၂၀၂၂
SM(VOM)

ဗဟိုဘဏ်က ထုတ်ပြန်လိုက်တဲ့ ဒေါ်လာငွေအပေါ် မူဝါဒ အပြောင်းအလဲကြောင့် ပဲနှမ်းဈေးကွက် အတွင်း အရောင်းအဝယ် ခဏ ရပ်တန့်သွားပေမယ့် ပို့ကုန်ပဲတွေတော့ အမြင့်ဈေးနဲ့ အရောင်းအဝယ် ပြန်ကောင်းနေတယ်လို့ ပဲကုန်သည်တွေဆီက သိရပါတယ်။

ဧပြီ ၃ ရက်နေ့က ပြည်ပကနေ ဝင်ရောက်တဲ့ နိုင်ငံခြားငွေတွေကို တစ်ရက် အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမှာဖြစ်ပြီး တဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၅၀ အဖြစ် ဗဟိုဘဏ်က သက်မှတ်လိုက်လို့ ပြည်တွင်းပို့ကုန်သမားတွေ အရောင်းအဝယ် ရပ်တန့်သွားခဲ့ပါတယ်။

ပို့ကုန်သမား အများစုဟာ တင်ပို့ကုန်ကို ကြိုတင်ဝယ်ယူသိုလှောင် တင်ပို့ကြတာမျိုးဖြစ်လို့ခုလို ရုတ်တရက် သက်မှတ်လိုက်ခြင်းက ပို့ကုန်သမားတွေအပေါ်ထိခိုက်မှုများရှိကြောင်း ပြောဆိုနေကြပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့် ပို့ကုန်ပဲတွေဟာ အရောင်းအဝယ်ပြန်လည်းကောင်းမွန်လာကြောင်းနဲ့ ပို့ကုန်ပဲတွေအမြင့်ဈေးပြန်ဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောပြပါတယ်။

“ ဗဟိုဘဏ်က ငွေကြေးမှုဝါဒ အပြောင်းအလဲ ဖြစ်တဲ့ တစ်ရက်တည်း ပဲမျိုးစုံ အရောင်းအဝယ် အေး ဈေးတွေ ထိုးကျသွားပေမယ့် ဧပြီ ၅ ရက်နေ့ကစပြီ ပို့ကုန်ပဲတွေ ဈေးပြန်တက်လာတယ်။ အဓိက ဈေးပြန်တက်ရတာကတော့ အိန္ဒိယနိုင်ငံက ပဲလိုအပ်ချက်များနေတော့ ဝယ်လိုအားကောင်းနေတယ်။ ပို့ကုန်မတ်ပဲ တွေ တစ်အိတ်ကျပ် ၁၀၀၀၀ ကျော် ဈေးပြုတ်ကျတာက နေ ချက်ခြင်း ဈေးပြန်တက်လာတာ သုံးတင်းတစ်အိတ် ကျပ် ၁၃၇၀၀၀ ပေါက်ပြန်ဖြစ်လာတယ်။ ဗွီးတူးကုလားပဲ တစ်အိတ် ကျပ် ၁၃၁၀၀၀ ပေါက်ဈေးနဲ့ ကုလားပဲအုပ်စုလည်း ဈေးပြန်မြင့်တက်လာတယ်။ ပို့ကုန်ပဲတွေကတော့ ဈေးပြန်မြင့်တက်လာပေမယ့် ပြည်တွင်းသုံး ပဲမာလိုင်းများကတော့ ပုံမှန်ဈေးမှာဘဲ ပေါက်ဈေးရှိနေပါတယ်။ ဒေါ်လာဈေးသက်မှတ်ချက် သတင်းထွက်ပေါ်လာပြီး ၂ ရက်လောက် ဈေးအေး အရောင်းအဝယ်ရပ်သွားပေမယ့် ပို့ကုန်ပဲတွေကတော့ အမြင့်ဈေးကောင်းနဲ့ အဝယ်ပြန်သွတ်နေပါပြီ” လို့ရှင်းပြပါတယ်။

လက်ရှိ ပဲဈေးကွက်အနေအထား

ပဲစင်းငုံ၊ မတ်ပဲ

ဧပြီလ ၄၊၅ ရက်နေ့များတွင် ငွေကြေးဆိုင်ရာမှုဝါဒများကြောင့် အရောင်းအဝယ် ရုတ်တရက် ရပ်ဆိုင်းသွားပြီး မတ်ပဲ၊ ပဲစင်းငုံ ဈေးများ တစ်အိတ်ကျပ် ၁၀၀၀၀ ကျော်ဈေးထိုးကျသွားသော်လည်း အရောင်းအဝယ် ရပ်သွားခြင်းဖြစ်သည်။ သို့သော်လည်း ဧပြီ ၆ ရက်နေ့မှစတင်ကာ ပို့ကုန်ပဲ များဖြစ်သည့် မတ်ပဲ ၊ပဲစင်းငုံ ၊ပဲတီစိမ်းများမှာ ယခင် အမြင့်ဈေးသို့ ပြန်လည်ရောက်ရှိလာရာ မတ်ပဲ တစ်အိတ် ၁၃၇၀၀၀၊ပဲစင်းငံတစ်အိတ် ၁၃၀၀၀၀၊ ပဲတီးစိမ်း တစ်အိတ် ကျပ် ၁၃၅၀၀၀ ပေါက်ဈေးရှိနေသည်။

မြေပဲ

ပြည်တွင်းပဲဆီဈေးနှုန်းများ ကျဆင်းသွားသလို မြေပဲဆံဈေးများလည်း အနည်းငယ်ကျဆင်းသွား သည်။ဧပြီ ၆ ရက်နေ့တွင် မြေပဲဆံ အမျိုးအစားအလိုက် အနိမ့်ဆုံး မြေပဲဆံ တစ်ပိတ်ကျပ် ၃၆၀၀ ပေါက်ဈေးရှိပြီး အမြင့်ဆုံး မြေပဲဆံမှ တစ်ပိတ်သာကျပ် ၃၈၀၀ ပေါက်ဈေးရှိနေသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိသာကျပ် ၇၀၀၀-၈၅၀၀ ၊နှမ်းဆီ တစ်ပိသာ ကျပ် ၇၅၀၀-၈၀၀၀ ၊စားအုန်းဆီတစ်ပိသာကျပ် ၆၃၈၀ ဈေးကျဆင်းသွားသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ စွန်တာပြာ တစ်အိတ် ကျပ် ၁၁၇၀၀၀၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၁၅၀၀၀၊နိုင်လွန်ပဲ-ပုဂံပဲတစ်အိတ် ကျပ် ၁၆၅၀၀၀၊ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၆၀၀၀၀၊ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၂၀၀၀၀၊ မြေထောက်ပဲတစ်အိတ်ကျပ် ၁၆၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၅၅၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူး ကုလားပဲ တစ်အိတ်ကျပ် ၁၃၁၀၀၀ ပေါက်ဈေးဖြစ်လာရာ ပဲမာလိုင်းများ ဈေးကျဆင်းလာသဖြင့်တောင်သူများ အရောင်းနည်း သွားကြောင်းသိရသည်။

#voiceofmyanmar #VOM #ပို့ကုန်ရငွေ #ဗဟိုဘဏ်

Related posts

Leave a Comment

VOM News

FREE
VIEW