ဆူးငှက်
“ဟောင်းရွက်ညှာ ခါလှစ်လို့
တာသစ်တဲ့ နံ့ကြိုင်
သုတ်ဖြူးလေဆော်က
ပန်းကံ့ကော် ဝတ်မှုံကျင်း
သင်းတယ်လို့လှိုင်။
ကြယ်နှစ်ဆိုင် သွယ်ပြိုင်လို့ပဝင်း
စိတ္တရယ်နှင့် ငွလသော်တာတို့
ယုဂန်ချာတောင်တော်စွန်းမှာ…
ထွန်းထိန်လို့လင်း..”
နေ့ပူလိုက်..၊ ညချမ်းလိုက်နှင့် တစာစာ သီဆိုနေသော သင်္ကြန်တေးသွားများကို နားထောင်ရင်း တန်ခူးလက ကြိုဆိုနေလေပြီ။ တောင်လေအဝှေ့မှာ ရွက်ဆုတ်ပြက္ခဒိန်စာရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေကျသွားတာမြန်ဆန်လွန်းလှသည်။ ငြီးငွေ့ဖွယ်နွေဦးကို လူးလိမ့်ခံစားရင်း သရဖီရနံံ့ကို သင့်ခနဲရလိုက်တော့ ရင်ထဲမှာလည်း ငယ်လွမ်း ဝေဒနာက ထလာပြန်၏။
ဟောသည်လို ရာသီပေါ့လေ…။
×××××× ×××××
“မြိုင်ခြေငယ်သင်းပါလို့
အင်ကြင်းငယ်ရွှေဖီ
ဝတ်မှုန်ငယ်စီသည်
မြစ်နဒီသောင်တခိုက
မောင်မယ်ညို မူးပြန်တော့တယ်လေး…”
နေသည် ဒက္ခိဏယာဉ်စွန်းတန်းဆီသို့ တိမ်းညွတ် ယိမ်းယိုင်နေရာမှ ခေါင်းထောင်ထူမတ်လာ၏။ ထိုအခါ တောင်လေးက သြဘာပေးသည်။ နည်းနည်းလေး ထူမတ်လာသည်နှင့် အပူစွမ်းက သိသိသာသာပြသည်။ သစ်ပင်သစ်တောတချို့ ရွက်ကြွေခါချ ပူပန်ကြ၏။ သစ်ပင်သစ်တော တချို့ကမူ ရွက်သစ်စိမ်းစို၊ ပရစ်ဖူးသစ်တို့ဖြင့် အံတုပြန်သည်။ ထိုအခါမှ အားငယ်ရွက်ကြွေ သစ်တောတို့ အားသစ်လောင်းသည်။ ရွက်သစ်ဖူးတို့ စို့တက်ကြကုန်၏။ မြောက်လေသွေးသွေး ဟိမဝန္တအအေးက မဆုတ်ခွာချင် ဆုတ်ခွာချင်။ ဒါပေမယ့် သူ့ရာသီက ကုန်ချေပြီ။ ပြန်ပေဦးတော့ “နှင်း”ရေ…။
၁၂လရာသ မစွန်းမှီပြန်လာဦးမည့်”နှင်း”ကို အကဲပိုစွာ တမ်းတနေဆဲ သင့်ခနဲ မွှေးလာသည့် မြတ်နိုးဖွယ် ရနံ့လေးက “နှင်း”ကို ရုတ်ချည်းမေ့ပျောက်စေ၍ ဝေဒနာတစ်ခုအား ထစေပြန်၏။ ဪ အပြောင်းအလဲမြန်လှ ချည့်ရယ်လေ။ ရနံ့လေးက ဝေးဝေးမှလာပေမဲ့ မှတ်မိလွယ်လောက်အောင် အလုံးအဖန် အားကောင်းနေပြန်၏။ တောင်လေအဖော်က အပြေးကလေး လက်ဆွဲခေါ်လာတာ နေမှာပေါ့။ အနားရောက်ပါမှ မှတ်မိသွားသည်။
ဟော…သရဖီ….။
သဲနှုန်းမြေရာစပ်ထားသော ရေဓာတ်ပါသည့် တလင်းမြေပြောင်ပြောင်မှ ဟောတစ်ပွင့် ဟောတစ်ပွင့်နှင့် လုကောက်ခဲ့ရသည့် သရဖီ။ အလိုရမ္မက်ကြီးပြီး လောဘမသတ်နိုင်သူတို့ကမူ အပင်ပေါ်က သရဖီကို ဝါးစိမ်းလုံးရှည်ဖြင့် အလန့်တကြား ခုန်ဆင်းစေ၏။ ထိုအခါ အပျိုဖော်မဝင်သေးသော သရဖီငုံတို့လည်း ကြွေလွင့်ရရှာသည်။ လက်ခုပ်နှစ်ဖက်ဖြင့် အပြည့်အမောက် ရလာတော့ ဝါးနံ့မပြယ်သေးသည့် ဆန်ခါခုံးလေးထဲ
ထည့်ကာ ညဉ့်သိပ်ရေ အေးအေးလေးနှင့်ဆေးလိုက်တော့ သရဖီတို့ မျက်စိကျယ် လန်းဆန်းကုန်ကြသည်။ လှလှထွားထွား အပွင့်ကြီးတွေကို ကြွေပန်းကန်ပြားသန့်သန့်လေးထဲထည့်ကာ ဘုရားတင်မည်။ စိမ့်နေအောင်အေးသည့် ပြာသိုအိုးနှုတ်ခမ်းပေါ်မှာ တိုက်ပန်းကန်ပြား ဖုံးထားသည်။ ပန်းကန်ပြားပေါ်မှာ ငွေဖလားတစ်လုံး။ ဖလားနဘေး တိုက်ပန်းကန်ပြားတွင် သရဖီပွင့်တွေ။ သောက်ရေကျန်ဖြင့် လန်းဆန်းမွှေးမြနေသော သရဖီပွင့်လေးတွေ..။ ဒီမြင်ကွင်းက ကနဦး သရဖီပွင့်စအချိန် ကာလမှာပေါ့။
နောက် သရဖီတွေ လှိုင်လှိုင်ပေါ်လာတော့ သောက်ရေအိုးနှစ်လုံးကြားမှာ ဝါးဆန်ခါခုံးလေးနှင့် သရဖီတွေ အပြည့်အမောက်။ အပေါ်က ရေဆွတ်ထားသည့် ပိတ်စဖြူဖြူလေး အုပ်ထားသည်။ သည်လိုနေ့တွေမှာ တစ်အိမ်လုံး သရဖီနံ့များဖြင့် သင်းပျံ့နေတော့၏။
ဘုရားစင်မှာလည်း သရဖီကုံး။ အမေ့ခေါင်းမှာလည်း သရဖီကုံး။ အစ်မတွေခါင်းမှာလည်း သရဖီကုံး။ ဘုရားတင်ကာ တစ်အိမ်လုံး ဝေနေအောင် ပန်ပြီးသော်လည်း သရဖီတွေက ကုန်နိုင်ဖွယ် မရှိသေးတော့ ဘေးအိမ်တွေပါ ဝေငှရပါသေးသည်။
ထိုနေ့က ဘုရားတင်ခဲ့သော ပန်ခဲ့သော နောက်နေ့တွေ၊ နောက်နေ့တွေမှာလည်း ဘုရားတင်ခဲ့။ ပန်ဆင်ခဲ့သော သရဖီပန်းကုံးတွေကို အမေက လင်ပန်းသန့်သန့်လေးထဲ ထည့်ပြီး နေပြသည်။ ဖြည်းဖြည်းချင်း သွေ့ရာမှခြောက်၊ ခြောက်ရာမှ သယောင်းသွားသော ထိုသရဖီပွင့်ခြောက်များကို အစ်မတွေ၏ သနပ်ခါးကျောက်ပြင်နားမှာ ဝါးနှီးဗူးကလေးနှင့် ထည့်ထားပေး၏။ ရေမိုးချိုးပြီး သနပ်ခါးသွေးကြတော့ ထိုသရဖီပွင့်ခြောက်လေးတွေပါ ထည့်သွေးကြသည်။ သနပ်ခါးအသွေးက ပိုဝါလာ၏။ သနပ်ခါးရနံ့က ပို၍ သင်းပျံ့လာသည်။ ပို၍ ထူးခြားတာက သနပ်ခါးထဲတွင် သရဖီဝတ်ဆံလေးတွေ ခပ်ဖြောက်ဖြောက် ပါလာခြင်းဖြစ်သည်။ မြင်ယောင်ကြည့်ပါဘိ။နယ်ညက်သွေးသော အပျိုမလေးတွေ၏ ပါးကွက်ကျားမှာ သနပ်ခါးက သရဖီရနံ့သင်းပျံ့ပြီး သရဖီဝတ်ဆံလေးတွေ ပါနေသည်ဆိုတော့… အလှတွင် အယဉ်ဆင့်တာပေါ့။
ဪ.. အတိတ်သရဖီ…။
xxxxxxxxxx
စိတ်ကူးယဉ်မိတာ အရာအားလုံး မေးသွားလုလု။ အသံတစ်သံက လှုပ်နှိုးလိုက်မှ ပတ်ဝန်းကျင်ကို သတိရသည်။ သပြေပင်အုပ်ဆီမှာ ကူချွဲနေသော ချိုးတစ်ကောင်က ဖျပ်ခနဲ လန့်ပျံပြေးသည်။ အိပ်မက်ပုံရိပ်က ချိုးငှက်နှင့်အတူ အဝေးဆီ ပျံသွားပေမဲ့ သရဖီပန်းရနံ့လေးက ပျံ့သင်းမွှေးမြဆဲကို….။
“အစ်ကို…အစ်ကို…….. သရဖီပန်းလေးတွေ ဝယ်ပါဦး၊ တစ်ထုပ်မ ငါးဆယ်တည်းပါ”တဲ့…။
သည် နှစ်ဦးပေါက် သရဖီ ကနဦးပွင့်သောနေ့မှာငွေငါးဆယ်ကျပ်ဖိုး သရဖီအပွင့်လေး လက်တစ်ခုပ်စာ ဝယ်ကာ သရဖီအတိတ်ကို ပြန်လည်လွမ်းမောရပေဦးမည်။
သြော်…..မောင့်……သရဖီ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး