ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ က တရားသူကြီး၊ ဥပဒေအရာရှိ အပါအဝင် ၉ ဦးကို TNLAက ဖမ်းဆီးထား

ဧပြီ ၂၁-၂၀၂၂
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်နဲ့ နမ့်ဆန်၊ မန်တုံမြို့နယ်တို့က တရားသူကြီး၊ ဥပဒေအရာရှိ အပါအဝင် ၉ ဦး ကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာပဲ TNLA ဘက်က နယ်မြေစစ်ဆေးရေးလုပ်နေချိန် ဖမ်းဆီးထိန်းသိမ်းထါ်တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကနေ သိရပါတယ်။

“၁၉ ရက်နေ့က ၁၁ နာရီပေါ့။ အဲ့ဒီမှာ နမ့်ဆန်-ကျောက်မဲ လမ်းပေါ်မှာ ကျနော်တို့ ဒီနယ်မြေစိုးမိုးရေး တာဝန်ယူစစ်ဆေးနေတာပေါ့နော်။ အဲ့ဒီမှာ ကား၁ စီး ပေါ်မှာ ပါလာတဲ့ ကျောက်မဲခရိုင်က တရားသူကြီးရယ် နမ့်ဆန် တရားသူကြီးရယ် မန်တုံ တရားသူကြီးရယ် နမ့်ဆန်က ဥပဒေ အရာရှိရယ် သူတို့ မိသားစုနဲ့ ရုံးအဖွဲ့တွေပေါ့ အားလုံးပေါင်း ၉ ဦးဖြစ်တယ်။ ဘာကြောင့် ဖမ်းဆီးထားလဲဆိုတာ ခုဏကပြောသလိုပေါ့နော် အဲ့ဒီမှာ စစ်ဆေးနေတယ်။ သူတို့ ကားတစီး ကားသမားတွေကို စစ်ဆေးချိန်ကျတော့ တရားသူကြီးတွေ ဖြစ်တယ်။ အဲဒါကို ကျနော်တို့ မေးမြန်းစရာရှိလို့ ထိန်းသိမ်းထားတာ ဖြစ်တယ်၊ သူတို့ကို ဖမ်းဆီးတာတော့ မှန်တယ်။” လို့ TNLA ပြောရေးဆိုခွင့်ရ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားသူတွေကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပြီး ‌ဘာဆက်လုပ်ရမယ်ဆိုတာ အထက်က ချပေးလာတာ မရှိသေးလို့ ဘာဆက်လုပ်ရမလဲ ဆိုတာ မသိသေးဘူးလို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကနေ သိရပါတယ်။

“ဘာဆက်လုပ်မယ် ဆိုတာတော့ ဘာမှ အပေါ်ကချပေးထားတာ မရှိသေးဘူး။ မရှိသေးတော့ ဘာလုပ်ရမယ်ဆိုတာ မသိရသေးဘူး။ လောလောဆယ်တော့ သူတို့နေတဲ့ နေရာတော့ လုံခြုံတဲ့ နေရာ ထိန်းသိမ်းထားတယ်။”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ မနက်ပိုင်းကလည်း နမ့်ခမ်းမြို့နယ်၊ တာကွန့်ကျေးရွာအနီးမှာ TNLA နှင့် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့တို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး TNLA ဘက်က ပန်းဆေးပြည်သူ့စစ် ဒုတိယခေါင်းဆောင် ဦးမောင်မောင်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်လွှတ်‌ပေးခဲ့‌တာပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကျောက်မဲ #နမ့်ဆန် #မန်တုံ #တရားသူကြီးဥပဒေအရာရှိ #TNLAဖမ်းဆီးထား

Related posts

Leave a Comment

VOM News

FREE
VIEW