သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေတွေ ရောက်မလာတဲ့ ကုမ္ပဏီ ၁၇၇ ခုကို မှတ်ပုံတင်သိမ်း

ဧပြီ ၂၉-၂၀၂၂
GG(VOM)

သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေတွေ ဝင်ရောက်လာခြင်းမရှိခဲ့တဲ့အထဲက ကုမ္ပဏီ ၁၇၇ ခုကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းပြီး အရေးယူထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အရေးယူခဲ့တာတွေကတော့ ၂၀၁၆ ခုနှစ်မှာ ကုမ္ပဏီ ၁၂ ခု၊ ၂၀၁၇ ခုနှစ်မှာ ကမ္ပဏီ ၇၂ ခု၊ ၂၀၁၈ ခုနှစ်မှာ ကုမ္ပဏီ ၉၃ ခု ဖြစ်ပြီး အဲ့ဒီကုမ္ပဏီတွေဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းနဲ့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်တွေအရ ပို့ကုန်ရငွေ နိုင်ငံခြားသုံးငွေ မပျက်မကွက် ထည့်သွင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် အခုလိုအရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” အရင်က ပို့ကုန်ရငွေတွေကို ၃ လအတွင်းပြန်ရောက်မရောက်စိစစ်မယ်ဆိုပြီး စာထုတ်တယ်။နောက် ပို့ကုန်ရငွေကို တလအတွင်းသုံးရမယ် မကုန်ရင် ဘဏ်ကိုရောင်းရမယ်လို့ပြောထားတာလည်းရှိတယ်၊ အခုသတ်မှတ်ကာလ ပိုကုန့်ရငွေမဝင်တဲ့ကုမ္ပဏီတွေကို အရေးယူနေပြီလို့ကြေညာတယ်။ အဲ့ဒီငွေတွေရောက်လာရင်လည်း သူတို့သတ်မှတ်စျေး ၁၈၅၀ နဲ့ရောင်းရအုံးမယ်။ပြန်ဝယ်ရင်ကျတော့ အပြင်ကပေါက်စျေးနဲ့ဝယ်ရတယ်။လုပ်မယ်ဆိုလည်း နှစ်ဖက်လုံးအဆင်ပြေအောင်လုပ်စေချင်တယ် “လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်းလိုင်စင်ရရှိသူတွေအနေနဲ့ ပို့ကုန်အမှန်တကယ်တင်ပို့ခဲ့တဲ့ အထောက်အထားတွေအရ ကုန်စည်ကို သင်္ဘောတင်တဲ့နေ့ကနေ သုံးလအတွင်း ပို့ကုန်တင်ပို့သူတွေက ပို့ကုန်ရငွေ လက်ခံရရှိခြင်း ရှိ၊မရှိ ကို စိစစ်ရမယ်လို့ ပြင်ဆင်လိုက်တာဖြစ်တယ်လို့ နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ် ။

အရင်ကတော့ ပို့ကုန်ရငွေတွေဟာ ပြည်ပကိုတင်ပို့ပြီးနောက် အချိန် ၆ လအတွင်းမှာ မြန်မာနိုင်ငံက ဘဏ်အကောင့်ထဲကို ရောက်ရှိရမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်က ပို့ကုန်ရငွေ ကိုင်ဆောင်ခွင့်ကိုလည်း ရက်ပေါင်း ၃၀ အဖြစ် ကန့်သတ်ထားပြီး အဲ့ဒီ ၁ လအတွင်းမှာ လုပ်ငန်းရှင်အနေနဲ့ လိုအပ်တာအားလုံးသုံးစွဲခွင့်ရှိပြီး လိုအပ်တဲ့သူတွေကိုလည်းပြန်လည်ရောင်းချနိုင်ပေမယ့် ပိုနေတဲ့ ဒေါ်လာအားလုံးကို ဘဏ်တွေကိုပြန်လည်ရောင်းပေးရမှာဖြစ်ယ်လို့ အသိပေးထားပါ တယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ပို့ကုန်တင်ပို့ခဲ့ပြီး သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေတွေ မြန်မာနိုင်ငံဘဏ်ထဲကို ပြန်ရောက်မလာတဲ့ ကုမ္ပဏီပေါ င်း ၆၆၃ ခုရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပို့ကုန်ရငွေမသွင်း #ကုမ္ပဏီတွေအရေးယူ

Related posts

Leave a Comment

VOM News

FREE
VIEW