ထူးဆန်းတဲ့ မျောက်ကျောက်ရောဂါ ဗြိတိန်၊ အမေရိကန်၊ စပိန်နဲ့ ပေါ်တူဂီတို့မှာ ကူးစက်ပျံ့နှံ့နေ

မက်ဒရစ်၊ မေ-၁၉-၂၀၂၂
မျိုးဆက်(VOM)

ထူးဆန်းတဲ့ မျောက်ကျောက်(Monkey Pox) ရောဂါတမျိုးဟာ ဗြိတိန်၊ အမေရိကန်၊ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့ မှာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလျှက်ရှိနေပါတယ်။

ဗြိတိန်၊ ပေါ်တူဂီတို့မှာ တွေ့ရှိပြီးသားဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့ဆင်တူတဲ့ လက္ခဏာတွေတွေ့ရှိပြီးနောက် လူ ၂၃ ဦးမှာ မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်ခြေရှိတယ်လို့ စပိန်အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

သံသယလူနာတွေကို အတည်မပြုရသေးပေမယ့် တနိုင်ငံလုံးကို သတိပေးချက်ထုတ်ပြန်ထားကြောင်း၊ ယေဘုယျအားဖြင့် မျောက်ကျောက်ရောဂါဟာ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်လေ့ရှိပေမယ့် လက်ရှိလူနာတွေကတော့ လိင်မှတဆင့်ကူးစက်တဲ့ လက္ခဏာရှိတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက ပြောပါတယ်။

ပေါ်တူဂီမှာတော့ ကူးစက်ခံရသူငါးဦး အတည်ပြုထားပြီး နောက်ထပ် သံသယလူနာ ၁၅ ဦးကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပေါ်တူဂီအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

အမေရိကန်မှာတော့ ကနေဒါနိုင်ငံကနေ ပြန်လာသူတဦးမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု တွေ့ရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ဗြိတိန်မှာလည်း မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို အတည်ပြုထားပြီး ကူးစက်ခံရသူ ခုနှစ်ဦးအနက် တဦးဟာ နိုင်ဂျီးရီးယားနိုင်ငံကို သွားရောက်ခဲ့သူဖြစ်ကာ လေးဦးကတော့ လိင်တူဆက်ဆံသူတွေဖြစ်တယ်လို့ ဗြိတိန်ကျန်းမာရေး ၀န်ကြီးဌာနကပြောပါတယ်။

Ref:Guardian
Photo: WHO/ Getty Images
#voiceofmyanmar #VOM #မက်ဒရစ်

Related posts

Leave a Comment

VOM News

FREE
VIEW