သာယာဝတီမှာ ဆန်စက် မိုင်းခွဲခံရပြီး ကားနှစ်စီးပျက်စီး

မေ ၂၃-၂၀၂၂
GG(VOM)

ပဲခူးတိုင်း၊ သာယာဝတီမြို့၊ ဂုံမင်းမြောင်ကျေးရွာက ဦးမြင့်သိန်းဆိုသူပိုင်တဲ့ ဆန်စက် ဒီကနေ့ မေလ ၂၃ ရက်နေ့ မနက်ပိုင်းက မိုင်းခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

ဆန်စက်မိုင်းခွဲခံရမှုမှာ အိမ်စီးကား ၁စီးနဲ့ကုန်တင်ကား၁စီး ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။

” ဒီနေ့မနက်အစော ၃ နာရီလောက်မှာ ဖြစ်တာပါ။ အိမ်စီးကားက ဖင်ပိုင်းအတော်ပျက်စီးတယ်၊ဦးမြင့်သိန်းက စစ်တပ်ကိုဆန်တွေပို့ပေးလို့ဆိုပြီး ဗုံးခွဲခံရတာလို့သိရတယ်၊ မနက်မိုးလင်းတော့စစ်တပ်က ရောက်လာတယ်။အဲ့ဒီမှာ မိုင်းထပ်ပေါက်တယ် “လို့ ဒေသခံတဦးက ပြောပါတယ် ။

ဆန်စက်မိုင်းခွဲခံရပြီးနောက် ဖြစ်စဉ်ကိုစစ်ဆေးဖို့လာရောက်တဲ့ စစ်သားတွေလည်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဒဏ်ရာရသူတချို့ရှိခဲ့တယ်လို့လည်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

အံဒီတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ နဲ့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈ဝ၂ နှစ်ခုက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပဲခူးတိုင်းရဲ့ “နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှု”အဖြစ် ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ PDFအဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

PDF တွေထုတ်ပြန်မှုမှာတော့ ဆန်စက်ပိုင်ရှင်ဦးမြင့်သိန်းဟာ တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းကို ဆန်ရိက္ခာတွေ ထောက်ပံ့ပေးနေလို့ အခုလိုမိုင်းဆွဲတိုက်ခိုက်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

#voiceofmyanmar #VOM #သာယာဝတီ #ဆန်စက် #မိုင်းခွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW