လက်ပံတောင်းဒေသမှာ နေအိမ်တွေ မီးလောင်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ဇွန် ၊ ၂၂ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ လက်ပံတောင်းဒေသဘက်က ကျေးရွာတချို့ဟာ ဒီရက်ပိုင်းမှာ မီးရှို့ခံရတဲ့အတွက် ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒီနယ်မှာနေသူတွေဆီက သိရပါတယ်။

” ဒီလ ၂၀ ရက်ဝန်းကျင်ကစလို့ ဆားလင်းကြီးနယ်ဘက်ကို ပစ်ခတ်တာတွေ ၊ မီးရှို့တာတွေ လှည့်လာတယ် ၊ မီးလောင်လို့ ဆုံးရှုံးပျက်စီးတာ အများဆုံးကတော့ လက်ပံတောင်းဒေသဘက်က လင်းစာကျက်ရွာဖြစ်တယ် ” လို့ ဒေသခံတယောက်ကပြောပါတယ်။

မနေ့က နေ့ခင်းပိုင်းမှာ အဲ့ဒီ လင်းစာကျက်ရွာ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးသွားတာကတော့ လူနေအိမ် ၁၁၃ လုံး ၊ ကောက်ပဲသီးနှံနဲ့ တိရစ္ဆာန်အစာ သိုလှောင်တဲ ၅၉ လုံး ၊ ယာယီစာသင်ဆောင် ၂ ဆောင် ၊ ကျေးလက်ဆေးပေးခန်း ၁ လုံး ၊ ဝန်ထမ်းအိမ်ယာ ၁ ဆောင် လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ မီးဘေးကြောင့် ဒေသခံ ပြည်သူ ၅၇၃ ဦး အိုးအိမ်မဲ့ ဘဝရောက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” လင်းစာကျက်ဆိုတာက ဖိုဝင်တောင်နဲ့ လက်ပံတောင်း ကြားမှာရှိတာပါ ၊ ဆည်ရဲ့မြောက်ဘက်မှာပါ ၊ စစ်ကြောင်းတွေဝင်လာတာကြောင့် ရွာကလူတွေ ထွက်ပြေးတဲ့အချိန် မီးလောင်တာပါ ၊ ရွာက ဖမ်းဆီးခံရတဲ့ လူတချို့လည်းရှိတယ် ဆားလင်းကြီးနယ်ထဲမှာ မီးလောင်ဆုံးရှုံးတာ အများဆုံးရွာပါ ” လို့ လင်းစာကျက်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် မနေ့က နေ့ခင်းပိုင်းကစလို့ မုံရွာ ပုသိမ်လမ်း ၊ ဆားလင်းကြီး လင်ငေါက်လမ်း ၊ ဆားလင်းကြီး ပေါင်းဝလမ်း ၊ ဆားလင်းကြီး ညောင်ပင်ကြီးလမ်း ၊ ညောင်ပင်ကြီး ယင်းမာပင်လမ်းတွေဘက်မှာ ပေါက်ကွဲတာတွေနဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနားက မိုးကြိုးပြင် မြောက်ရွာမှာလည်း နေအိမ်တချို့ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လက်ပံတောင်း #ဆားလင်းကြီး #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW