ဒဂုံဆိပ်ကမ်းက မာကျူရီ စားသောက်ဆိုင်မီးလောင်မှု ဝန်ထမ်း၂ဦးသေဆုံး၊ တဦးဒဏ်ရာရ

ရန်ကုန်၊ဇွန် ၂၃၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က မာကျူရီစားသောက်ဆိုင်ဟာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့ရာ အမျိုးသမီးဝန်ထမ်း ၂ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

မီးလောင်ခဲ့တဲ့ဆိုင်ဟာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၁ ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းမပေါ်က မာကျူရီစားသောက်ဆိုင်ဖြစ်ပြီး ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က မီးလောင်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကလေးမလေးတွေ အိပ်နေတဲ့အချိန် လောင်တာဖြစ်တာဖြစ်မယ်၊ မီးငြိမ်းသွားတော့ နှစ်ဦးက သေနေပြီ တဦးကခုန်ချလို့ ဒဏ်ရာရသွားတယ်”လို့ သူကပြောပါတယ်။

မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက “မာကျူရီ စားသောက်ဆိုင်က ဒီကနေ့ မနက်အစောပိုင်း ငါးနာရီဝန်းကျင်က မီးစတင်လောင်ခဲ့တယ်၊ မီးကို မီးသတ်ယာဉ်ငါးစီးနဲ့ ငြိမ်းသတ်ခဲ့ရာမှာ ၆း၀၈ နာရီမှာ မီးငြိမ်းခဲ့တယ်၊ Dead Body ၂ ဦးတွေ့ရှိတယ် တစ်ဦးက ဒဏ်ရာရတယ်၊ မီးလောင်တဲ့အကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေတုန်းပါ”လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် စားသောက်ဆိုင်ဝန်ထမ်းနှစ်ဦးဖြစ်တဲ့ မနွေးနွေး (၂၁ )နှစ်နဲ့မမိုးပပခိုင် (၁၄ နှစ်)တို့ဟာ ဆိုင်အတွင်း မီးလောင်သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒဏ်ရာရရှိသူကတော့ အသက် ၂၃ နှစ်ရှိ မစုမြတ်နိုးဝေဖြစ်ပြီး ထပ်ခိုးကနေ ခုန်ချထွက်ပြေးခဲ့လို့ ခြေကျင်းဝတ် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

လက်ရှိအခြေအနေမှာ မီးလောင်မှုနဲ့ပတ်သတ်ပြီး မာကျူရီဆိုင်ကို ရဲနဲ့မီးသတ်တပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #စားသောက်ဆိုင်မီးလောင်မှု #၀န်ထမ်း၂ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW