လက်တလော ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းထဲက မြို့နယ်ပေါင်း ၁၆ ခုမှာ မီးလောင်တာတွေဖြစ်ခဲ့

ဇွန် ၊ ၂၃-၂၀၂၂
SP (VOM)

လက်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၆ ခုက ကျေးရွာတွေမှာ မီးလောင်တာတွေဖြစ်ခဲ့ပြီး မီးဘေးသင့် အိုးအိမ်မဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း ထောင်နဲ့ချီပြီး ရှိနေတယ်လို့ မီးဘေးသင့်ရာနယ်ခံတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ အောက်တိုဘာက စလို့ ရွာတွေ မီးလောင်တာ ၊ အခုဆိုရင် ရွာပေါင်း ၂ ရာနီးပါးရှိတယ် ၊ ပြန်လည်ထူထောင်နိုင်ဖို့ အခြေအနေဆိုတာထက် အဲ့ဒီ မီးဘေးသင့်တွေဟာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်”လို့ မီးဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဆောင်းတွင်းပိုင်းက အရာတော်မြို့နယ် သလဲဘာရွာ မီးစတင်လောင်ခဲ့ပြီးနောက် အရာတော်နယ်ထဲမှာ ရွာ ၄ ရွာထက်မနည်း အိမ်ခြေ ၂ ရာကျော် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ၊ ဇီးဖြူကုန်း ၊ လှော်ကားကြီး ၊ အင်းမထီ စတဲ့ရွာတွေအပါအဝင် ရွာပေါင်း ၅ ရွာ လူနေအိမ် ၄ ရာကျော် မီးလောင်ခဲ့ပါတယ်။

အဲ့ဒီနောက် ကလေးမြို့နယ်တောင်ပိုင်းက နတ်ချောင်း ၊ နတ်မြောင်း ၊ ချောင်းခွ ၊ သံဘို ၊ လယ်ကြီး ၊ တင်သား ၊ ရှားဖို ၊ အင်းကြွင်း ၊ ကုက္ကို ၊ လယ်ကြား ၊ ရှားတော စတဲ့ရွာတွေမှာ လူနေအိမ် ၅ ရာကျော့် မီးလောင်ခဲ့ပါတယ် ။

အဲ့ဒီဖြစ်စဥ်တွေနဲ့ ရှေ့နောက်အချိန်မှာပဲ မင်းကင်းမြို့နယ်ထဲက မြို့မ ၊ ကျော်ရွာ ၊ အုန္နဲပုတ် ၊ ဘင် ၊ သင်တော ၊ လောင်းပြည့် စတဲ့ရွာတွေမှာ လူနေအိမ် ၄ ရာကျော် မီးလောင်းတာတွေဖြစ်ခဲ့ပြန်ပါတယ်။

ဒီအပြင် တန့်ဆည်မြို့နယ် ကျည်ကုန်းတောင်ရွာ အပါအဝင် ရွာ ၇ ရွာထက်မနည်း လူနေအိမ် ၃ ရာကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၊ မေ လကစလို့ ဒီလ ၂၀ ရက်အထိ ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီး ၊ တည်တော ၊ ညောင်လှ စတဲ့ရွာတွေ အပါအဝင် ရွာ ၅ ရွာထက်မနည်း အိမ်ခြေ ၄ ရာနီးပါး မီးလောင်ခဲ့ပါတယ်။

အလားတူ ရွာတွေမီးလောင်တဲ့ အခြေအနေကတော့ ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာ အပါအဝင် ရွာ ၄ ရွာ အိမ်ခြေ ၁ ရာကျော် မီးလောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကြောင်းအဖွဲ့ဟာ ကနီမြို့နယ်ကို ဖြတ်သန်းပြီးနောက် ကနီးမြို့နယ် ကင်းရွာအပါအဝင် ရွာ ၅ ရွာ ၊ လူနေအိမ် ၂ ရာနီးပါး မီးလောင်ခဲ့ပါတယ်။

” ၁၉၅၈ ဝန်းကျင်ကလည်း စစ်ကိုင်းတိုင်းထဲမှာ နိုင်ငံရေးပဋိပက္ခကြောင့် မီးလောင်တာ ရှိခဲ့ဖူးတယ် ၊ ပထမကတော့ ရွာပျက်ပေါ့ ၊ နောက်တော့ အဲ့ဒီ ရွာပျက်မှာ နေရဲတဲ့သူ မရှိတဲ့အခါ အရင်ရွာနာမည်နဲ ရွာသစ်ပြန်တည်ကြတယ် ၊ အရင်ရွာပျက်က ရွာဟောင်း အဖြစ်နဲ့ ပျောက်ကွယ်သွားရတာ ၊ အခုလည်း ရွာတွေ မီးရှို့ခံရပြီး ရွာပျက်တွေဖြစ်ကုန်တယ် ၊ တတ်နိုင်သူတွေက ရွာကို အပြီးစွန့်ခွာပြီး မြို့ကိုပြောင်းကုန်ကြတယ် ၊ မြို့မပြောင်းနိုင်တဲ့သူတွေက ရွာပျက်မှာ ဆက်မနေရဲတော့ဘူး ” လို့ ရေဦးမြို့ခံ ဝါရင့်နိုင်ငံရေးသမားကြီးတယောက်က ပြောပါတယ်။

အဲ့ဒီလို ရွာပျက်တွေအဖြစ်ကျန်ခဲ့တဲ့ ရွာပေါင်း ၂ ရာနီးပါးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ် မြောက်ပိုင်း ၊ ရွှေဘိုမြို့နယ် အရှေ့တောင်ပိုင်း ၊ ဝက်လက်မြို့နယ် အရှေ့ပိုင်း ၊ ​မြောင်မြို့နယ် အနောက်တောင်ပိုင်းတွေမှာ မီးလောင်ရွာပျက်တွေရှိနေတာဖြစ်ပါတယ်။

နှစ်စဥ် မေလ ၅ ရက်မှာ ကျင်းပလေ့ရှိတဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့မှာ စစ်ကိုင်းတိုင်း မီးသတ်တပ်ဖွဲ့ရုံးက ၁ တိုင်းလုံး မီးလောင်ပျက်စီး ဆုံးရှုံး အရေအတွက် စာရင်း ထုတ်ပြန်လေ့ရှိပေမယ့် ပြီခဲ့တဲ့ မေ ၅ ရက်ကတော့ စစ်ကိုင်းတိုင်းထဲက မီးလောင်အရေအတွက် စာရင်း ထုတ်ပေးနိုင်တာ မရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW