လက်ပံတောင်းတောင် စီမံကိန်းနဲ့ ဒေသခံတို့ တင်းမာမှုတွေ ဆက်တိုက်ဖြစ်ပေါ်

ဇူလိုင် ၊ ၁-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသက ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္မဏီတို့အကြား ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ၂ ဖက်တင်းမာမှုတွေရှိခဲ့ပြီး အပြန်အလှန် ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြတယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။

” ဧပြီလကုန်ပိုင်းကစလို့ စတင် တင်းမာခဲ့တယ်လို့ ပြောလို့ရတယ် ၊ ဘာကြောင့်လဲဆိုတော့ ဧပြီ နောက်ဆုံးအပတ်မှာ ဝမ်ပေါင်က Non CDM ဝန်ထမ်းတွေအနေနဲ့ မေလ ၅ ရက်နောက်ဆုံးထားပြီး CDM မှာ ပါဝင်ကြဖို့ ကြေညာ ၁ စောင် အရင်ထွက်လာတယ် ၊ အဲ့ဒီ ကြေညာချက်ထဲမှာ CDM မှာ မပါဝင်ဘူးဆိုရင် မပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ မိသားစုဘဝ အသက်အာမ မခံဘူး ဆိုတာ ပါတယ် ၊ အဲ့ဒီ ကြေညာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း တင်းမာမှုတွေ ဆက်တိုက်စခဲ့တာပါ “လို့ ဆားလင်းကြီးဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကစလို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာဝန်းကျင်မှာ ညတိုင်းလိုလို ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

အဲ့ဒီနောက် ကြေးနီစီမံကိန်းဧရိယာနားကို စစ်တပ်က ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းတာတွေ ဆက်တိုက်လုပ်ခဲ့တာဖြစ်ပါတယ်။

” ဝါးတန်ရွာနဲ့ ဖောင်းကားရွာဘက်ကို အရင်ဆုံး စစ်ကြောင်းစဝင်တယ် ၊ ရွာခံတွေက ဘေးလွတ်ရာကို ထွက်ပြေးကြရတယ် ၊ အဲ့ဒီအချိန်မှာ ရွာက အိမ်တချို့ မီးလောင်ခဲ့တယ် “လို့ ဝါးတန်းရွာခံတယောက်က ပြောပါတယ်။

ဒါ့အပြင် မိုးကြိုပြင်မြောက်ရွာ ၊ လင်းစားကျက် ၊ တုံရွာမ ၊ တောကျောင်း စတဲ့ရွာတွေက လူနေအိမ်တချို့ မီးလောင်ဆုံးရှုံးကာ ရွာပေါင်း ၄၀ နီးပါးက ဒေသခံတွေဟာ ဘေးလွတ်ရာကို ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဲ့ဖြစ်စဥ်တွေ ဖြစ်ပွားပြီး ရက်ပိုင်းအကြာ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္မဏီက အဲ့ဒီပဋိပက္ခတွေမှာ ပါဝင်ပတ်သက်မှု မရှိဘူး ၊ ကုမ္မဏီအနေနဲ့ ၁ နှစ်ခွဲကြာ ထုတ်လုပ်မှုတွေရပ်ဆိုင်းထားပေမယ့် ဝန်ထမ်းတွေကို အကျိုးခံစားခွင့်တွေပေးထားတယ် ၊ နောက်ပြီး ဒေသတွင်းက ဒေသခံတွေရဲ့ လူမှုအကျိုးပြု ကိစ္စရပ်တွေကို လုပ်ကိုင်ပေးနေတယ် ၊ အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာနဲ့ နေထိုင်လိုတယ် စတဲ့ သဘောထားတွေပါတဲ့ ကြေညာချက်တစောင် ထုတ်ပြန်လာတာကို တွေ့ရပါတယ်။

အဲ့ဒီနောက် အောင်ချမ်းစီရွာခံ ၁ ယောက် ၊ တုံရွာခံ ၂ ယောက် ၊ ဖောင်းကတာရွာနားမှာ ၁ ယောက် လူသတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မြောက်ယမား တံတားနားမှာ ဒုန်းတောရွာခံ ၁၀ ဦး အပါအဝင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာဝန်းကျင်ရွာတွေက ဒေသခံရွာသား ၂၃ ဦးအထိ အသက်ဆုံးရှုံးရပြီးဖြစ်တယ်လို့ အဲ့ဒီ ဒေသခံတွေက ကြေညာချက်ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

အဲ့ဒီလို ဒေသခံတွေနဲ့ ကုမ္မဏီအကြား အပြန်အလှန် ကြေညာချက်တွေ ထုတ်ပြန်ပြီးနောက်ပိုင်း မနေ့ ဇွန် ၃၀ ကစလို့ လက်ပံတောင်းဒေသဘက်ကို စစ်တပ်က အင်းအားတိုးမြှင့်လာတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #လက်ပံတောင်း #ဒေသခံ #ဝမ်ပေါင် #နှစ်ဖက်တင်းမာမှု

Related posts

Leave a Comment

VOM News

FREE
VIEW