ကျောက်တော်က မိုင်းထိလူနာတဦး စစ်တွေဆေးရုံမှာ သွေးလိုအပ်ချက်ကြောင့် ကုသမှုခံယူနေရင်း သေဆုံး

ဇူလိုင် ၂-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ မနေ့ ဇူလိုင်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ဝက်မှိုင်းကျေးရွာသားတဦး နွားရှာသွားစဉ် မိုင်းနင်းမိတာပြောင့် ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။

ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံမှာ ကုသမှုခံယူနေရင်း ဒီကနေ့ ညနေပိုင်း ၃ နာရီလောက်မှာ သေဆုံးသွားတယ်လို့ သေဆုံးသူရဲ့မိသားစုက ပြောပါတယ်။

သေဆုံးသူဟာ ဝက်မှိုင်းကျေးရွာက ဒေသခံတဦးဖြစ်တဲ့ ဦးသန်းစိန်မောင် ဖြစ်ပြီး မိုင်းထိတာကြောင့် ခြေနှစ်ဖက်လုံးဆုံးရှုံးသွားပြီး လက်ချောင်းတချို့ ထိခိုက်ဒဏ်ရာရသွားတာဖြစ်လို့ သွေးထွက်လွန်ရာကနေတဆင့် သွေးလိုအပ်ချက်ရှိတာကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ မိသားစုက ပြောပါတယ်။

ဦးသန်းစိန်မောင် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကိုကျော်သန်း က “ အဖေဆုံးသွားတာ ဟုတ်ပါတယ်။ ဘာကြောင့် ဆုံးသွားတာလည်းဆိုတော့ ဒဏ်ရာကများပါတယ်။ ဒါကြောင့် သွေးတစ်လုံးသွင်းဖို့လိုအပ်တဲ့အခါ နောက်ကျသွားတယ်။ ကျောက်တော်က သွေးနှစ်လုံးပါတယ် အဲဒါနဲ့နေတာ။ ဒဏ်ရာကပြင်းလို့ သေဆုံးသွားတာပါ” လို့ ပြောပါတယ်။

ဖခင်သေဆုံးသွားတဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး အလောင်းကို မနက်ဖန် ဇူလိုင်လ ၃ ရက်နေ့မှာ ဝက်မှိုင်းကျေးရွာကိုယူဆောင်ကာ သင်္ဂြိုဟ်သွားမှာဖြစ်တယ်လို့ ကိုကျော်သန်း က ပြောပါတယ်။

“ဒီနေ့ သူ မဆုံးခင် ဘာစကားမှမပြောနိုင်ရှာပါဘူး။ မနေ့ကတော့ စကားနည်းနည်းပြောနိုင်တယ်။ နေမကောင်း၊ နေမကောင်းဘူး ဆိုပြီး ပြောနေပါတယ်။ အဖေကသနားဖို့ကောင်းပါတယ်။ အခုလိုဖြစ်သွားတော့ မိသားစု၊ ဆွေမျိုးတွေအားလုံး စိတ်မကောင်းဖြစ်ရပါတယ်” လို့ သူက ပြောပါတယ်။

မနေ့က မိုင်းပေါက်ကွဲတဲ့နေရာဟာ ဝက်မှိုင်းကျေးရွာနဲ့ တစ်မိုင်းနီးပါး အကွာအဝေးရှိတဲ့ ၉၉ တောင်တန်းငယ်နဲ့ ရထားလမ်းဟောင်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူမိုင်းထိတာကို မြင်ကြတဲ့ ဒေသခံတွေက ကျောက်တော်ဆေးရုံသို့ လိုက်ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ဒဏ်ရာပြင်းထန်းပြီး မသက်သာတာကြောင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကာ ဒီကနေ့မှာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခုနောက်ပိုင်း မိုင်းပေါက်ကွဲမှုတွေကို ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ အမ်းစတဲ့မြို့နယ်တွေမှာ တွေ့ရပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၇ ရက်အတွင်းမှာဆိုရင် ရခိုင်ကဖော်ပြပါ မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ဒေသခံ ၅ ဦးသေဆုံးပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီမတိုင်ခင် မေလအတွင်းမှာလည်း မင်းပြား၊ အမ်း၊ ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ မိုင်းနင်းမိပြီး တမြို့နယ်မှာ ဒေသခံတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ ထောင်ထားတဲ့မိုင်းတွေကို ရှင်းလင်းပေးဖို့ တောင်းဆိုနေတာ ၂ နှစ်နီးပါးကြာမြင့်လာပေမယ့် လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးဘူးလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း အမ်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ဘူးသီးတောင် စတဲ့မြို့နယ်တွေအပြင် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွေမှာပါ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး တပ်မတော်နဲ့ အေအေကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ပြင်းထန်တိုက်ပွဲတွေကြောင့် ကျေးလက်နေ ဒေသခံပြည်သူ သိန်းနဲ့ချီ စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိခဲ့ရပြီး စစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီပြီး ထိခိုက်သေကြေပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #မိုင်းထိလူနာ #သွေးလိုအပ်ချက် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW