ငရုတ်ကောင်းမြို့မှာ ရက် ၂၀ အတွင်း လူ ၂၅ ယောက်အဖမ်းခံရ၊ တယောက်စစ်ကြောရေးမှာသေဆုံး

ဇူလိုင် ၂-၂၀၂၂
မင်းမြတ်

ဧရာ၀တီတိုင်း၊ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့မှာ
နိုင်ငံရေးဖြစ်စဥ်တွေကြောင့် ဇွန်လ ၁၀ ရက် ကနေ ၃၀ ရက်အထိ ရက် ၂၀အတွင်း လူ၂၅ ယောက် ဖမ်းဆီးခံထားရပြီး တယောက်ကတော့ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ရတယ်လို့ အဖမ်းခံရတဲ့သူတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့ဒီ အဖမ်းခံထားရတဲ့ ဒေသခံအရပ်သားတွေဟာ ငရုတ်ကောင်းမြို့၊ဆင်ငံကျေးရွာနဲ့အနီးဝန်းကျင်ဒေသကဖြစ်ပြီး အဖမ်းခံရသူတွေထဲက မိုးတိမ်ပြင်ကျေးရွာအုပ်စု၊အလယ်ရွာမှာနေပြီး အုန်းပင်တက်အလုပ်လုပ်တဲ့ ဝင်းဘိုဆိုသူ အမျိုးသားတယောက်ဟာ စစ်ကြောရေးမှာသေဆုံးသွားတယ်လို့ သိရပါတယ်။

”PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီးတော့ အဖမ်းခံရတာ။အဖမ်းခံရတဲ့ သူတွေထဲက ဆင်ငံကျေးရွာအနီးက ဒေသခံတွေများတယ်။အဲ့ဒီဖမ်းခံရတဲ့သူတွေထဲက တယောက်က စစ်ကြောရေးမှာဆုံးသွားတယ်။အားလုံးပေါင်းအဖမ်းခံထားရတာ ၂၅ ယောက်ရှိပြီ။”လို့ အဖမ်းခံရတဲ့သူတွေနဲ့နီးစပ်သူ တယောက်ကပြောပါတယ်။

အဲ့ဒီအဖမ်းခံရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက”ဖမ်းဆီးစစ်ဆေးနေတာရှိပါတယ်။ရှင်းရှင်းလင်းသိရရင် ပြန်လွှတ်ပေးလိမ့်မယ် ပြစ်မှုမကျူးလွန်ရင်ပေ့ါ။”လို့ ပြောပါတယ်။

အဲ့ဒီဖမ်းဆီးခံထားရသူတွေထဲမှာ မိန်းကလေး ၅ ယောက်ထက်မနည်းပါဝင်တယ်လို့သိရပြီး မိသားစုတွေနဲ့လည်း ဒီကနေ့အချိန်ထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူ ကိုဝင်းဘိုကိုရဲ့ မိသားစုတွေကသဂြိုလ်ခွင့်မရဖြစ်ခဲ့ရပြီး တာဝန်ရှိတဲ့သူတွေအနေနဲ့ ဖမ်းဆီးစစ်ဆေးတဲ့အခါ စနစ်တကျစီစစ်ဆောင်ရွက်စေလိုတယ်လို့ ဒေသခံတွေကပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ငရုတ်ကောင်း

Related posts

Leave a Comment

VOM News

FREE
VIEW