မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေမဆပ်ပါက အရေးယူမယ်ဆိုလို့ ပြင်ပကနေ ၅ ကျပ်တိုးနဲ့ချေးပြီး ဆပ်နေရ

ဇူလိူင် ၂
VOM (GG)

စိုက်ပျိုးရေးဘဏ်ကနေ တောင်သူတွေကို ထုတ်ချေးထားတဲ့ ၂၀၂၀ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေတွေကို ပြန်ဆပ်ခိုင်းနေတာကြောင့် ပြင်ပကနေ ၅ ကျပ်တိုးနဲ့ချေးကာ ဘဏ်ကိုပြန်ဆပ်နေရတယ်လို့ ပြည်ခရိုင်ထဲကတောင်သူတွေဆီကနေ သိရပါတယ်။

” မဖြစ်မနေဆပ်ကိုဆပ်ရမယ်လို့ အသိပေးလာတော့ လက်ထဲလည်းအပိုငွေမရှိကြဘူး။ဒီတော့ ဆပ်ချေးလုပ်ရတယ်။ဆပ်ချေးဆိုတာက အပြင်ကနေ ၁ သိန်းကို ၅ ကျပ်တိုးနဲ့ချေးပြီး ဘဏ်ကိုဆပ်ရတာပါ။ ဘဏ်ကနေပြန်ထုတ်ရင် ၅ ကျပ်အတိုးသမားကိုဆပ်။ကျနော် တို့က ဘဏ်တိုးရော၊ ချေးတဲ့ ၅ ကျပ်တိုးပါ ထပ်ဆင့်ပေးရတာပေါ့။ တကယ်လို့ ဘဏ်ကသာ အတိုးပဲဆပ် အရင်းချန်ထားပေးမယ်ဆိုရင် တောင်သူတွေ အဆင်ပြေတာပေါ့၊၅ကျပ်တိုး ထပ်မကုန်တော့ဘူး၊အခုကျတပူပေါ်တပူဆင့်ဖြစ်ရတယ် ” လို့ ပြည်ခရိုင်ထဲကတောင်သူတဦးက ပြောပါတယ်။

တောင်သူအနေနဲ့ ဘဏ်ချေးငွေ ပြန်ပေးဆပ်ဖို့ပျက်ကွက်ပါက ဘဏ်တည်ဆဲဥပဒေအရဖြစ်စေ၊မြေခွန်ကျန်ငွေဖြစ်သကဲ့သို့ဖြစ်စေ အရေးယူမှာဖြစ်တယ်လို့ သတိပေးထားတာကြောင့် တောင်သူတွေအနေနဲ့ အတိုးနဲ့ချေးငှားပြီး ပြန်ဆပ်နေရတာဖြစ်တယ်လို့​ သိရပါတယ်။

ဒါ့အပြင် ဘဏ်ကို စိုက်ပျိုးစရိတ်ချေးငွေဆပ်ပြီးနောက် အခုနှစ် ၂၀၂၂ ခုနှစ် မိုးးစပါးချေးငွေ ပြန်ထုတ်ယူဖို့အတွက်လည်း ရပ်/ကျေးဘဏ်ကော်မတီဆိုသူက တောင်သူတဦး၊တနာမည်ကို ၂၀၀၀ ကျပ်ကောက်ခံနေတယ်လို့လည်း သိရပါတယ်။

” လယ်သမားတွေက အခံဘက်ကချည်းပဲ ။ အခုလည်း ငွေထုတ်ဖို့ တနာမည်ကို ၂၀၀၀ ကောက်တယ်။ မပေးချင်ရင်ငွေထုတ်ဖို့ ကိုယ့်ဘာသာလုပ်လို့ပြောတယ်။ ငွေကမထုတ်ရသေးဘူး ကိုယ်ကအရင်ပေးရတယ်”လို့ တောင်သူတဦးက ထပ်မံပြောပါတယ်။

ပြည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲကတော့ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေအတွက်စာရွက်စာတမ်းတွေကို အခမဲ့ထုတ်ပေးနေတာဖြစ်ပြီး လယ်သမားတွေဆီ ငွေကြေးကောက်ခံခြင်းကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း ကျေးရွာတွေမှာတော့ နှစ်စဥ် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချိန်တိုင်း ငွေထုတ်ဖို့အတွက် ဘဏ်ကော်မတီဆိုသူတွေက ငွေကောက်ခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ပြည်ခရိုင်မှာဆိုရင် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခဲ့တဲ့ စပါး စိုက်ဧက ၅သောင်းကျော်ရှိတယ်လို့ သိရပြီး လက်ရှိမှာ မိုးချေးငွေ ဆပ်ပြီးသူတွေကို ကိုဗစ်စည်းကမ်းနဲ့အညီ မိုးချေးငွေတွေ ပြန်လည်ထုတ်ချေးပေးနေတယ်လို့ ဘဏ်ခွဲဝန်ထမ်းတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မိုးစပါးချေးငွေ #တောင်သူအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW