ပွဲတော်ကြို ပြည်ဖုံးကား အဖွင့်

ဆူးငှက်

ဒို့ မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို
မှိုင်းပြာပြာ မှုန်ဝေဝေ
ရေဇလာနဒီ မြစ်ညို
ဧရာဝတီပါ လျှံဝင်းပြောင်ညီးတဲ့
ရန်ကင်းတောင်ကြီး အမြဲဆိုသာဆို
ဆရာရွှေနန်းတော်ရှေ့ တစ်ခါရှေ့ခေါင်းဆောင်တဲ့
ဗမာရွှေဒေါင်းတောင်တွေ ကိုင်ကာဆို…
တကယ်ခေတ်ပြောင်းတော့မယ်
အမှန်ဧဝကံမ
သဖြန်ရေမြနန္ဒာ သန်းတဲ့ မန်းရိပ်ခို….
(နန်းတော်ရှေ့ဆရာတင်- မြနန္ဒာသီချင်းမှ)

မကြာမီဘုရား ပွဲတော်တွေ လာချေတော့မည်။သို့သော် ဒီနှစ်လည်း ကိုဗစ်ကပ်ရောဂါဘေးဆိုးကြီးနှင့် အခြားအခြေအနေ အရပ်ရပ်ကြောင့် အစဉ်အလာမပျက်ကျင်းပခဲ့ကြသော ဘုရားပွဲတော် အများစုက ကျင်းပဖြစ်မှာ မဟုတ်တော့ပေ။

မန္တလေးတွင် သီတင်းကျွတ်လဆန်းကတည်းက ရှေ့တော်ပြေးဝင်း ဓမ္မာရုံ၊ ကြက်သွန်တန်းဓမ္မာရုံပွဲများအပါအဝင် ဂေဇက်ဘုရားပွဲများကို စတင်ကျင်းပခဲ့၏။ ဘုရားပွဲကြီးများ ဆက်တိုက်ကျင်းပသောကြောင့် တစ်မြို့လုံးမီးရောင်စုံ မိုးဘဝဂ်လျှံကာ ဆိုင်းသံဗုံသံ ညံခဲ့သည်။ ထို့ကြောင့် မန္တလေး၏ ဝါကျွတ်ဆီမီးရောင်စုံသည် သီတင်းကျွတ်လပြည့်မှသာ မဟုတ်ဘဲ သီတင်းကျွတ်တစ်လလုံး မြိုင်ဆိုင်ခဲ့ကြသည်မှာ သေချာလှ၏။

မန္တလေးဘုရားပွဲ အစဉ်အလာကား ဘုရားပွဲအဝင် ပထမနေ့တွင် ယခုထက်တိုင် အစဉ်အလာမပျက် ရှိနေဆဲဖြစ်သော နန်းတော်ရှေ့ စည်တော်ကြီးအဖွဲ့ ပါဝင်တတ်သည်။ ဇာတ်ပွဲထည့်သွင်းပါက ထိုနေ့မှာပင် ဇာတ်ပွဲစဝင်သည်။ ဇာတ်ပွဲကား ၂ညဆက်တိုက် ကသောကြောင့်ဖြစ်၏။ ဇာတ်ပွဲမပါဘဲ အငြိမ့်ပွဲဖြစ်ပါက တတ်နိုင်သောဂေါပကနှင့်ဂေါစဂဏ်ရှိ ဘုရားများတွင် ပထမနေ့မှာပင် အငြိမ့် (၁)ဖွဲ့ ပါဝင်တတ်သည်။ ဘုရားပွဲကျင်းပရာ လမ်းများ၊ပြများတွင် ဘုရားပွဲမတိုင်ခင် ၁ပတ်ခန့်ကတည်းက ဘုရားပွဲဈေးသည်များ မုန့်သည်များရောက်ရှိကာ ယာယီဆိုင်ခန်းဆောက်လုပ်ပြီး နေရာယူနေကြပြီ။

ဘုရားပွဲဈးသည်ဆိုသည်မှာ ကလေးကစားစရာ အရုပ်များ ၊ ကူလီယာပစ်၊သေနတ်ပစ် စသည့် ကစားပွဲဆိုင်များက အများစုဖြစ်သည်။ လွန်ခဲ့သောနှစ်များဆီက ဘုရားပွဲများတွင် မောတော်ကားပြိုင်ပွဲ၊ တန်ပိုလာမဲ ဖွင့်ပွဲစသည့် လောင်းကစားများကို အစုအဖွဲ့များဖြင့် အကြီးကျယ်ပြုလုပ်ခဲ့ဖူးသည်။ ထို့ပြင် အနီအစိမ်းဒိုင်များ၊လေးကောင်ဂျင်၊ ဂလုံးဂလုံးဟုခေါ်သော လောင်းကစားပွဲများလည်း ပါဝင်တတ်၏။နောက်ပိုင်းတွင် ထိုကဲ့သို့သော လောင်းကစားပွဲများကို မန္တလေးဘုရားပွဲများတွင် မမြင်ရလောက်အောင် ကြပ်မတ် အရေးယူခဲ့သည်မှာ ဝမ်းသာဖွယ်ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၃၀ကျော်၏ ရှေ့ကာလများတွင် မန္တလေးဘုရားပွဲများ၊ ကလေးများ အသည်းစွဲဈေးသည် တစ်မျိုးလည်း မပါမဖြစ် ပါဝင်ခဲ့၏။ ကျွန်းသားဖြင့် ကျကျနနစပ်ထားသော ပုံးကြီးနှစ်ပုံးကို ဆိုင်းထမ်းဖြင့် ထမ်းလာသည်။ ထိုပုံးကြီးမှာ တချို့တွင် ကနုတ်များ ကြိုးပေါင်များဖြင့်ပင် လက်သမားပညာစွမ်းကို ပြထားကြသည်။ ထိုပုံကြီးဘေးမှာ ၄”ခန့်အချင်းရှိသော မှန်ဘီလူးပေါက် ၃ပေါက် ပါရှိသည်။ ထို မှန်ဘီလူးပေါက်များကိုသံဖြူအပိတ်ဖြင့် ကျနစွာ ပိတ်ထားသည်။ ဘုရားပွဲဝင်းအတွင်း ထိုပုံးကြီးကို ဆင့်ထားသောအခါ မှန်ဘီလူးပေါက်က ကလေးတစ်ယောက် ဒူးထောက် ထိုင်ချလိုက်လျှင် မျက်စိနေရာနှင့် အံကျဖြစ်၏။ ပုံးပေါ်တွင် ဖယောင်းတိုင်၃တိုင်ခန့် ထွန်းညှိလိုက်သည်။ ဤသို့သော “ဓာတ်ပုံး” (ဓာတ်ပုံမဟုတ်ပါ)သည်များ နေရာယူလိုက်သည်နှင့် ဆယ်ပြားစေ့လေးတွေ ကိုယ်စီ ကိုင်ထားသော ကလေးတစ်သိုက်က ပုံးတွေရှေ့ အလုအယက် နေရာယူလိုက်ကြ၏။ဈေးသည်က မှန်ဘီလူးအဖုံးတွေ ဖွင့်ပေးလိုက်သည်နှင့် အငမ်းမရနှင့် မှန်ဘီလူးတွေဆီ မျက်လုံးကပ်လိုက်ကြရသည်။ မှန်ဘီလူးမှတစ်ဆင့် ပုံးအတွင်းမြင်ကွင်းကား အံ့သြဖွယ်ဖြစ်၏။ မန္တလေးကျုံးမြို့ရှိးမြင်ကွင်းက ကနဦးပေါ်လာသည်။ “ဓာတ်ပုံးသည်ကသံလွင်စည်းကလေးဖြင့် ပုံးကိုခတ်ရင်း “ဟောဒါက..အောင်ကျော်ချမ်းအေး မန္တလေးတဲ့ ခင်ဗျ၊ အင်ကြင်းကြာအုံ ရတနာပုံလို့လည်း အမည်တွင်တဲ့ မန္တလေး…” ညာဖက်လက်က စည်းကိုကိုင်ရင်း ဘယ်ဘက်လက်က ပုံးနဘေးရှိ ကြိုးစလေးကို ဆွဲလိုက်တော့ ရွှေတိဂုံရောင်စုံကားချပ် ပေါ်လာသည်။သို့ဖြင့် ဓာတ်ပုံကားချပ် အမျိုးမျိုးကို မရိုးနိုင်အောင် ကြည့်ရှုကြရ၏။ ယခုလို အိုင်တီခေတ်၊ ဂြိုဟ်တုစလောင်းခေတ်၊ အင်တာနက်ခေတ်မှာ ထိုကဲ့သို့သော “ဓာတ်ပုံးသည်”များကား အတိတ်ကားချပ်များမို့ ပုံရိပ်တောင် အတော် စဉ်းစားဖမ်းယူနေရ၏။

သို့သော် မန္တလေးဘုရားပွဲဈေးမြင်ကွင်းကား လွန်ခဲ့သော နှစ် ၃၀ကျော် နှစ်၂၀ကျော်ကာလများနှင့် “ဓာတ်ပုံးသည်”များ မရှိတော့တာက လွဲလို့ သိပ်ပြီး ကွဲပြား ထူးခြားသွားတာမျိုးတော့ဖြင့် မရှိ။ ဟိုးရှေးယခင်ကလိုပဲ ဝါးလုံးတွေထိုး..၊ စင်ဆောက် ရောင်စုံကားလိတ်ဟောင်းနှင့် ကခုန်နေကြဆဲဖြစ်သည်။ အရင်ကတော့ ပြဇာတ်တွေ နှစ်ပါးသွားတွေ နောက်ပိုင်းဇာတ်တွေပေါ့။ အခုတော့ စတိတ်ရှိုးးက နေရာယူလာသည်။ ဟိုး..ရှေးယခင်ကလိုပဲ.. အသင့်တပ်ဆင် သစ်သားအငြိမ့်စင်ကြီးတွေနှင့်ပဲ အငြိမ့်ကကြသည်။ ယခင်ကတော့ အော်ပရာနှင့် ယိမ်းနှင့် အငြိမ့်ခန်းနှင့်ပြဇာတ်နှင့်ပေါ့။ အခု စတိတ်ရှိုးက နေရာယူလာသည်။

ဟိုး..ရှေးယခင်ကလိုပဲ ခဲလန်ချောင်းသည် မုန့်သိုင်းခြုံသည်၊ မုန့်ဆီကြော်သည်၊ မုန့်လင်မယားသည်၊ ချွေတာရေးမုန့်သည်၊ အမဲအူပြုတ်သည်၊ ဆိတ်ပုဆိုးကြမ်းဟင်းသည်၊ ကရေကရာသည်များ ပွဲဈေးတန်းတစ်လျှောက် ရှိနေဆဲဖြစ်သည်။ အသစ် တိုးလာတာက ရှမ်းခေါက်ဆွဲသည်၊ ဝက်သားဒုတ်ထိုးသည်။ ထိုင်ဝမ်ပုလဲရေခဲမုန့်သည်တွေပဲဖြစ်သည်။ ပို မထူးခြားတာက နဂိုရှိရင်းစွဲ မြန်မာ့မုန့်သည်များကား ရှေးကလည်း သူတို့ဘိုးဘွား၊ သူတို့မိဘများ၏ လက်ငုတ်ကိုပဲ မီးဖိုလေးအိုးကင်းလေးအသစ် အပြောင်းလဲကာ အစဉ်အလာမပျက်ဆက်လက် လုပ်ကိုင်နေခြင်းပဲဖြစ်ပါသည်။

အခုတော့ ဘုရာပွဲတွေ မကျင်းပနိုင်တော့ ပွဲလမ်းမရှိ၊ ပွဲလမ်း မရှိတော့ ပွဲဈေးတန်းမရှိ၊ ပွဲဈေးတန်းမရှိတော့ ပွဲဈေးသည်တွေ မရှိတော့။ သူတို့လည်း သဘင်သည်တွေလိုပဲ ကြုံရာ ကျပန်း လုပ်ကိုင်စားကြပေမည်။ ပွဲဦးကန့်လန့်ကာကား လှလှပပ မဖွင့်နိုင်သေး။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW