အမည်ပျက်စာရင်းကြောင့် မြန်မာ့စီးပွားရေး အကြီးအကျယ်ရိုက်ခတ်မှုရှိနိုင်

အောက်တိုဘာ ၂၃ – ၂၀၂၂
SN (VOM)

ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်း အသွင်းခံရခြင်းက မြန်မာ့စီးပွားရေးကို အကြီးအကျယ်ရိုက်ခတ်မှုရှိနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက် ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ဖို့ ပျက်ကွက်တာ၊ ပြုပြင်ပြောင်းလဲမှုမရှိတာတွေကြောင့် အမည်ပျက်စာရင်းသွင်းလိုက်တာ ဖြစ်တယ်လို့ FATF က အောက်တိုဘာ ၂၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

“ဒီအချိန်မှာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေလည်း ခံနေရတဲ့အပြင် ပြည်တွင်းမှာရှိနေတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပြန်ဆုတ်ခွာနေတဲ့အချိန်မှာမှ အခုလို အမည်ပျက်စာရင်း အသွင်းခံရတာဟာ မြန်မာ့စီးပွားရေး ဒီ့ထက်ပိုဆိုးဖို့ အပျက်ဘက်ကို ဒီ့ထက်ပိုရောက်ဖို့ ဖန်တီးလိုက်တာပါပဲ။ FATF ရဲ့ ဆုံးဖြတ်ချက်ဟာ ဘုန်းဘုန်းလဲကျနေတဲ့ မြန်မာ့စီးပွားရေးကို လုံးဝနလန်မထူနိုင်အောင် ဖြစ်သွားစေမှာပါ” လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပါတယ်။

FATF ရဲ့ အမည်ပျက်စာရင်းမှာ အရင်က မြောက်ကိုရီးယားနဲ့ အီရန်တို့ရှိခဲ့ရာက လက်ရှိမှာ မြန်မာက တတိယမြောက်နိုင်ငံအနေနဲ့ ပါဝင်လာတာ ဖြစ်ပါတယ်။

အခုလို FATF ရဲ့ အမည်ပျက်စာရင်းဝင် နိုင်ငံ ဖြစ်သွားတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (IMF)ကမ္ဘာ့ဘဏ်နဲ့ ADB တို့ကနေပြီး စီးပွားရေးပိတ်ဆို့ ပြစ်ဒဏ်ချမှုတွေကို ရင်ဆိုင်ရနိုင်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အကူအညီရင်းနှီးမြှုပ်နှံမှုနဲ့ အခြားသော နိုင်ငံတွင်းကို စီးဝင်လာမယ့် ငွေကြေးတွေ အကုန်တားဆီးခံရတာ၊ ငြင်းပယ်ခံရတာမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံပိုင်ပုဂ္ဂလိကပိုင်ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအပေါ် နိုင်ငံတကာမှာရှိတဲ့ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှု လျော့ကျနိုင်ပြီး ပို့ကုန်လုပ်ငန်းတွေလုပ်ကိုင်ရာမှာ နှောင့်နှေးတာတွေ၊ နိုင်ငံတကာဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေ ရှိလာမယ်လို့ ပြောပါတယ်။

အရင်က မြန်မာနိုင်ငံအနေနဲ့ FATF ရဲ့ အမည်ပျက်စာရင်းမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ၅ နှစ် ပါခဲ့ဖူးသလို ငွေကြေးခဝါချမှုဆိုင်ရာ အန္တရာယ်ကြီးမားမှုအောက်မှာ စောင့်ကြည့်ခဲ့တဲ့ အမည်ညို (Grey List)မှာလည်း ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ပါဝင်ခဲ့ဖူးပါတယ်။

“အဲဒီ့တုန်းက လူအများစု မသိကြသလို ဒေါ်လာဈေးလည်း မတက်ပါဘူး။ လိုအပ်တဲ့အချက်တွေကို ပြုပြင်နိုင်ရင် နောက်နှစ်မှာ အမည်ပျက်စာရင်းကနေ ပြန်ပယ်ဖျက်ပေးခံရနိုင်ပါတယ်” လို့ နောက်ထပ် စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံအ‌နေနဲ့ နှစ်ပေါင်းများစွာ FATF စာရင်းမှာ အမည်ပျက်စာရင်းဝင် နိုင်ငံအဖြစ် ရပ်တည်နေခဲ့ပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်တာ အရပ်သားအစိုးရလက်ထက်မှာ အမည်ပျက် စာရင်းဝင်နိုင်ငံတွေထဲကနေ စောင့်ကြည့်စာရင်းဝင်နိုင်ငံ (Grey List)ထဲ ထည့်သွင်းဖော်ပြခံရပေမယ့်လည်း လက်ရှိ ၂၀၂၁ ခုနှစ်နောက်ပိုင်း အခြေအနေတွေကြောင့် အခုလို နောက်ထပ်တစ်ကြိမ် အမည်ပျက်စာရင်းသွင်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြန်မာနိုင်ငံ #အမည်ပျက်စာရင်း #စိးပွားရေးထိခိုက်မှုရှိနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW