အမည်ပျက်စာရင်းဂယက်နဲ့ မကျနိုင်တဲ့ ကုန်ဈေးနှုန်း

အောက်တိုဘာ ၃၁ – ၂၀၂၂
SN (VOM)

မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်ကစလို့ ပြည်တွင်းငွေကြေးဈေးနှုန်း ဖောင်းပွမှုနဲ့ ရွှေဈေးနှုန်းဂယက်ကြောင့် ကုန်ဈေးနှုန်းအတက်ကြမ်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရသလို အခုအခါမှာလည်း ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)က အမည်ပျက်စာရင်း ထည့်သွင်းတယ်လို့ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း အကျဘက်ကို ရောက်စပြုနေတဲ့ ပြည်တွင်းကုန်ဈေးနှုန်းတွေဟာ အတက်ဘက်ကိုပြန်ပြီး ဦးတည်လာခဲ့ပါတယ်။

အဲ့ဒီ့မတိုင်ခင် အောက်တိုဘာလဆန်းပိုင်းက ပြည်တွင်း အမေရိကန်ဒေါ်လာဈေးဟာ အကျဘက်ကို ဦးတည်နေခဲ့ပေမယ့် အမည်ပျက်စာရင်းဝင်ပြီးတဲ့နောက် ချက်ချင်းဆိုသလို ၁ ဒေါ်လာကို ကျပ် ၃၀၀၀ ကျော် ဖြစ်လာပါတယ်။

ဒါ့အပြင် အဲ့ဒီ့ အမည်ပျက်စာရင်းကြောင့် နိုင်ငံတကာဘဏ္ဍာရေးဝန်ဆောင်မှုတွေ ရယူရာမှာလည်း ခက်ခဲလာနိုင်တယ်လို့ စီးပွားရေးဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ငွေဈေးကြောင့် ဈေးကွက်အတွင်း ပြန်ကျနိုင်တဲ့ကုန်ပစ္စည်းနဲ့ ပြန်မကျနိုင်တဲ့ ကုန်ပစ္စည်းဟူ၍ နှစ်မျိုးရှိတယ်လို့ သိရပါတယ်။ ဒေါ်လာနဲ့ ဆက်စပ်ပစ္စည်းတွေသာ ငွေဈေးကျရင် ပြန်ကျနိုင်ပေမယ့် ‌အခြေခံစားသောက်ကုန်တွေကတော့ ငွေဈေးကျလည်း ပြန်ကျဖို့ မလွယ်နိုင်သေးဘူးလို့ ဈေးကွက်ကျွမ်းကျင်သူတဦးက သုံးသပ်ပါတယ်။

“တစ်ဒေါ်လာ၂၀၀၀ ဈေးဖြစ်ချိန် ဖုန်းဆိုင်သမားတစ်ယောက်ဟာ ဒေါ်လာ ၁၀၀၀ တန် ဖုန်းတစ်လုံးကို နိုင်ငံခြားက မှာရောင်းတယ်။ ပစ္စည်းရောက်ချိန် ဒေါ်လာဈေးမပြောင်းရင် အရင်းသိန်း၂၀ နဲ့ အမြတ်တစ်သိန်းပေါင်းပြီး သူ ၂၁ သိန်းရောင်းမယ်။ ဒေါ်လာဈေး ၃၀၀၀ ဖြစ်သွားရင် ၃၁ သိန်းရောင်းမှ တစ်သိန်းအမြတ်ရတယ်။ သူ့အတွက်အမြတ်ဟာ တစ်သိန်းပဲဖြစ်ပြီး တက်သွားတဲ့ ၁၀ သိန်းဟာ ဒေါ်လာဈေး တက်သွားတာပဲ။ တစ်ဒေါ်လာ ၃၀၀၀ ကနေ ၂၀၀၀ ဈေးကျသွားရင်လည်း သူ ၂၁ သိန်းနဲ့ ဈေးလျှော့ရောင်းနိုင်တယ်။ ဘာလို့ဆို သူ့အရင်းက ဒေါ်လာ ၁၀၀၀ နဲ့ အမြတ်တစ်သိန်းပဲ။ ဒါဟာ ငွေဈေးကြောင့် ပြန်ကျနိုင်တဲ့ ကုန်ပစ္စည်း။ ငွေဈေးကြောင့် ချက်ချင်းပြန်မကျနိုင်တဲ့ပစ္စည်းက ဘာလဲဆို ဥပမာ ကြက်သွန်နီ။ ငွေဈေးတက်တဲ့အတွက် အခြေခံပစ္စည်းတွေ ဈေးတက်ကြတယ်။ ဒီအခါ ကုန်သည်တွေဟာ ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀ ကနေ ၃၀၀၀ တက်ပြီး ဝယ်သိမ်းရတယ်။ ငွေဈေးပြန်ကျလည်း ၃၀၀၀ နဲ့ သိမ်းထားရတဲ့ သူ့ပစ္စည်းကို ဈေးလျှော့မရောင်းနိုင်တော့ဘူး။ သူ့အရင်းထဲက ဆုံးရှုံးမှုဖြစ်တာကြောင့်ပဲ”လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေအနေနဲ့ ဒေါ်လာဈေး မြင့်တက်လာတာကြောင့် အခြေခံကုန်ဈေးနှုန်းတွေ လိုက်ပါမြင့်တက်လာတာကို ကြုံတွေ့နေရပြီး ကျပ်ငွေတန်ဖိုးအပေါ် ယုံကြည်မှု ပိုမို ကျဆင်းလာနေပါတယ်။ အခြေခံစားသောက်ကုန်ဖြစ်တဲ့ စားအုန်းဆီဈေးဟာ ၁ ပိဿာ ကျပ် ၆၀၀၀ ကျော်ဝန်းကျင် ရှိနေရာက အမည်ပျက်စာရင်းကြောင့် ကျပ် ၈၀၀၀ ကျော်ကနေ ကျပ် ၉၀၀၀ ဝန်းကျင်အထိ ခုန်တက်သွားပါတယ်။ တချို့သောဆိုင်တွေကတော့ အရောင်းပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။

“ဆီစျေးတွေ ထိုးတက်သွားပြီး ပြန်ကျတာ ၂ ပတ်ကျော်ပဲ ရှိပါသေးတယ်။ အခုက လှုပ်လှုပ်ဆိုတော့ ပြန်တက်သွားပြန်ပြီ။ ဒေါ်လာဈေးကလည်း ပြန်တက်သွားတယ်။ အခြေအနေက ဘာမှန်းမသိသေးတော့ ခဏ အရောင်းရပ်ထားပြီး အခြေအနေ စောင့်ကြည့်နေရတဲ့ သဘောပါ”လို့ ဆန်နဲ့ဆီ အဓိကဖြန့်ဖြူးရောင်းချနေတဲ့ ကုန်စည်ဒိုင်က တာဝန်ရှိသူတဦးက ပြောပါတယ်။

စားအုန်းဆီဈေးဟာ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးမှာတင် ဈေးပြန်တက်လာတာပါ။ ဒါဟာ မြန်မာကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

“စားဆီဈေးက ဈေးကစားသူတွေကြောင့်ရော၊ လက်ထဲရှိပြီး ထုတ်မရောင်းချင်သူတွေကြောင့်ရော ပြင်ပဈေးက အတက်ဘက်ရောက်သွားတာ။ ဒီအချိန်မှာ ရည်ညွှန်းဈေးပါ ပြန်တက်လာတာဆိုတော့ ဆိုဖွယ်ရာမရှိပေါ့။ ကော်မတီကိုယ်တိုင်ကကို ဈေးကိုမထိန်းနိုင်သေးဘူး။ ဈေးကစားတဲ့သူတွေ၊ သိုလှောင်တဲ့သူတွေ အရေးယူမယ်လို့သာ ပြောနေတယ်။ ဒီကနေ့အထိ ဘာမှ ဖြစ်မလာသေးဘူး။ ဈေးက သူများကို အရေးယူဖို့မပြောနဲ့၊ သူတို့ဆီမှာတောင် ဈေးမငြိမ်သေးဘူး။ ထိန်းမထားနိုင်သေးဘူး။ တစ်ခုခု လှုပ်လှုပ် လှုပ်လှုပ်ဆို သူတို့ကအစ ပြန်တက်တာပဲ။ သူတို့ကိုယ်တိုင်ကိုက အကျဈေးနဲ့ မရောင်းရဲတာ” လို့ ဈေးကွက်ကျွမ်းကျင်သူတဦးက ပြောပါတယ်။

၂၀၂၀ ခုနှစ်က ပြည်တွင်း စားအုန်းဆီဈေးဟာ တစ်ပိဿာ ၂၄၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ ကျပ် ၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဈေးနှုန်း မတည်ငြိမ်မှုတွေလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေတာပါ။

လက်ရှိမှာလည်း အမည်ပျက်စာရင်းဂယက်ကြောင့် ဈေးနှုန်း အတက်အကျတွေ ပိုပြီးဖြစ်ပေါ်သလို အချိန်နဲ့အမျှ ဈေးနှုန်း ပြောင်းလဲနေတာတွေကြောင့် ဈေးနှုန်းအတိအကျ သတ်မှတ်ပြီး ဈေးဖွင့်နိုင်ဖို့ တော်တော်လေး အခက်ကြုံနေရတယ်လို့ စားသုံးဆီလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

“အခုက ဈေးမငြိမ်တော့ ဈေးဖွင့်ဖို့ခက်နေတယ်။ ဒေါ်လာဈေးဘက်မှာလည်း ဈေးကစားတာတွေ ရှိနေတယ်။ ဒီကြားထဲ ရည်ညွှန်းဈေးပါ ထပ်တက်သွားတော့ လုပ်ရကိုင်ရခက်တဲ့ အနေအထားပေါ့”လို့ စားသုံးဆီလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်ပက တင်သွင်းနေရတဲ့ စားသုံးဆီအမျိုးမျိုးဟာ နိုင်ငံခြားငွေ လဲလှယ်နှုန်းပေါ် မူတည်နေတဲ့အတွက် စျေးမငြိမ်ဖြစ်နေတာလို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ အခြေခံ စားသောက်ကုန်များဖြစ်တဲ့ ကြက်သွန်နီ ၁ ပိဿာဈေးမှာ အရင်က ကျပ် ၃၈၀၀ ကျော်ရှိရာက လက်ရှိမှာ ကျပ် ၄၀၀၀ ကျော်ကို ရောက်ရှိ‌နေပါတယ်။ အာလူး ၁ ပိဿာ ဈေးမှာလည်း အရင် ကျပ် ၂၆၀၀ ကျော်ရှိနေရာကနေ အခု ကျပ် ၃၀၀၀ ကျော်အထိ ဈေးတက်လာပါတယ်။

တချို့ဆိုင်တွေမှာတော့ ဈေးကွက် အခြေအနေကိုကြည့်ပြီး တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးညှိရောင်းချရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆန်ဈေးနှုန်းအနေနဲ့ကတော့ အတက်အကျမရှိဘဲ တည်ငြိမ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟင်းသီးဟင်းရွက်ဈေးတွေဟာလည်း လက်ရှိမှာ အနည်းငယ် မြင့်တက်လာနေပါတယ်။ အရင်က ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်သာ ရှိခဲ့ရာက အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းကစလို့ ခရမ်းချဉ်သီးတစ်ပိဿာ ၃၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာတယ်လို့ အိမ်ရှင်မတွေဆီက သိရပါတယ်။

“ခရမ်းချဉ်သီးက သိသိသာသာတက်လာတာ။ လိုင်းပေါ်မှာ မြန်မာက ဘလက်လစ်ဝင်တယ်ဆိုတာနဲ့ လမ်းဘေးကုန်စိမ်းသည်ကအစ ချက်ချင်းခေတ်မီပစ်လိုက်တာ။ဈေးကိုသွားရင် တစ်သောင်းတန် တစ်ရွက်ဆိုတာ ဘာဝယ်မှန်းမသိဘဲ ကုန်သွားတာ” လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းက ဆေးဝါးပစ္စည်းဈေးနှုန်းတွေဟာလည်း FATF ရဲ့ ဂယက်ကြောင့် အတက်ဘက်ကို ပြန်ရောက်လာနေပါတယ်။ ဆေးဝါးတွေ ဈေးတက်နေလို့ ဆေးပစ္စည်းရောင်းချတဲ့ ဆိုင်‌တွေအနေနဲ့ အရောင်းပိတ်ထားမှုတွေအပြင် အကန့်အသတ်နဲ့ ဝယ်ယူရမှု​‌တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ပုံမှန်သောက်နေကျ ဆေးအုပ်စုတွေက စျေးသိပ်မတက်ဘူး။ ရှားပါးပစ္စည်းတွေကတော့ စျေးတက်တယ်။ ဆိုင်ကြီးတွေက ဒီထက် စျေးထပ်မတက်အောင်လို့ ပစ္စည်းကို ကန့်သတ်ထုတ်ရောင်းနေတယ်လို့ ပြောတယ်။ တချို့က ဆိုင်တွေပိတ်လိုက်ကြတယ်။ လက်လီစျေးကွက်မှာတော့ အဆင်ပြေသလို ရောင်းနေကြတယ်”လို့ ဆေးဝါးလက်လီရောင်းချသူတဦးက ပြောပါတယ်။

ဒေါ်လာအတက်ကြမ်းခဲ့တဲ့ သြဂုတ်လကစတင်လို့ ဆေးဝါးတွေဟာ တက်စျေးအတိုင်းသာရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ပတ်ကျော်ခန့်ကတော့ ပျမ်းမျှ ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းမှုရှိခဲ့ပြီး လက်ရှိမှာတော့ အတက်ဘက်ကို ပြန်သွားနေတာပါ။

ဒါ့အပြင် မြန်မာကျပ်ငွေ တန်ဖိုးဟာလည်းမြန်မာနိုင်ငံကို FATF က အမည်ပျက်စာရင်း ထည့်သွင်းလိုက်‌ပြီလို့ ကြေညာလိုက်တဲ့နောက် အောက်တိုဘာ ၂၁ ရက်ညပိုင်းမှာပဲ ထိုးကျသွားခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

FATF က မကြေညာမီအချိန် အောက်တိုဘာ၂၁ ရက် ညနေပိုင်းက ပြည်တွင်း ဒေါ်လာပေါက်စျေးဟာ ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ၂၉၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာကနေ အောက်တိုဘာ ၂၂ ရက် ညပိုင်းမှာတော့ တစ်ဒေါ်လာကို ကျပ် ၆၀၀၀ အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဒေါ်လာပြင်ပပေါက်ဈေးဟာ ရောင်းဈေး ၃၀၇၀ ကျပ်၊ ဝယ်ဈေး ၃၀၂၀ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ဒေါ်လာက ၃ ထောင်ကျော်သာပြောတာ။ တကယ်တမ်းဝယ်ကြည့်၊ ဘယ်သူမှ မရောင်းရဲကြဘူး။ တချို့ လက်ကြိတ်ထိုး အရောင်းအဝယ်လုပ်တာတော့ရှိတယ်။ ဒါပေမယ့် လူတိုင်းကို အရောင်းအဝယ်မလုပ်ဘူး။ ကိုင်ထားကြတယ်” လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကတော့ FATF ရဲ့ မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းခြင်းနဲ့ပတ်သက်လို့ စိုးရိမ်စရာ မရှိဘူးလို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် ငွေကြေးဈေးကွက်ထဲ မသမာမှုတွေ မပြုလုပ်ကြဖို့လည်း သတိပေးထားပါသေးတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့ ဆောင်ရွက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့ရင်လည်း လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်တွင်းရွှေဈေးမှာလည်း အမည်ပျက် မကြေညာမီအချိန်က အခေါက်ရွှေ ၁ ကျပ်သား ကျပ် ၂၅ သိန်းကျော်ရှိရာက အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ သိန်း ၃၀ ကျော်အထိ ခုန်တက်သွားခဲ့ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဝင်ရောက်ထိန်းသိမ်းမှုကြောင့် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ဈေးပြန်ကျသွားခဲ့ပါတယ်။

လက်ရှိမှာ ပြည်တွင်းရွှေဈေးဟာ အခေါက်ရွှေ တစ်ကျပ်သား ရောင်းဈေး ကျပ် ၂၆ သိန်း ၆ သောင်းခွဲဖြစ်ပြီး ဝယ်ဈေး ကျပ် ၂၆ သိန်း ၅ သောင်းခွဲ ဖြစ်တယ်လို့ သိရပါတယ်။

“ဈေးကတော့ အတက်မှာပဲ ရှိပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ဝင်ထိန်းနေတော့ သိပ်မလုပ်ရဲကြဘူး” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

အမည်ပျက်စာရင်း ကြေညာပြီး နောက်တနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ ရွှေလက်ဝယ်ရှိသူတွေက လာရောက် ရောင်းချမှုတွေရှိသလို ငွေသားလက်ဝယ် မထားလိုသူများက ရွှေဝယ်ယူခြင်းများရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီနေ့ ညနေပိုင်းမှာတော့ ဈေးပြန်ကျသွားပြီး အရောင်းအဝယ် ပြန်အေးသွားတယ်လို့ သိရပါတယ်။

ဒါပေမယ့် အောက်တိုဘာ ၃၀ ရက်မှာတော့ ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်တွေအားလုံး အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၅ သိန်း ၃ သောင်းနဲ့ ရောင်းချပေးရမယ်လို့ တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ထုတ်ပြန်လိုက်ပါတယ်။

YGEA အနေနဲ့ လက်ရှိ ပြင်ပဈေးကွက်ထဲ ဖြစ်ပေါ်နေတဲ့ ရွှေဈေးကို ထိန်းချုပ်နိုင်ဖို့အတွက် အခုလို ဈေးနှုန်း ပြင်ဆင် သတ်မှတ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဒါကလည်း ဘယ်လိုလာဦးမလဲမသိဘူး။ ၁၅ သိန်းကျော်ဆိုတော့ လက်ရှိ အပြင်ဈေးတန်းနဲ့တော့ သိပ်မကွာတော့ဘူးပေါ့။ ဈေးကွက်အနေအထား ဘယ်လို ဖြစ်လာမလဲ၊ FATF ရဲ့ သက်ရောက်မှုလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထားပါ” လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပါတယ်။

FATF ရဲ့ အမည်ပျက်စာရင်းမှာ အရင်က မြောက်ကိုရီးယားနဲ့ အီရန်တို့ရှိခဲ့ရာက လက်ရှိမှာ မြန်မာက တတိယမြောက်နိုင်ငံအနေနဲ့ ပါဝင်လာတာ ဖြစ်ပါတယ်။

အခုလို FATF ရဲ့ အမည်ပျက်စာရင်းဝင် နိုင်ငံ ဖြစ်သွားတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (IMF)၊ ကမ္ဘာ့ဘဏ်နဲ့ ADB တို့ကနေပြီး စီးပွားရေးပိတ်ဆို့ ပြစ်ဒဏ်ချမှုတွေကို ရင်ဆိုင်ရနိုင်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အကူအညီရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတွင်းကို စီးဝင်လာမယ့် အခြားသောငွေကြေးတွေအကုန် တားဆီးခံရတာ၊ ငြင်းပယ်ခံရတာမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေအပေါ် နိုင်ငံတကာမှာရှိတဲ့ သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှု လျော့ကျနိုင်ပြီး ပို့ကုန်လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ နှောင့်နှေးတာတွေအပြင် နိုင်ငံတကာဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာလည်း အခက်အခဲတွေ ရှိလာမယ်လို့ ပြောပါတယ်။

အရင်က မြန်မာနိုင်ငံအနေနဲ့ FATF ရဲ့ အမည်ပျက်စာရင်းမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ၅ နှစ် ပါဝင်ခဲ့ဖူးသလို ငွေကြေးခဝါချမှုဆိုင်ရာ အန္တရာယ်ကြီးမားမှုအောက်မှာ စောင့်ကြည့်ခဲ့တဲ့ အမည်ညို (Grey List) စာရင်းမှာလည်း ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ပါဝင်ခဲ့ဖူးပါတယ်။

“အဲဒီ့တုန်းက လူအများစု မသိကြသလို ဒေါ်လာဈေးလည်း မတက်ပါဘူး။ လိုအပ်တဲ့အချက်တွေကို ပြုပြင်နိုင်ရင် နောက်နှစ်မှာ အမည်ပျက်စာရင်းကနေ ပြန်ပယ်ဖျက်ပေးခံရနိုင်ပါတယ်” လို့ နောက်ထပ် စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံအ‌နေနဲ့ နှစ်ပေါင်းများစွာ FATF စာရင်းမှာ အမည်ပျက်စာရင်းဝင် နိုင်ငံအဖြစ် ရပ်တည်နေခဲ့ပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်တာ အရပ်သားအစိုးရလက်ထက်မှာ အမည်ပျက် စာရင်းဝင်နိုင်ငံတွေထဲကနေ စောင့်ကြည့်စာရင်းဝင်နိုင်ငံ (Grey List) ထဲ ထည့်သွင်းဖော်ပြခံရပေမယ့်လည်း လက်ရှိ ၂၀၂၁ ခုနှစ်နောက်ပိုင်း အခြေအနေတွေ ကြောင့် အခုလို နောက်ထပ်တစ်ကြိမ် အမည်ပျက်စာရင်းသွင်းခံရတာလို့ သိရပါတယ်။ ။

#voiceofmyanmar #VOM #အမည်ပျက်စာရင်းဂယက် #ကုန်စျေးနူန်း

Related posts

Leave a Comment

VOM News

FREE
VIEW