ပုလဲမြို့နယ်ထဲက ကျေးရွာ ၂ ရွာနားမှာ မီးရှို့ထားတဲ့ ရုပ်အလောင်း ၁၇ လောင်းတွေ့

အောက်တိုဘာ ၊ ၂၉ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ သဲပြင်ကျယ်ကျေးရွာနဲ့ ဖလန်ပင်ကျေးရွာနားဝန်းကျင်မှာ မနေ့ အောက်တိုဘာ ၂၈ ရက်က လူသေရုပ်အလောင်း ၁၇ လောင်း မီးရှို့ဖျက်ဆီးထားတာကို ဒေသခံတွေက တွေ့ရတယ်လို့ အဲ့ဒီရွာခံတွေဆီက သိရပါတယ်။

” ဖလန်ပင်ရွာနားက မီးလောင်ပြင်ထဲမှာ အဲ့ဒီ ရုပ်အလောင်းတွေကို တွေ့ရတာပါ ၊ မီးရှို့ဖျက်ဆီးထားတဲ့အတွက် သေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါဆိုတာ အခုထိတော့ မပြောနိုင်သေးဘူး ၊ ဖလန်ပင်ရွာထဲက လူပျောက်နေတာ ၃ ယောက်ရှိတယ် ၊ သူတို့ပါသလားဆိုတာ အသေခြာ မပြောနိုင်သေးဘူး ” လို့ ဖလန်ပင်ရွာခံတယောက်က ပြောပါတယ်။

သဲပြင်ကျယ်ကျေးရွာထဲက လူနေအိမ် ၄ လုံးနဲ့ ဖလန်ပင်ကျေးရွာထဲက လူနေအိမ် ၆ လုံးလည်း မီးလောင်ပျက်စီးနေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ပြီးခဲ့တဲ့ရက်ပိုင်း ( အောက်တိုဘာ ၂၅ )ရက်က ရွာဘက်ကို ရဟတ်ယာဥ် ၅ စီးရောက်လာတယ် ၊ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်တယ် ၊ ရွာခံလူတွေ အကုန်လုံး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ ၊ မနေ့ကမှ ရွာကို ပြန်လာကြတယ် ၊ ဒီဖြစ်စဥ်တွေအားလုံးက ရွာပြန်ရောက်မှ မြင်တွေ့ သိရတော့တာ ၊ ဘယ်သူတွေ လုပ်တယ်ဆိုတာ အခုထိ မသိရသေးဘူး ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် ဖလန်ပင်ရွာနားက မီးလောင်ပြင်ထဲမှာ တွေ့ရတယ်ဆိုတဲ့ ရုပ်အလောင်းတွေဟာ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်ခဲ့တယ်ဆိုတာ VOM က အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီ ဖလန်ပင်ရွာနားမှာ ထိတွေ့တိုက်ပွဲတွေဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” အဲ့ဒီဘက်မှာက လူတချို့ကို ဖမ်းဆီးပြီး ချုပ်နှောင်ထားတာ ၊ သတ်ဖြတ်တာ ၊ ငွေကြေးနဲ့ ပြန်ရွေးခိုင်းတာတွေ လုပ်နေတယ်ဆိုတဲ့ သတင်းအရ အထူးစစ်ကြောင်းအဖွဲ့က သွားရောက်ပြီး နယ်မြေရှင်းလင်းခဲ့ရတယ် ၊ အဲ့ဒီအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးတာဖြစ်တယ်၊ အချုပ်ခန်းထဲမှာ အချုပ်ကျခံနေရတဲ့ ကလေးလူကြီး အပါအဝင် ၂၆ ယောက်ကို ကယ်ထုတ်ပေးနိုင်ခဲ့တယ် ၊ ဒါ့အပြင် ရုပ်အလောင်း ၇ လောင်း ၊ MK2 သေနတ် ၂ လက် ၊ M22 သေနတ် ၁ လက် ၊ လက်လုပ်သေနတ် ၄၄ လက်၊ ၄၀ မမ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်ဗုံးသီး ၄၂ လုံးလက်လုပ်စိန်ပြောင်း ၂ လက် ၊ လက်လုပ်မိုင်း ၁၀ လုံး ၊ တဲ ၆ လုံးကား ၁ စီး ၊ ဆိုင်ကယ် ၁ စီးနဲ့ ကျည်ဆံမျိုးစုံနဲ့ ကျည်အိမ်တွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်စလို့ ယင်းမာပင်ခရိုင်ထဲက ရင်ပေါင်တိုင် ၊ ရွှေလှံ ၊ ပျားအုံ ၊ ပုထိုးသာ စတဲ့ ရွာတွေဘက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားကာ လူသေဆုံးတာတွေနဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW