ရတနာပုံခေတ် မြင်းခင်းသဘင် မှသည် နှောင်းခေတ် အောင်ပွဲများ ဆီသို့

ဆူးငှက်

နှင်းဆွတ် ခွာညို လပြာသိုတဲ့။မြန်မာတို့၏ အေးချမ်းသာယာမှုပြယုဂ်၊ ချမ်းမြေ့မှူသရုပ်၊ပြည့်ဝန်း ဝင်းပခြင်း၏ နိမိတ်ပုံတို့ဖော်ဆောင်သော လပြာသိုပင်ဖြစ်ပါ၏။ ပြာသိုဆိုသည်နှင့် နှင်းမှုံနှင်းစက် နှင်းကန့်လန့်ကာနှင့်အတူ ရာသီပန်းဖြစ်သော ခွာညိုကို သတိရကြသည်။ ထို့အတူ တော်ဝင်သဇင်ပန်းကိုလည်း မမေ့လျှော့ခဲ့ကြ။

“ရွှေနားတောင်းနှင့် ဗောင်းကြော့ရှင်ကို
မကြင်သာဘူး မှတ်တော့တယ်
ပန်းချင်းငယ်မှမတူ သဇင်ဟူသည်
ကြူကြူမွှေးလှချည့်တကား…”

ပြာသိုလ လယ်လျှင်ဖြင့် နှင်းမိုးဖြိုင်ဖြိုင် ကျတတ်ချေသည်။ သည်နှစ်တော့ နတ်တော်လပြည့်ကျော်သော်လည်း အအေးဓာတ်မဝင်လှသေး။ အအေးက တွန့်ဆုတ်ကာ မဝံ့မရဲဖြစ်နေချေသေးသည်။ မနက်လင်းအားကြီးချိန်ရောက်မှသာ ခဏတစ်ဖြုတ် အလည်လာသည့် ဧည့်သည်နှင့် တူနေတော့၏။ မန္တလေးမှာက ဆောင်း “မရဲ”တာ နှစ်နှစ်၊ သုံးနှစ်ခန့် ရှိနေပြီ။

““ပန်းနွယ်ကြိုင်မွှေးပျံ့လေ။ ။ မှိုင်းဝေတက်ရွှန်း နန်းမွန်းလျက် လဝန်းတာရှည် လှိုက်သည်ဝေဆာ ဆီးနှင်းဖြာသား၊ မကာရခွင် ရောက်ခါတွင်လည်း၊မြင်းဆင်စီစဉ်၊ စွယ်ယှဉ်ဝေ့တိုက်”” ဟူ၍ ဆင်ခင်း၊မြင်းခင်းသဘင် ဆင်ယင်ခဲ့ကြသည်က သည်ဆောင်းကာလပ ပြာသိုလဖြစ်၏။ ဆင်းသူရဲ၊ မြင်းသူရဲတို့ကို ဆုလာဘ်များ ချီးမြှင့်ရာ၌ “ပင်မြင့်သဇင်”” ခက်လေးတွေလည်း ပါလာသည် ။ သဇင်သည် သက်သေဖြစ်၏။ ရည်ညွှန်းမှုဖြစ်၏။သဇင်ခက်နှင့်အတူ ဇာမဏီကဲ့သို့ မြူးကြွားနေသော ဆိုက်ဂိုက်ပေမီ မြင်းထွားမြင်းကောင်းကြီးများ၏ စည်းချက်အစုံ မြင်းခွာသံများကိုလည်း မြင်ယောင် ကြားယောင် လာပါတော့သည်။ ဒါက ရတနာပုံမန္တလေးနေပြည်တော်ခေတ်…။

အလားတူ လပြာသိုရောက်လေတိုင်း လွမ်းဆွတ် သတိရနေတာ ရှိပါသေး၏။ ပြာသိုလအတွင်း ကျရောက်လေ့ရှိသည့် လွတ်လပ်ရေးနေ့အခမ်းအနားများ ပျော်ပွဲရွှင်ပွဲများပဲဖြစ်သည်။ လွတ်လပ်ရေးနေ့က ဇန်နဝါရီ ၄ရက်နေ့ဖြစ်သော်လည်း ဇန်နဝါရီ၁ရက်နေ့မှစတင်ကာ ၇ ရက်နေ့အထိ ကျင်းပသော ပွဲကြီးဖြစ်သည်။ တောင်ဘက် မျက်နှာရှိ ကျုံးနှင့်မြို့ရိုးကြား ပြ၂၅၀င့် ၃၀၀
ကြားကျယ်ဝန်းသောနေရာတွင် မင်္ဂလာတံခါးမှသည် အနောက်ဘက် ကျုံးထောင့်၊ ထို့နောက် မြောက်သို့ အာဠဝီတံခါးပေါက်ထိ နေရာကျယ်ကြီးအတွင်း လွတ်လပ်ရေးပွဲသဘင်ကို ခုနစ်ရက် ခုနစ်လီ ကျင်းပသည်။ ကျုံးတောင်ဘက်ခြမ်း မင်္ဂလာတံခါးမှ အနောက်ကျုံးထာင့်အတွင်းက မန်းသီတာဥယျာဉ်ရှိ၏။ ထိုဥယျာဉ်အတွင်း ပြန်ကြားရေးဌာပြခန်းများရှိသည်။ ပန်းချီပြိုင်ပွဲ၊ စာပေပြိုင်ပွဲများရှိသည်။ ဆို၊ က၊ တီးပြိုင်ပွဲများ ရှိသည်။ သမားစဉ်အကနှင့် မဟာဂီတသီချင်းကြီးများကို အဓိကထားသီဆိုခြင်း၊ တီးမှုတ်ခြင်းပြိုင်ပွဲများဖြစ်၏။ မျိုးရိုးဇာတိဂုဏ်ကို မော်ကြွား ခံ့ညားစသည့် ပြိုင်ပွဲဖြစ်သည်။ ထို့နောက် ဂီတဆည်းဆာများရှိသည်။ စတုဒီသာအစားအသောက်များ၊ ရံပုံငွေ စားသောက်ဆိုင်များရှိသည်။ ကျုံးထောင့်မှာ ဂီတဆည်းဆာ၊ အငြိမ့်ပွဲ၊ ထို့နောက် မြောက် အာဠာဝီတံခါးအထိ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၊ဘောလီဘောပွဲ၊ ဘတ်စကတ်ဘောပွဲ၊ ခြင်းပွဲ၊ ဌာနဆိုင်ရာပြခန်းများ၊ ဂီတပဒေသာ ပွဲများအပြည့်ရှိ၏။
နေ့လယ်နေ့ခင်းတွင် ကျုံးအတွင်းလှေပြိုင်ပွဲများရှိသည်။ အလှပြလှေများလည်းရှိသည်။ တစ်နှစ်တင်က အနောက်ကျုံးအတွင်း ရေတပ်မတော်၏ ကမ်းတက်စစ်ဆင်ရေးသရုပ်ပြပွဲပင် ပါလိုက်သေး၏။

ကျုံးအတွင်း ရေပန်းတွေ ဆင်ထားသည်။ မင်္ဂလာတံတား၊မေတ္တာပေါင်းကူးတံတား၊ မတ္တရာမီးရထားတံတား၊ အာဠဝီတံတားတို့မှာ အလှ မီးလုံးတွမြိုင်နေ၏။င်ငံတော်အလံများက ကျုံးကမ်းစပ်မှာ မြို့ရိုးပေါ်မှာ တစ်ညီတစ်ညာတည်းရဲရဲတောက် တလူလူ လွင့်နေသည်။ မြို့ရိုး၏ သူရဲခိုများ၊ပြအိုးများ၊ ပြာသာဒ်များတွင် မီးလုံးရောင်စုံ ဆင်ထား၏။ ထိုနေရာတစ်ဝိုက် သစ်ပင်များမှာလည်း မီးလုံးမီးသီးမီးပွင့်တို့ ဝေဆာနေသည်။ ကျုံးနဘေးပတ်ပတ်လည်မှာ မီးရောင်စုံတွေ ထိန်ထိန်လင်းမျှ ထွန်းညှိထားသည်။ မြို့ရိုး၏အထက် သူရဲခိုကလနားများအတိုင်း လျှပ်စစ်မီးလုံးတွေဆင်ထားသည်။ မြို့ရိုးပေါ်ရှိ ပြာသာဒ်ကြီးများမှာလည်း မီးလုံးရောင်စုံတွေ သီးပွင့်နေ၏။ ကျုံးနဘေးသစ်ပင်တွေမှာပင် ဝါစိမ်းနီပြာ ခရမ်းလျှပ်စစ်မီးပွင့် အရွယ်အစားအမျိုးမျိုး အဆုတ်ဆုတ် ပွင့်ဖူးနေသည်။ ကျုံးရေထဲမှာ ရေပန်းရောင်စုံ..။ မင်္ဂလာတံတား၊ အာဠဝီတံတားမှအစ…မေတ္တာပေါင်းကူးတံတားအထိ တံတားရုပ်လုံးအားလုံး လျှပ်စစ်တန်ခိုးဖြင့် ကျုံးရေပြင်မှာ နှစ်ကိုယ်ခွဲပြနေသည်။ မြို့ရိုးနှင့် ကျုံးအကြားမြေပြင်မှာက ဆိုင်ခန်းတွေ၊ပြခန်းတွေ၊ တီးဝိုင်းတွေ၊ အငြိမ့်တွေ၊ ပဒေသာကပွဲတွေဖြင့် ပုခုံးချင်းတိုက်မျှနရာယူထားကြသည်။ လူသံ၊ သီချင်းသံ၊ ဈေးဝယ်ခေါ်သံ၊ ကုန်ပစ္စည်းကြော်ငြာသံများက သိမ့်သိမ့်လှုပ်နေ၏။ မြို့တွင်းရှိ ပြတိုင်းမှာလည်း ဘတ်စ်ကားတွေ၊မြင်းလှည်းတွေ၊ ဆိုက်ကားတွေက “အောင်ပွဲကို..အောင်ပွဲကို” ဟူသော အသံများဖြင့် ပရိသတ်ပြည့် ဥဒဟို သွာလာနေကြ၏။ စက်ဘီးတွေ အပါအဝင် ယာဉ်တိုင်းမှာ ပြည်ထောင်စုအလံ တလူလူ..။

နန်းတွင်းရှိလွတ်လပ်ရေးကျောက်တိုင်ကြီးမှာလည်း မီးစောင်းတန်း မီးရောင်စုံသွယ်တန်းကာ ကျောက်တိုင်ကွင်း အတွင်းပြခန်းများ တီးဝိုင်း အငြိမ့်နှင့်ပျော်ပွဲရွှင်ပွဲများ ခြိမ့်ခြိမ့်သည်းကာ အများပြည်သူတို့ လွတ်လပ်စွာ ဝင်ထွက် ဆင်နွှဲနိုင်ခဲ့ကြသည်ကလည်း အမှတ်တရ ရှိခဲ့ပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW