အမေရိကန်မှာ မျောက်ကျောက်ရောဂါကို ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်မှ ရုပ်သိမ်းပြီ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်မှာ ကူးစက်မှုအသစ်များကျဆင်းလာပြီးနောက် မျောက်ကျောက်ရောဂါကို အများပြည်သူဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေကြေညာထားခြင်းကို ရုပ်သိမ်းလိုက်ကြောင်း တာ၀န်ရှိသူတွေက ဖေဖော်ဝါရီ ၁ ရက်မှာ ပြောပါတယ်။

ကူးစက်ခံရပါက အပြင်းဖျားနာခြင်းနဲ့ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေထွက်စေတတ်တဲ့ ရောဂါလက္ခဏာတွေရှိတဲ့ မျောက်ကျောက်ရောဂါကို ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ၂၀၂၂ ခုနှစ် သြဂုတ်လမှာ အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ထိ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုအများဆုံးဖြစ်ပြီး သုံးသောင်းကျော်ထိရှိကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် နေ့စဉ်ကူးစက်မှု ၄၀၀ ကျော်ရှိခဲ့တဲ့ လွန်ခဲ့တဲ့သြဂုတ်လနောက်ပိုင်း ကူးစက်မှုတွေကျဆင်းလာခဲ့ပြီး ယခုနှစ်အစပိုင်းမှစကာ နေ့စဉ်ကူးစက်မှုနှုန်း ၁၀ ဦးအောက်သာရှိတော့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

ကမ္ဘာတ၀န်းမှာ လည်း မျောက်ကျောက်ရောဂါကူးစက်မှု သိသိသာသာကျဆင်းလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားပေမယ့် လွန်ခဲ့တဲ့ နှစ် ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားခြင်းကို ဆက်လက်ထားရှိဆဲဖြစ်ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW