“အညာမြေကို လွမ်းမိတဲ့ အခါ…”

သွေး (စစ်ကိုင်း)

လူတိုင်းဟာ မိမိမွေးဖွားရာ ဇာတိရပ်ရွာကို ချစ်မြတ်နိုးကြမှာပါပဲ။ ဒါပေမဲ့ အညာ‌ဒေသမှာ မွေးဖွားခဲ့သူတွေက ဇာတိမြေကို ပိုချစ်, ပိုလွမ်းကြမယ်လို့လည်း ထင်မိပါတယ်။ ကျွန်မရဲ့ဇာတိမြို့လေးကို အဝေးကနေ လွမ်းဆွတ်နေမိတဲ့ အချိန်တိုင်းမှာ အညာရှုခင်းတွေကို ပြန်မြင်ယောင်နေမိပါတယ်။ အခုလို ဆောင်းရာသီမှာ ဆောင်းရယ်လို့ ပီပီပြင်ပြင် မအေးမြတဲ့ ရန်ကုန်မှာ အညာဆောင်းကို ပိုလို့တောင် လွမ်းမိပါရဲ့လေ။

ကျွန်မတို့ ငယ်စဉ်တုန်းက ဆောင်းရာသီ ရောက်လာရင် မနက်အစောကြီး စစ်ကိုင်းကမ်းနားဘက်ကို
လမ်းလျှောက်ထွက်ကြပါတယ်။ ကမ်းနားလမ်းကနေ လှမ်းမျှော်ကြည့်လိုက်ရင် နှင်းတွေကြားက
စစ်ကိုင်းတံတားကြီးက ခန့်ထည်နေသလို တစ်ဖက်ကမ်းက ‘မယ်နုအုတ်ကျောင်း’ ကိုလည်း နှင်းမှုန်တွေကြား ခပ်ဝါးဝါး မှန်းဆ,ကြည့်မိတတ်ကြပါတယ်။ ကမ်းနားလမ်းဘေးက သက်တမ်းရင့် လက်ပံပင်ကြီးတွေကိုတော့ အမြဲ တပွန်းတတီးရှိနေလွန်းတာကြောင့် မပြောမဖြစ် ထည့်ပြောရမှာပါ။ လက်ပံပွင့်ချိန်ရောက်လာရင် လက်ပံပင်ကြီးတွေအောက် အပြေးကလေး သွားပြီး လက်ပံပွင့်တွေ အလုအယက် ကောက်ယူခဲ့ကြတာက ငယ်ဘဝရဲ့ ပျော်စရာအချိန်အခါတွေပါပဲလေ။

ဆောင်းရာသီမှာ အညာမှာ လှိုင်လှိုင်ပေါတာကတော့ ရာသီပေါ် အသီးအရွက်တွေနဲ့ ခရမ်းချဉ်သီးတွေပါ။ အမေချက်ကျွေးတဲ့ ခရမ်းချဉ်သီးချက်က အကြိုက်ဆုံး ဟင်းတစ်ခွက်လည်းဖြစ်ပါတယ်။ ခရမ်းချဉ်သီးချက်၊ ပဲနှပ်နဲ့ ဆလပ်ရွက်မြှုပ်ဆိုရင် ထမင်းမြိန်ပါတယ်။ မြန်မာနိုင်ငံရဲ့တခြားနေရာတွေမှာ မတွေ့ရတဲ့ ရာသီပေါ် အရွက်တစ်ခုကတော့ ‘မြူရွက်’ ပါပဲ။ ရန်ကုန်မှာ မြူရွက်သုတ် စားချင်တဲ့ စိတ် ဖြစ်ပေါ်လာတိုင်း အညာကိုပဲ ပိုလွမ်းမိပါရဲ့။ ရန်ကုန်က မိတ်ဆွေတချို့က မြူရွက်ဆိုတာ ဘာလဲလို့ ပြန်မေးကြတာတောင် ရှိပါတယ်။ မြူရွက်က အညာဒေသ ရေသွင်းစိုက်ပျိုးတဲ့ ကြက်သွန်စိုက်ခင်း ဘောင်တွေနဲ့ ရေမြောင်းဘောင်တွေမှာ သဘာဝအလျောက် ပေါက်ရောက်တတ်တာ ဖြစ်ပါတယ်။ညဆောင်းနှောင်းရာသီနဲ့ နွေရာသီမှာ ပေါ်တဲ့ မြူရွက်ကို သုတ်စားရတာ တော်တော်အရသာ ရှိပါတယ်။ မြူရွက်သုတ်ရယ်, လက်ဖက်ရည်ကြမ်းရယ်က တကယ်ပဲ လိုက်ဖက်ပါတယ်။

အညာဒေသရဲ့အစားအစာတွေထဲမှာ ‘နှမ်းဖတ်ချဉ်’ ကိုလည်း ထည့်‌ပြောရမှာပါ။ ရန်ကုန်မှာ နှမ်းဖတ်ချဉ် ဝယ်လို့ရပေမဲ့ အညာက နှမ်းဖတ်ချဉ်လောက် မကြိုက်ပါ။ နှမ်းဖတ်ချဉ်ကို သုတ်စားလို့ ရသလို ကြော်စားလို့လည်း ရပါတယ်။ စစ်ကိုင်းမြို့၊ ရွာသစ်ကြီးက ထွက်တဲ့ အညာဒေသ စားစရာတစ်မျိုးကတော့ ‘နွားနို့ယို’ ဖြစ်ပါတယ်။ ဟိုး အရင်တုန်းက နွားနို့ယို တစ်ပိဿာဈေးနှုန်းက ထောင်ဂဏန်းပဲ ပေးရပေမဲ့… အညာကို လွမ်းလို့ ရန်ကုန်မှာ မှာစားအခါ ဈေးတော်တော်ပေးရပါတယ်။ နွားနို့ယိုကို တခြားမြို့ တခြားဒေသတွေက ထွက်ရှိတယ်လို့ သိပ်မကြားဖူးပါ။ နွားနို့ကို ထန်းလျက်နဲ့ ဖြစ်ဖြစ်, သကြားနဲ့ ဖြစ်ဖြစ် ယိုထိုးတာဖြစ်ပြီး စစ်ကိုင်းမြို့ပေါ်ကို ရွာသစ်ကြီးကနေ နွားနို့ယို လာရောက်ရောင်းချသူတွေဆီက ဝယ်ယူစားသောက်ခဲ့ရတာကို မှတ်မိနေပါတယ်။

ကျွန်မ တက္ကသိုလ်ကျောင်းသူ ဘဝမှာ စစ်ကိုင်းကနေ မန္တလေးကို ကျောင်းကားနဲ့ ကျောင်းတက်ခဲ့ရပါတယ်။ စစ်ကိုင်း-မန္တလေး ကားလမ်းတလျှောက်မှာ ဆောင်းရာသီရောက်တိုင်း အော်ရေးရှား လို့ ခေါ်တဲ့ မလေးရှား ပိတောက်တွေ သင်းပျံ့မွေးကြိုင်နေအောင် အဆုပ်လိုက်,အဆုပ်လိုက် ပွင့်နေတာပါ။ ကျွန်မရဲ့ ငယ်ဘဝ ဖြစ်သန်းမှုထဲမှာတော့ တက္ကသိုလ်နေ့ရက်တွေက ငြိမ်းချမ်းပျော်ရွှင်ခဲ့ရပါတယ်။ အိတ်ထဲမှာ ပိုက်ဆံ ၁၀၀ ကျပ်လောက် ပါတဲ့နေ့ဆိုရင် တက္ကသိုလ်ဝန်းကျင်တခွင်က လက်ဖက်ရည်ဆိုင်တွေမှာ လက်ဖက်ရည် ကောင်းကောင်း သောက်လို့ ရသလို
ထမင်းကောင်းကောင်းလည်း စားလို့ ရပါတယ်။
‘အညာ’ လို့ ပြောတာနဲ့ ‘တမာ’ ဆိုတာကိုပါ ကြားယောင်မိ, တွဲဖက်မြင်ရမိလောက်အောင် ခွဲမရသလို တမာရနံ့ သင်းပျံ့နေတဲ့ တက္ကသိုလ်ထဲက တမာလမ်းလေးမှာ လမ်းလျှောက်ရတာကလည်း ကြည်နူးစရာ ကောင်းလှပါတယ်။ ကျွန်မဇာတိမြို့ စစ်ကိုင်းနေအိမ်ရဲ့ရှေ့မှာ တမာပင်ကြီး တစ်ပင်လည်း ရှိခဲ့ဖူးတာ မှတ်မိနေပါတယ်။ တမာရွက်နုလေးတွေကို တို့မြှုပ်စားရရင်တော့ ငံပြာရည်ချက်နဲ့ လိုက်ဖက်လွန်းလှပါတယ်လေ။ ဧရာဝတီမြစ်ကြီး ရစ်ခွေစီးဆင်းနေတဲ့ စစ်ကိုင်းမြို့ဟာ နွေ, မိုး, ဆောင်း ရာသီသုံးပါးစလုံး လှပနေသလို ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးရှောင်ဖို့ ထွက်ပြေးခိုလှုံလာသူတွေကို ထွေးပိုက်ပေးခဲ့တဲ့ စစ်ကိုင်းတောင်ရိုးကလည်း တည်ငြိမ်အေးချမ်းတဲ့ အလှနဲ့ ပြည့်စုံလှပလို့ နေပါတယ်။

ကျွန်မတို့ ငယ်စဉ်တုန်းက စစ်ကိုင်းတောင်ရိုးပေါ် တက်ရမယ်ဆိုရင် အလွန်ကို ပျော်ကြတာပါ။ အဲဒီတုန်းက အခုလို ကားနဲ့ တက်ကြတာမျိုး မဟုတ်ဘဲ တောင်ရိုးအခြေကို မြင်းလှည်းလေးနဲ့သွားပြီးမှ တောင်ပေါ်ကို ဖြည်းဖြည်းချင်း ခြေလျင်တက်ကြတာလေ။ ဝါဆိုလပြည့်၊ တန်ဆောင်မုန်းလပြည့်လို အခါကြီး ရက်ကြီးတွေမှာ အလွန်စည်ကားပါတယ်။ လူကြီးတွေက ထမင်း၊ဟင်း ချက်ပြုတ် ထမင်းချိုင့်လေးတွေ ပြင်ဆင်ပေးပြီး စစ်ကိုင်းတောင်ပေါ်ရောက်မှ စားဖို့ ဆိုပြီး ပြင်ဆင်စိတ်ကူးကြတာပါ။ စစ်ကိုင်းတောင်ပေါ် တက်ရတာ မောပေမဲ့ မောလို့ မောမှန်း
မသိအောင် သစ်ရိပ်၊ဝါးရိပ်တွေက မောပန်းမှုကို ပြေလျော့စေပါတယ်။ ဘုရားပွဲကျင်းပတဲ့အချိန်ရောက်လာရင်လည်း ဝယ်ချင်ရာရာတွေ သွားဝယ်ရတာပါပဲ။ ဈေးသည်တွေ စုံသလို ဈေးဝယ်တွေလည်း စုံကြပြီး အိမ်သုံးပစ္စည်းတွေ၊ မြေရေအိုးတွေ၊ အိုးပုတ်လေးတွေကနေ အဝတ်အစား၊အသုံးအဆောင်ကနေ စားသောက်ဖွယ်ရာမျိုးစုံအထိ စုံလင်လှပါတယ်။ အခ’ပေး ကြည့်ကြရတဲ့ ဇာတ်ပွဲတွေ၊ အခ’ပေးစရာ မလိုဘဲ အလွတ်ကြည့်ရှုနိုင်တဲ့ ကြည့်ချင်ပွဲတွေလည်း ပါဝင်တာ မှတ်မိနေပါတယ်။ ဘုရားပွဲလာ ကြသူတွေကို အနီးဝန်းကျင်က လူတွေက အစိမ်းအကျက်မရွေး မုန့်တွေ၊လက်ဖက်ရည်တွေနဲ့ ဧည့်ခံကြတာကလည်း ရင်ထဲက လာတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ပါပဲ။ ဘုရားပွဲပြီးသွားပေမဲ့ ချက်ချင်း ပြောင်းရွှေ့ မသွားကြသေးဘဲ ပွဲခင်းမှာ ၁ ပတ် ၁၀ ရက်လောက် အထိ… တချို့ဆို ၁လ’လောက် အထိ ရှိနေတတ်တဲ့ ၁၂ ပွဲ ဈေးသည်တွေ အတွက်လည်း တော်တော် အဆင်ပြေကြတဲ့ ကာလလို့ ပြောရမယ် ထင်ပါရဲ့။

မန္တလေးမြို့ ဆိုရင်လည်း ကျွန်မရဲ့ အသွေးထဲ အသားထဲကနေ ချစ်မြတ်နိုးမိတဲ့ မြို့ပါ။ မန္တလေး
တက္ကသိုလ်ကနေ ဗိုက်ပူလို့ ခေါ်တဲ့ နံပါတ် (၃) လိုင်း’ ဘတ်စကားကြီး စီးပြီး ဈေးချိုဘက်ကို သွားခဲ့တာ အမှတ်ရမိပါတယ်။ ဈေးချိုကနေ ဆက်ပြီး စီးသွားရင် ဘုရားကြီးကို ရောက်ရှိသွားမှာဖြစ်ပြီး ဘုရားကြီး တဝိုက်မှာ ခေါင်းရွက်ဗျတ်ထိုး လာရောင်းကြတဲ့ ‘ခိုတောင်’ မုန့်တီစားရမှ စိတ်ကျေနပ်ခဲ့တာကိုလည်း မှတ်မိနေပါတယ်။ ခိုတောင်မုန့်တီ ဆိုတာ စစ်ကိုင်းမြို့နယ်ထဲက ခိုတောင်ရွာကို အစွဲပြု ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ ဆီနီ, ဆီဝါနဲ့ သုတ်ထားတဲ့ ခိုတောင်မုန့်တီရဲ့အရသာကို တခြားမုန့်တီတွေက မီတယ်လို့ ဒီနေ့ထိ မထင်မိပါ။

ဘုရားကြီးကနေ စစ်ကိုင်းကို ပြန်တော့မယ် ဆိုရင်လည်း လိုင်းကားတွေလည်း အများကြီးပါ။ ဈေးသည်တွေ ကလည်း မန္တလေးကနေ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ဝယ်ယူပြီး စစ်ကိုင်းမှာ ပြန်ပြီး ရောင်းချကြတာလည်း ရှိပါတယ်။ စစ်ကိုင်းနဲ့ မန္တလေးဟာ ကျွန်မရဲ့ ငယ်ဘဝ ဖြတ်သန်းရမှုမှာ လက်ခုပ်တီး သလိုမျိုး ဒါမှမဟုတ် လက်ဝါးချင်း ရိုက်သလိုမျိုး ရင်ထဲမှာ နီးစပ် ထိကပ်နေပါတော့တယ်။

ကျွန်မရဲ့ ဇာတိအညာအကြောင်း ပြောမယ်ဆိုရင် အမရပူရမြို့, တောင်သမန်အင်းနဲ့ဦးပိန်တံတားအကြောင်း ထည့်မပြောဘဲ အညာရှုခင်းက ပြည့်စုံမှာ မဟုတ်ပါ။ နွေလည်း နွေမို့,မိုးလည်း မိုးအလျောက်, ဆောင်းရောက်တော့လည်း ဆောင်းနဲ့ အညီ ဘယ်ရာသီ ဘယ်အချိန်မှာပဲ ကြည့်ကြည့် အမြဲလှပနေတာက တောင်သန်မန်အင်းနဲ့ ဦးပိန်တံတားပါ။ အနီးဝန်းကျင်က သက်တမ်းရင့် မယ်ဇယ်ပင်ကြီးတွေကလည်း သာယာလှပမှုကို လိုက်ဖက်ညီ ပနံတင့်စေတဲ့အပြင် အင်းရေပြင်ပေါ်မှာ ဟိုဒီလှော်ခတ် သွားလာနေတဲ့ အရောင်အသွေးစုံ ‘ငှက်’ တွေကလည်း ရောက်တဲ့နေရာတိုင်းကနေ ကြည့်မြင်သူကို ဆွဲဆောင်လွန်းလှပါရဲ့။

တောင်သမန်အင်း အနီးရှိ အကြော်ဆိုင်တွေက ပူပူနွေးနွေး ကြော်ရောင်းတဲ့ အကြော်တွေရဲ့အရသာက ထူးခြားကောင်းမွန်ပါတယ်။ အမရပူရလို့ ဆိုပေမဲ့ အများက ‘တောင်မြို့’ လို့ပဲ ခေါ်ကြပါတယ်။ အစဉ်အလာကောင်း ကြီးမားလှတဲ့ နာမည်ကျော် ‘မဟာဂန္ဓာရုံ’ ကျောင်းတိုက် ရှိသလို အေးချမ်းတဲ့ မြို့ကလေးမှာ ယက္ကန်းလုပ်ငန်းတွေလည်း များပြား ထွန်းကားပါတယ်။ သီးနှံပေါ်ချိန်, ငွေပေါ်ချိန် ရောက်လာပြီဆိုရင်ဖြင့် ကျွန်မတို့ စစ်ကိုင်းမြို့လေးမှာ ဈေးသည်တွေ ဈေးရောင်းလို့ ကောင်းကြပါပြီ။ အနီးဝန်းကျင်ရှိ ရွာတွေက ပျို, အို, ကြီး, ငယ်, ကျား, မ, မရွေး မြို့ပေါ်တက်ပြီး အဝတ်အထည်တွေ ဝယ်ကြ, ဒါမှမဟုတ် ရွှေတို, ရွှေစတွေ ဝယ်ယူစုဆောင်းကြနဲ့ စည်စည်ကားကား တွေ့ရလေ့ ရှိပါတယ်။ တချို့သော စီးပွားရေး အဆင်ပြေသူတွေကလည်း အခုလို ပွင့်လင်းရာသီမှာ အလှူအတန်းတွေ ခြိမ့်ခြိမ့်သဲ ပြုလုပ်ကြပါတယ်။ ဆင်စီးပြီး တစ်မျိုး, မြင်းစီးလို့ တစ်ဖုံ, အခုနောက်ပိုင်း မော်တော်ကား တွေနဲ့ လှည့်လည်ပြတဲ့ ရှင်လောင်းလှည့်ပွဲတွေဆို

မောင်ရင်လောင်းတွေလည်း ပျော်တပြုံးပြုးနဲ့… အလှူ့ရှင် အလှူ့မ တို့လည်း ပီတိတဟုန်းဟုန်း
ဖြာဝေလို့ တကယ့်ကို ကြည်နူးစရာ, မမေ့နိုင်စရာ မြင်ကွင်းပါပဲလေ။

ရန်ကုန်မှာ အခြေချပြီး နှစ်ပေါင်းများစွာ နေထိုင်နေပေမဲ့ ဇာတိမြို့လေးဆီ ၁ နှစ် ၁ ခေါက် မှန်မှန်ရောက် အောင် ကြိုးစားပြီး ပြန်လေ့ရှိပါတယ်။ အဲဒီလို ပြန်ရောက် ဖြစ်တဲ့ အခါတိုင်း မန္တလေးနဲ့အမရပူရကိုပါ မရောက်မဖြစ် ရောက်အောင်သွားခဲ့ပါတယ်။ သွားရောက်တိုင်းလည်း ‘ခိုတောင်မုန့်တီ’ ကို စားဖြစ်သလို စစ်ကိုင်း ကမ်းနားလမ်းက လက်ပံပင်ကြီးတွေရဲ့ အေးရိပ်အောက် လျှောက်ဖြစ်အောင် လျှောက်ပါတယ်။ အနီးနားက အသုတ်ဆိုင်လေးတွေ,
အကြော်ဆိုင်လေးတွေကိုလည်း တမှတ်တရ ပြန်ရှာ, ပြန်ကြည့်, မှတ်မိနေလေ့ ရှိခဲ့တယ်ပေါ့။

ကျွန်မရဲ့ ငယ်ဘဝ ဖြတ်သန်းမှုနဲ့ ဘယ်လိုမှ ခွဲခြားမရ သလို ကျွန်မရဲ့ နှလုံးသားရင်ခွင်မှာ ထာဝရစွဲထင်နေတဲ့ ‘ဇာတိအညာမြေမြို့လေး’ ဆီ လွန်ခဲ့တဲ့ နှစ်က မိတ်ဆွေတစ်ဦးက အကူအညီပေးလို့ ပြန်ရောက်ခဲ့ပါတယ်။ ပထမဆုံး သတိပြုမိတာက အရင်က စစ်ကိုင်း-မန္တလေး ဥဒဟို သွားလာ, ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ တအားရှားသွားပြီး ယာဉ်လိုင်း တစ်လိုင်းတည်းပဲ ထွက်တာ တွေ့ရတာပါ။ နောက်ပြီး စစ်ကိုင်းဈေးကြီး ဟာလည်း အရင်ကလို စည်ကားမှုမျိုး မဟုတ်ဘဲ အနီးဝန်းကျင်ရွာတွေက ဈေးဝယ်လာမယ့် သူတွေကို စောင့်လင့်လို့…၊ ဝေ့ဝဲတိုက်ခတ်လာတဲ့ ဆောင်းလေ အေးအေးတွေ ကလည်း အရင်လို မဟုတ်… မီးခိုး, ဖုန်မှုန်တွေရောနှောနေပြီး ပူငွေ့ငွေ့တွေ ဟပ်လို့…၊ အရင်က ညဉ့်နက် သန်းခေါင်တွေမှာတောင် သွားလာစည်ကားနေတတ်တဲ့ လမ်းတွေဟာလည်း ည ၈ နာရီ ကျော်တာနဲ့ လူသူကင်းပ, တိတ်ဆိတ်သွားတာများ အခြားအရပ်ဒေသ တစ်ခုခုကိုများ ကျွန်မ ရောက်သွားတာလား, ဒါမှမဟုတ် တခြားဒေသကို လူတွေ ရောက်သွားကြတာလားလို့ စဉ်းစားလို့ မရ, ခံစားလို့ မရတဲ့ အထိ မွန်းကျပ်သွားရတယ်။

ကျွန်မရဲ့ မွေးရပ်ဇာတိ အညာမြေရေ… နောက်တစ်ခေါက် ပြန်လာဖို့ မလွယ်သေးတဲ့ ကာလမို့ အရင်လို ဘဝမျိုးရောက်ဖို့အတွက် တမ်းတမ်းတတ လွမ်းလွမ်းမက်မက်နဲ့ နာကျင်ခံစား မျှော်လင့်နေမိတယ် ဆိုတလေး ပြောပြချင်မိပါတယ်။ ။

#voiceofmyanmar #VOM #သွေး(စစ်ကိုင်း) #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW