ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် စသုံးတာနဲ့မှတ်ပုံတင် ကုန်အမှတ်တံဆိပ်အားလုံး ဥပဒေအကာအကွယ်ရရှိမယ်

မတ် ၁၈ – ၂၀၂၃
GG(VOM)

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး အာဏာသက်ဝင်ကျင့်သုံးမှာဖြစ်လို့ အဲ့ဒီနေ့ကစပြီး မူပိုင်ခွင့် အခွင့်အရေးရှိတဲ့ ကုန်အမှတ်တံဆိပ်တွေကို ယူသုံးမိရင် ဥပဒေအရ အရေးယူမှာဖြစ်တယ်လို့ သိရပါတယ် ။

ဥပဒေ ကျင့်သုံးပြီဆိုတာနဲ့ ကုန်အမှတ်တံဆိပ်အတုပြုလုပ်တာတွေ၊ အမှတ်တံဆိပ်အတု အသုံးပြုတာတွေ၊ အမှတ်တံဆိပ်အတုပြုလုပ်တဲ့ပစ္စည်း ဒါမှမဟုတ် ကိရိယာတွေကို လက်ဝယ်ထားရှိတာကို စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ဖြစ်စေ ချမှတ်ခံရနိုင်သလို အဲ့ဒီပြစ်ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်ခံရနိုင်တယ်လို့ ဥပဒေပါရှိချက်အရ သိရပါတယ်။

” အရင် စာချုပ်စာတမ်းရုံးမှာ တင်ခဲ့တဲ့ ကုန်အမှတ်တံဆိပ်ဟောင်းတွေ အားလုံးကိုလည်း မူပိုင်ခွင့် ဥပဒေရဲ့အကာအကွယ် ရဖို့အတွက် မူပိုင်ခွင့်ဦးစီးဌာနမှာ အမှတ်တံဆိပ်အားလုံး ပြန်လည်လျှောက်ထားရမှာပါ။ကုန်အမှတ်တံဆိပ်တွေနဲ့ပတ်သက်ပြီး ပြဿနာတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါ ဥပဒေအရဆုံးဖြတ်ရင် အရင် စာချုပ်စာတမ်းရုံးမှာ တင်ခဲ့တဲ့ အမှတ်တံဆိပ်တွေ ဘယ်လိုပဲရှိရှိ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေရဲ့ပုဒ်မ-၉၄ အရ မူပိုင်ခွင့်ဥပဒေနဲ့သာ အဆုံးအဖြတ်ပေး အရေးယူမှာ ဖြစ်ပါတယ်”လို့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နဲ့ပတ်သက်တဲ့အစည်းအဝေးတက်ရောက်ခဲ့သူ လုပ်ငန်းရှင်ကဆိုပါတယ်။

ဒါ့ကြောင့် ကုန်အမှတ်တံဆိပ်ကို မူပိုင်ခွင့်မှတ်ပုံတင်ထားမယ်ဆိုရင် ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ အသုံးပြုတာတွေကိုကာကွယ်တားဆီးနိုင်တဲ့အပြင် ဥပဒေအခွင့်အရေးတွေလည်းရရှိမှာဖြစ်လို့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ရောင်းချနေသူတွေအနေနဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်သင့်တယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။

“ဒီဥပဒေအရဆိုရင် မှတ်ပုံတင်မှသာ အမှတ်တံဆိပ်နဲ့ဆိုင်တဲ့ အခွင့်အရေးကို ရရှိမှာဖြစ်တယ်၊အရင်ဆုံး မှတ်ပုံတင်ထားတဲ့သူက မှတ်တံဆိပ်ဆိုင်ရာ မူပိုင်ခွင့်အခွင့်အရေးကို ရမယ်။ အမှတ်တံဆိပ်နဲ့ပတ်သက်ပြီး ရှုပ်ထွေးတဲ့ ပြဿနာ​တွေက အများကြီးရှိနေတာဆိုတော့ လုပ်ငန်းရှင်တွေ မှတ်ပုံတင်တာ အကျိုးမယုတ်ပါဘူး ၊ကိုယ့်အမှတ်တံဆိပ်ကို ဘယ်သူမှလိုက်ပြီးသုံးလို့မရတော့ဘူး ၊ အမှတ်တံဆိပ်ဆိုင်ရာ အခွင့်အရေးတွေ ချိုးဖောက်သူကိုပါ ပြစ်မှုကြောင်းအရဖြစ်စေ ၊ တရားမကြောင်းအရဖြစ်စေ ၊ နှစ်ရပ်လုံးအရဖြစ်စေ တရားစွဲဆိုခွင့်ရှိတယ် “လို့ နောက်ထပ် လုပ်ငန်းရှင် တဦးက သုံးသပ်ပြောဆိုပါတယ်။

ကုန်အမှတ်တံဆိပ်တွေ မှတ်ပုံတင်ခွင့်ပြုတဲ့အခါ မှတ်ပုံတင်ပြီးသား တံဆိပ်နဲ့ ဆင်တူယိုးမှားဖြစ်နေတာတွေ၊ တံဆိပ်က သိသာထင်ရှားမှုမရှိတာတွေ၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံတစ်နိုင်ငံရဲ့ အလံ၊ အထိမ်းအမှတ် အသွင်အပြင်၊ သင်္ကေတ ကူးယူဖော်ပြထားတဲ့ အမှတ်တံဆိပ် တွေကိုတော့ မှတ်ပုံတင်ခွင့်မပြုဘူးလို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို (NLD)အစိုးရလက်ထက်၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ၃နှစ်အကြာမှာ အာဏာစတင်ကျင့်သုံးနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကုန်အမှတ်တံဆိပ် #မူပိုင်ခွင့်ဥပဒေ

Related posts

Leave a Comment

VOM News

FREE
VIEW