စားနပ်ရိက္ခာလိုအပ်ချက်အတွက် အခက်‌ပွေနေဦးမယ့် မြန်မာ

SN (VOM)

လူသားတစ်ယောက်ရဲ့ လိုအပ်ချက်များစွာမှာ စား၊ ဝတ်၊နေရေး ဆိုတာဟာ အဓိကကျတဲ့ အခြေခံလိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီ အခြေခံလိုအပ်ချက် သုံးမျိုးထဲက စားသောက်ရေး ဆိုတာကတော့ လူသားတွေအတွက် မရှိမဖြစ် အရေးကြီးဆုံး အခန်းကဏ္ဍတစ်ခု အဖြစ် ပါဝင်နေပါတယ်။

ငတ်မွတ်ခေါင်းပါးမှု ပြဿနာဟာ နက်နဲရှုပ်ထွေးလွန်းတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ သဘာဝဘေး၊ စစ်ဘေး၊ အကြမ်းဖက်ဘေးနဲ့ ဝင်ငွေ၊ ထွက်ငွေ မမျှတခြင်းတွေဟာ ငတ်မွတ်ခေါင်းပါးမှုကို ပေါ်ပေါက်စေပါတယ်။ လက်ရှိမှာတော့ တိုးပွားလာတဲ့ အလုပ်လက်မဲ့လူဦးရေ၊ သီးနှံအထွက်နှုန်း ထိခိုက်စေတဲ့ ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ အားနည်းခြင်းနဲ့ နယ်မြေ ငြိမ်းချမ်းမှုမရှိခြင်း အစရှိတဲ့ အကြောင်းရင်းတွေကြောင့် မြန်မာနိုင်ငံအတွင်းက လူသားတွေအတွက် စားနပ်ရိက္ခာပြဿနာဟာ တစ်စထက်တစ်စ ကြီးထွားလို့လာနေပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့စည်းတစ်ခုဖြစ်တဲ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)ရဲ့ ၂၀၂၃ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ စားနပ်ရိက္ခာ အကျပ်တည်းတွေနဲ့ ပတ်သက်တဲ့ ကမ္ဘာ့အစီရင်ခံစာ The Global Report on Food Crises (GRFC) မှာ စားနပ်ရိက္ခာ မလုံခြုံမှု အခက်အခဲကို အများဆုံးရင်ဆိုင်နေရတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

FAO ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ နိုင်ငံလူဦးရေရဲ့ ၂၇ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၁၅ ဒသမ ၂ သန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စားနပ်ရိက္ခာမလုံခြုံမှုနဲ့ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်ချက်ပြဿနာတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမလုံခြုံမှုနဲ့ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်တဲ့ လူဦးရေဟာ ၁၃ သန်းကျော်သာ ရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ၁၅ ဒသမ ၂ သန်းကျော်အထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

“လတ်တလော ပြည်သူတွေကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှု အကျပ်အတည်းဟာ အားလုံးသိကြတဲ့အတိုင်း ကိုဗစ်နဲ့အတူ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ မငြိမ်းချမ်းမှုတွေကြောင့် ဖြစ်တယ်။ စားနပ်ရိက္ခာဖူလုံရေးနဲ့ ပတ်သတ်လို့ မြန်မာပြည်သူတွေအတွက် လက်ရှိအချိန်က ဘက်ပေါင်းစုံကနေ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရတဲ့ ကာလဆိုရင်လည်း မမှားဘူးပေါ့။ လေ့လာတွေ့ရှိချက်တွေအရ ၂၀၂၁ ခုနှစ်မှာ မြန်မာ့စီးပွားရေးဟာ ၂၀ ရာခိုင်နူန်းအထိ ကျဆင်းသွားခဲ့ပြီ။ ၂၀၁၉ မှာ ရှိခဲ့တဲ့ စီးပွားရေး ထုထည်ကြီးရဲ့ ၇၅ ရာခိုင်နူန်း အရွယ်အစားလောက်ပဲ ကျန်တယ်။ ရှေ့လျှောက်လည်း ပိုကျပ်တည်းဖို့ရှိတယ်” လို့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအတွင်းက ဒေသများစွာအနက် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ စားနပ်ရိက္ခာ လုံခြုံမှုမရှိခြင်းဆိုတဲ့ အခက်အခဲကို အဆိုးရွားဆုံး တွေ့ကြုံနေရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေက နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ မလုံခြုံမှုတွေကို ကျယ်ပြန့်စွာ ဖြစ်ပေါ်လာစေခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်း ပဋိပက္ခတွေကြောင့် အစားအစာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ပြည်သူတွေရဲ့လုပ်ကိုင်နိုင်စွမ်းကို ကန့်သတ်ခံရသလို ဖြစ်နေတဲ့အပြင် အထူးသဖြင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ်တို့မှာ အစားအစာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် အခက်အခဲတွေကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ အခုလို မငြိမ်းချမ်းနိုင်မှုတွေဟာ စိုက်ပျိုးနိုင်တဲ့ ဧရိယာလျော့နည်းသွားခြင်းအပြင် ရှင်သန်နေထိုင်နိုင်မှုနဲ့ အလုပ်အကိုင်အခွင့်လမ်းရရှိမှုတို့ကိုလည်း လျော့နည်းစေတယ်လို့ သိရပါတယ်။

လက်တွေ့ အခြေခံမှာလည်း မြန်မာနိုင်ငံဟာ Agrobase Country ဆိုတဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံတဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အလျောက် စိုက်ပျိုးရေးလုပ်ငန်းတွေဟာ တိုင်းပြည်ရဲ့သွေးကျောအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအခြေအနေတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ရှေ့ကာလတွေလိုမျိုး ပုံမှန် ရာသီချိန်အတိုင်း ကောက်ပဲသီးနှံ၊ ဆန်၊ စပါး စတဲ့ မြေစိုက်သီးနှံတွေ စိုက်ပျိုးထုတ်လုပ်ဖို့ ဆိုတာကတော့ လက်တွေ့အခြေအနေနဲ့ဆို များစွာ ခက်ခဲနေပါသေးတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၆၀ ရာခိုင်နူန်းကျော်ရှိတဲ့ တောင်သူလယ်သမား တစ်မိသားစုချင်းစီရဲ့ ဝင်ငွေရလမ်းကို ပိတ်သွားရုံသာမက တိုင်းပြည်ရဲ့ကုန်ထုတ်လုပ်မှုကိုလည်း ကျဆင်းစေပါတယ်။

ဒါ့အပြင် နောက်အကျပ်အတည်းတစ်ခုက ရန်ကုန်မြို့က စက်မှုဇုန်တွေနဲ့ အထည်ချုပ်လုပ်ငန်းတွေဆီကို အနယ်နယ်အရပ်ရပ်ကနေ ရွှေ့ပြောင်းလာပြီး လုပ်ကိုင်နေတဲ့ သိန်းနဲ့ချီတဲ့ ဝန်ထမ်းတွေရဲ့ အကျပ်အတည်းပါ။ လုပ်သားအများကြီးကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ အထည်ချုပ်လုပ်ငန်းကြီးတွေဟာ ပြည်တွင်းက မတည်ငြိမ်မှုတွေကြောင့် တစ်နှစ်နဲ့တစ်နှစ် သူတစ်လှည့် ငါတစ်လှည့် ဆိုသလို အကြောင်းပြချက်အမျိုးစုံနဲ့ မြန်မာ့ဈေးကွက်ကို လက်ပြ နှုတ်ဆက်သွားကြတာပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွကြောင့် အခု ၂၀၂၃ ခုနှစ်အထိ ရပ်တန့်သွားတဲ့ အထည်ချုပ်ကုမ္ပဏီပေါင်း ၂၀၀ ကျော်ရှိနေပြီး အလုပ်လက်မဲ့ဖြစ်သွားကြတဲ့ ဝန်ထမ်းအရေအတွက်ဟာ ၃ သိန်းကျော်ရှိနေပြီလို့ အလုပ်သမားအခွင့်အရေး ကူညီပေးနေတဲ့ အဖွဲ့တွေရဲ့ ကောက်ခံထားတဲ့ စာရင်းတွေက ဖော်ပြနေပါတယ်။

အဲ့ဒီလိုပဲ အစားအသောက်အပါဝင် စက်ရုံထုတ်လုပ်ငန်းတွေ ရပ်တန့်သွားကြလို့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေကလည်း နယ်ပယ်စုံကနေ သိန်းကဏန်းအထိ ရှိနေတယ်လို့ သိရပါတယ်။

“လက်ရှိမှာတော့ တိုင်းပြည်ဟာ အကျပ်အတည်းတွေကြား ရုန်းကန်နေရတဲ့အချိန်ပါ။ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေသာမက FATF (Financial Action Task Force) က အမည်ပျက်စာရင်း သွင်းခဲ့တာကြောင့်လည်း နိုင်ငံတွင်းမှာလာပြီး ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတော်တော်များများ ထွက်ခွာကုန်ကြတယ်။ ဒါ့အပြင် မကြာခဏဆိုသလို ပြောင်းလဲနေတဲ့ ရှင်းမပြနိုင်တဲ့ စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကြားမှာလည်း လုပ်ငန်းအတော်တော်များများ မျက်စေ့လည်ခဲ့ကြရတယ်။ အဲ့ဒီ့လိုပဲ နိုင်ငံခြားငွေလဲလှယ်ရေးနဲ့ သွင်းကုန်လိုင်စင်ဆိုင်ရာ ပြဿနာတွေကလည်း အကျပ်အတည်းကို ဖြစ်စေတဲ့ အဓိက အချက်တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေအပြင် ကူးသန်းရောင်းဝယ်ရေးကို နှေးကွေး စေတဲ့ အချက်အလက်တွေ၊ အတားအဆီးတွေလည်း ရှိနေပါသေးတယ်”လို့ စီးပွားရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

ဒါ့အပြင် အခု ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် ၃/ ၂၀၂၃ ဆုံးဖြတ်ချက်အရ “ကုန်သွယ်မှုလိုငွေ မဖြစ်ပေါ်စေရေးအတွက် ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို တတ်နိုင်သမျှ ပြည်ပမှ မတင်သွင်းရန်နှင့် အမှန်တကယ် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကိုသာ စိစစ်၍ တင်သွင်းရန်” လို့ ညွှန်ကြားထားပြန်ပါတယ်။ အဲ့ဒီ့လို ပြည်ပသွင်းကုန် အတော်များများ တင်သွင်းမှု ပိတ်ပင်ထားတာကြောင့် ပြည်တွင်းက ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေသလို တချို့ ကုန်စည်ပစ္စည်းတွေ ဈေးကွက်အတွင်း ဝယ်မရတော့တဲ့ အခြေအနေအထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“အခုက ပြည်ပသွင်းကုန် တော်တော်များများကို ပိတ်သလောက်နီးပါးဖြစ်နေတော့ လာမယ့် ခြောက်လနဲ့ တစ်နှစ်အတွင်းမှာ ပြည်ပသွင်းကုန် ပြတ်လပ်မှုတွေက တောက်လျှောက် ဆိုသလို ဖြစ်ပေါ်လာနိုင်တယ်”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုလို နိုင်ငံရေး မတည်ငြိမ်မှုတွေအကြား စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သိမ်းခြင်းနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာချိန်မှာ အဓိက စားသောက်ကုန်တွေ၊ ကုန်စည်ဈေးနှုန်းတွေဟာ နှစ်သစ်ကူးကာလအပြီးမှာ အရင်ကထက်ပိုပြီး အဆမတန် ဈေးနှုန်းမြင့်တက်လာနေပါတယ်။ ကျပ်ငွေတန်ဖိုးဟာ မြန်မာနှစ်သစ်ကူးကာလအပြီး အတန်အသင့် ဆက်လက် ကျဆင်းနေဆဲဖြစ်ပေမယ့် အခြေခံလူတန်းစားတွေ အပါအဝင် လူတန်းစား အလွှာအသီးသီးအတွက် အဓိက အရေးပါလှတဲ့ အခြေခံ ကုန်စည်ဈေးနှုန်းတွေကတော့ သိသိသာသာ ဆက်လက် မြင့်တက်လာနေတာ ဖြစ်ပါတယ်။ အဓိက စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ သားငါး၊ ဟင်းသီးဟင်းရွက်တွေ အပါအဝင် လူသုံးကုန်ပစ္စည်းတွေပါမကျန် ဈေးနှစ်ဆခန့် မြင့်တက်နေတဲ့အတွက် မြန်မာပြည်သူတွေရဲ့ စားနပ်ရိက္ခာ ရှားပါးမှုအခက်အခဲကို ပိုလို့သာ ဆိုးရွားလာစေပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကနေ မှာယူတင်သွင်းနေရတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေသာမက ပြည်တွင်းမှာထွက်ရှိတဲ့ ဆန်၊ အသား၊ငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေပါမကျန် ဈေးမြင့်တက်နေတာကြောင့် အခြေခံပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းတွေ မျှော်လင့်သလောက် ကောင်းမွန်မှုမရှိခြင်းကလည်း စားနပ်ရိက္ခာလုံလောက်အောင် လက်ခံရရှိခြင်းမျိုး မရှိခဲ့သလို အဲ့ဒီ့ တစ်နှစ်တာပတ်လုံး လောင်စာဆီဈေးနှုန်းနဲ့ အခြေခံအစားအစာဈေးနှုန်းတွေ မြင့်တက်ခဲ့တာကြောင့် အိမ်ထောင်စုတွေအနေနဲ့ အစားအစာထုတ်လုပ်ဖို့နဲ့ အစားအစာရရှိမှုတို့အတွက် အခက်အခဲတွေ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ်၊ နှစ်စကတည်းက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ အရင်ဈေးနှုန်းထက် နှစ်ဆကျော် မြင့်တက်လာခဲ့တာဖြစ်တယ်လို့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းတွေရဲ့ ဈေးနှုန်းမြင့်တက်ခြင်းက ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာ မလုံခြုံမှုတွေကို ပိုမိုဖြစ်ပေါ်လာစေခဲ့ပြီး ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဓာတ်မြေသြဇာ ဈေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်းရှိခဲ့တဲ့ ဓာတ်မြေသြဇာဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ၇၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက FAO နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာ မြန်မာနိုင်ငံရှိ လယ်သမား ၅၄ ရာခိုင်နှုန်းဟာ သူတို့မျှော်လင့်ထားတဲ့ စိုက်ပျိုးရိတ်သိမ်းမှုထက် လျော့နည်းစွာ စိုက်ပျိုးထုတ်လုပ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ အမေရိကန်ဒေါ်လာဈေး၊ စက်သုံးဆီဈေးတွေ မြင့်တက်လာခြင်း၊ တိုင်းပြည် မတည်ငြိမ်မှုတွေကြောင့် နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲလာခြင်းအပြင် နိုင်ငံ့စီးပွားရေး အခြေမခိုင်မှုဖြစ်စဉ်တွေက အခြေခံ ကုန်စည်ဈေးနှုန်း မြင့်တက်လာခြင်းကို အကြောင်းဖန်စေပြီး ဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်း ချိန်ခွင်လျှာ မညီမျှမှုကို ဖြစ်စေခဲ့ပါတယ်။

လက်ရှိမှာ အခြေခံကုန်စည် ဈေးနှုန်းတွေ တစ်စထက်တစ်စ မြင့်တက်လာနေသလို လျှပ်စစ်မီးရရှိမှု အခြေအနေ ဆိုးရွားလာမှုကြောင့်လည်း လျှပ်စစ်မီးကို အားပြုကာ လုပ်ဆောင်နေကြရတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအပြင် တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေဖြစ်တဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေပါ ထိခိုက်လာနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတစ်ဝန်းလုံး အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီး ရရှိနေတာဖြစ်ပြီး စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာလည်း လတ်တလောမှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ နိုင်ငံတော် ဓာတ်အားစနစ်အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံကြီးတွေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျလာခြင်း၊ နေ့၊ ည အပူချိန် မြင့်တက်လာတဲ့အတွက် ဝန်အားသုံးစွဲမှု တိုးမြင့်လာတာကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်ခြင်းတို့ကြောင့် အလှည့်ကျဝန်အား ထိန်းညှိပြီး ဓာတ်အား ဖြန့်ဖြူးပေးနေရတယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ့လို လျှပ်စစ်မီး လုံလုံလောက်လောက်မရရှိမှုကြောင့် လုပ်ငန်းငယ်အချို့ ရပ်နားရမှုတွေ ရှိလာခဲ့သလို ဈေးဝယ်စင်တာတွေ၊ စားသောက်ဆိုင်တွေ၊ အလှပြင်ဆိုင်တွေ အပါအဝင် အခြားသော လုပ်ငန်းတွေအနေနဲ့ မီးစက်တွေကို အသုံးပြုပြီး လတ်တလော ပြဿနာကို ဖြေရှင်းနေကြရပါတယ်။

ဒီပြဿနာတွေကြောင့် စီးပွားရေးကျဆင်းမှုဟာ တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေ၊ အသေးစား၊ အလတ်စား လုပ်ငန်းတွေမှသည် လုပ်ငန်းကြီးတွေအထိ ရိုက်ခတ်ခဲ့ပြီး နိုင်ငံခြားငွေလဲနှုန်း၊ စက်သုံးဆီဈေး အဆမတန် မြင့်တက်လာခြင်းတွေကလည်း လုပ်ငန်း လည်ပတ်နိုင်ရေးအတွက် ဖိအားတိုးစေခဲ့ကာ လုပ်ငန်းရပ်နားမှုတွေလည်း ရှိလာခဲ့တာကြောင့် အဲ့ဒီ့ လုပ်ငန်းတွေအပေါ် မှီခိုနေရတဲ့ လုပ်သားအများစု အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ အနိမ့်ဆုံးလုပ်ခလစာအဖြစ် တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်သာရရှိတဲ့ ပြည်တွင်းက လုပ်သားတွေအနေနဲ့ လက်ရှိမှာတော့ ကျပ်ငွေဖောင်းပွခြင်းကနေ ဆင့်ကဲဖြစ်ပေါ် လာခဲ့တဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာမှုရဲ့ အကျိုးဆက်ကို ခါးစည်း ခံနေကြရတာ ဖြစ်ပါတယ်။

နိုင်ငံခြားငွေဈေးမြင့်တက်မှု၊ နိုင်ငံတစ်ဝန်း လျှပ်စစ်မီးလုံလုံလောက်လောက်မရရှိမှု၊ ကုန်သွယ်ရေးပစ္စည်းတွေကို ကန့်သတ်မှု၊ ပဋိပက္ခတွေကြား လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာမှုတွေက အခြေခံကုန်စည် ဈေးနှုန်း မြင့်တက်ခြင်းကို အကြောင်းဖန်စေကာ မဖြစ်မနေ ဖြေရှင်းရမယ့် အဓိက အချက်တစ်ချက်ဖြစ်လာခဲ့ပြီး ဒီကိစ္စရပ်အပေါ် အချိန်မီ ထိန်းချုပ်နိုင်စွမ်း မရှိဘူးဆိုရင် ပြည်သူတွေရဲ့ စားဝတ်နေရေးအခြေအနေ ပိုမိုကျပ်တည်းလာဖွယ်ရှိနေပါတော့တယ်။ ။

Photo Crd – Original Uploader
#VOM #voiceofmyanmar #စားနပ်ရိက္ခာကဏ္ဍ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW