ဝင်ငွေ မမျှတမှုနဲ့ ကုန်ဈေးနှုန်းအခြေအနေ

SN (VOM)

မြန်မာတစ်နိုင်ငံလုံးက ပြည်သူလူထုတွေအားလုံးဟာ လက်ရှိအချိန်မှာ အခြေခံလုပ်အားခ၊ လစာ၊ ဝင်ငွေနဲ့စားသောက်ကုန်ဈေးနှုန်း မမျှတမှုကို အလူးအလဲခံနေကြရတာ ဖြစ်ပါတယ်။

လုပ်ခ၊ လစာဝင်ငွေ နည်းပါးမှုကြောင့် အခြေခံပြည်သူတွေနဲ့ ဝန်ထမ်းတွေဟာ နေ့စဉ် မိသားစုစားသောက်စရိတ်ကို အလျဉ်မီအောင် မဖြေရှင်းနိုင်တဲ့အပြင် အခြား အိမ်မှုကိစ္စ၊ နေအိမ်ငှားရမ်းခ၊ သားသမီးပညာရေး၊ မိသားစုကျန်းမာရေး စတာတွေကို ဖြေရှင်းနိုင်ဖို့ အခက်အခဲများစွာရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကုန်ဈေးနှုန်းတွေဟာ ပုံမှန်ဈေးထက် ၃ ဆကနေ ၅ ဆခန့်အထိ မြင့်တက်လာနေတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တစ်ရက်စာအသုံးစရိတ်ဟာ တစ်နေ့လုံးစာဝင်ငွေထက် ပိုများနေပြီး စားသောက်နေထိုင်ရေးအတွက် တစ်နေ့ထက်တစ်နေ့ အဆင်‌မပြေမှုများစွာကို ရင်ဆိုင်နေကြရသလို အလုပ်အကိုင်လည်း ရှားပါးလာနေတယ်လို့ အခြေခံလက်လုပ်လက်စား လုပ်ကိုင်သူတွေက ပြောပါတယ်။

“ကျွန်မ အရင်အလုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံက အော်ဒါတွေမရလို့တဲ့ ပိတ်လိုက်ရတယ်လေ။ နောက်စက်ရုံတစ်ခု ထပ်ပြောင်းတယ်။ အဲ့ဒီစက်ရုံကလည်း ထပ်ပိတ်ပြန်တော့ အလုပ်ကမရှိတော့ဘူး။ အဲ့ဒီတော့ သူများဆီမှာ အတိုးနဲ့ ပိုက်‌ဆံလေးချေးပြီး ရပ်ကွက်ထဲမှာ တို့ဟူးနွေးလေးလုပ်ရောင်းတယ်။ တစ်နေ့ကို ငါးထောင်လောက်တော့ ကျန်တယ်။ ယောင်္ကျားကတော့ ကုမ္ပဏီကားမောင်းတယ်။ တစ်လကို နှစ်သိန်းခွဲရတယ်။ ဒါပေမယ့် အိမ်ကငှားနေရတာဆိုတော့ တစ်လတစ်လကို ပေးရမယ့်အိမ်လခတင် ၁ သိန်း ၂ သောင်းရှိတယ်။ ရေဖိုး၊ မီးဖိုးလည်း ကုန်တာရှိသေးတယ်။ ကလေးနှစ်ယောက် ကျောင်းစရိတ်ရယ်၊ ယူထားတဲ့အကြွေးတွေ အတိုးသတ်နေရတာရယ်နဲ့ ဝင်ငွေထက် ထွက်ငွေက ပိုများနေတယ်။ အခုကုန်ဈေးနှုန်းနဲ့ဆို ဘယ်လိုအဆင်ပြေနိုင်မှာလဲ တွေးသာကြည့်။ ပဲပြုတ်တစ်ဆယ်သားတောင် တစ်ထောင်ဖြစ်နေတယ်။ တစ်ပိဿာကို တစ်သောင်း ဈေးလေ။ အရင်လို သုံးရာဖိုးလောက်ပေးပါဆိုရင် ဈေးသည်ကမရောင်းတော့ဘူး။ အနည်းဆုံး ငါးကျပ်သားဝယ်မှပဲ ရောင်းပေးတာ။ ဒါတောင် ကျန်းမာရေးပြဿနာ ကြီးကြီးမားမားမရှိ‌လို့ တော်သေးတယ်ပြောရမယ်။ ရှိလာရင်တော့လည်း ဘယ်တတ်နိုင်မလဲ။ လာမယ့်ဘေး ပြေးတွေ့ရုံပေါ့”လို့ တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဆန်တစ်အိတ်ကို ကျပ် တစ်သိန်းကျော်အထိ ဈေးမြင့်တက်နေသလို မီးဖိုချောင်သုံး စားသောက်ကုန်ကအစ အသားငါး၊ ဟင်းသီးဟင်းရွက်ဈေးတွေပါ မြင့်တက်လာနေတာဖြစ်ပါတယ်။ အစစအရာရာ ဈေးအဆမတန် မြင့်တက်နေတဲ့ကာလမှာ ပြည်သူတွေအနေနဲ့ ဝင်ငွေနဲ့ထွက်ငွေ မျှတမှုမရှိသလို တစ်နေ့ဝင်ငွေ ၃၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ကြားသာ ရရှိကြတဲ့ အခြေခံလက်လုပ်လက်စားတွေမှာတော့ ပိုလို့သာ ကျပ်တည်းလာနေကြတယ်လို့ သိရပါတယ်။

“အခုက မနက် ဈေးတစ်ခါသွားရင် တစ်ခါ ခေါင်းခဲရတယ်။ လက်ထဲ ရှိတဲ့ပိုက်ဆံလေးနဲ့ လောက်ငှအောင် ဘာဝယ်လို့ဝယ်ရမှန်းမသိဘူး။ အရမ်းစိတ်ညစ်ရတယ်။ အရင်က ငါးထောင်၊ တစ်သောင်းလောက်ဆို ဈေးကောင်းကောင်းဝယ်လို့ရတယ်။ အခုတော့ အဆင်မပြေတော့ဘူး။ ငါးထောင်၊ တစ်သောင်း ပါတယ်ဆိုရင်တောင် ဘာမှဝယ်မရတဲ့ခေတ် ဖြစ်နေပြီ။ ငါးမြစ်ချင်းက အရင် ၆၀၀၊ ၇၀၀ ဈေးက အခု ၁၂၀၀ ဈေး ဖြစ်နေပြီ။ အိမ်မှာက လူခြောက်ယောက်ရှိတော့ အဲ့ဒီခြောက်ယောက်စာအတွက် အဟာရပြည့်အောင် စားရဖို့က ဈေးတစ်ခါဝယ်တိုင်း မနည်းကို စဉ်းစားနေရတယ်။ ဈေးတစ်ခါသွားရင် ကြာလိုက်တာတဲ့၊ အိမ်ကလူတွေကပြောကြတယ်။ အမှန်က ဈေးထဲမှာ ဟိုလျှောက်ဒီလျှောက်နဲ့ လက်ထဲပါတဲ့ပိုက်ဆံလေးနဲ့ ဘယ်လို လောက်ငှအောင်၊ အဆင်ပြေအောင် ဝယ်ရမလဲ လိုက်ကြည့်ရင်း၊ စဉ်းစားရင်းနဲ့ အချိန်ကုန်နေတာ။ လိုချင်တဲ့ဟာလေးမေးလိုက်၊ ပြန်ချထားခဲ့လိုက်နဲ့ ဈေးတစ်ခါဝယ်ရတာ ရင်တမမနဲ့ အရမ်းကို စိတ်မောရတာ” လို့ ရွှေပြည်မြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဒါတွေဟာ အိမ်ရှင်မတစ်ဦးတစ်ယောက်တည်း ကြုံတွေ့နေရတဲ့ ပြဿနာမဟုတ်သလို အိမ်ရှင်မတိုင်းလိုလို နေ့စဉ်ကြုံတွေ့နေရတဲ့ ခေါင်းခဲစရာ ပြဿနာတစ်ရပ် ဆိုရင်လည်း မမှားပါဘူး။ အဓိက စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ သားငါး၊ ဟင်းသီးဟင်းရွက်တွေ အပါအဝင် လူသုံးကုန်ပစ္စည်းတွေပါ ဈေးအဆမတန် မြင့်တက်နေတာကြောင့် အခြေခံပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာနေရတာပါ။

လက်ရှိ ဈေးကွက်အတွင်း ငါးမြစ်ချင်းတစ်ပိဿာဈေး ၁၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာဈေး ၁၆၀၀၀ ကျပ်၊ ငါးအသေး (ငါးဘဲလေး) တစ်ပိဿာဈေး ၁၀၀၀၀ ကျပ်၊ ငါးမြင်း တစ်ပိဿာဈေး ၁၂၀၀၀ ကျပ်၊ ငါးမုန့် အကောင်ကြီး တစ်ပိဿာဈေး ၁၀၀၀၀ ကျပ် စသဖြင့် ဈေးနှုန်းတွေ မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

အရင်က ငါးမြစ်ချင်း တစ်ပိဿာ ၇၀၀၀ ကျပ်ဝန်းကျင်၊ ငါးကြင်းတစ်ပိဿာ ၈၀၀၀ ကျပ်ဝန်းကျင်ရှိပြီး အခြားသော ငါးအမျိုးအစားတွေမှာလည်း တစ်ပိဿာ ၆၀၀၀၊ ၇၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

ကြက်သား တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၈၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၈၀၀၀ ကျပ် စသဖြင့် အသားဈေးတွေလည်း တစ်ရိပ်ရိပ် မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဆန် လက်လီ၊ လက်ကားဈေးကွက်အတွင်းမှာလည်း ဈေးနှုန်းတွေ မြင့်တက်နေပြီး ဆန်တစ်ပြည် ၆၀၀၀ ကျပ်ဝန်းကျင်အထိ ပေးဝယ်ကာ စားသုံးနေရတယ်လို့ သိရပါတယ်။ ပေါ်ဆန်းမွှေး (ထူးရှယ်) တစ်ပြည်ကို ၆၂၀၀ ကျပ်အထိ ရောင်းချလာခဲ့ပြီး ပြီးခဲ့တဲ့ မေလကုန်ပိုင်းကတော့ အဲ့ဒီ့ဆန်ဈေးနှုန်းဟာ တစ်ပြည်ကို ၅၅၀၀ ကျပ်၊ ၂၄ ပြည်တစ်အိတ် ၁၃၀၀၀၀ ကျပ်ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုတော်ဝင် (ရွှေဘိုထိပ်စ အိုးဝင်ထူးရှယ်) ၂၄ ပြည်တစ်အိတ်ကို ၁၃၀၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုကျားပျံ(ရှယ်) ၂၄ ပြည်တစ်အိတ်ကို ၁၁၀၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်ကို ၁၁၂၀၀၀ ကျပ်ဝန်းကျင်၊ ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင် ဆန်) ၂၄ ပြည်တစ်အိတ်ကို ၈၈၀၀၀ ကျပ်မှ ၉၅၀၀၀ ကျပ်ဝန်းကျင်နဲ့ ဆန်ကြမ်း (ငစိန်၊ ဇီယာ အုပ်စုဝင်ဆန်) ၂၄ ပြည်တစ်အိတ်ကို ၆၁၀၀၀ ကျပ်မှ ၇၄၀၀၀ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

“ဆန်စက်တွေက လိုသလောက် ထုတ်မရောင်းနိုင်လို့ ဈေးတွေတက်လာတာ။ စက်တွေက လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် မရဘူးလေ။ ဝယ်လိုအားရှိသလောက် စပါးကြိတ်ခွဲတာမလုပ်နိုင်တော့ဘူး။ ဈေးတွေက နေ့တိုင်းလိုလိုတက်နေတာဆိုတော့ အရင်လို ဆိုင်မှာ အများကြီးလည်း ဝယ်မရောင်းနိုင်ဘူး။ အမြတ်မရတဲ့အပြင် အရင်းထဲကပါ ပါပါသွားလို့။ ဥပမာ ဆန်တစ်အိတ် ခြောက်သောင်းနဲ့ဝယ်ပြီး ခြောက်သောင်းခွဲနဲ့ ပြန်ရောင်းတယ်ဆိုပါစို့။ ပြန်ဝယ်ရင် အရင်းက ခြောက်သောင်းခွဲ ဖြစ်သွားပြီ။ အမြတ်မရတဲ့အပြင် အရင်းအနှီးပါ ထပ်လိုက်ရပြန်ရော။ အဲ့တော့ ဘယ်လိုမှမကိုက်တော့ဘူး။ အခု အခြေအနေက အရင်လို မဟုတ်တော့ဘူး။ အစစအရာရာ ချင့်ချိန်ပြီး အလုပ်လုပ်နေရတယ်။ စားသုံးသူတွေရော၊ ဈေးသည်တွေရော အကုန် ဒုက္ခရောက်နေရတဲ့ အနေအထားပါ” လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခြားသော စားသောက်ကုန်တွေလည်း ဈေးသိသိသာသာ မြင့်တက်နေပြီး စားအုန်းဆီ တစ်ပိဿာ ၇၀၀၀ ကျပ် ဝန်းကျင်၊ မြေပဲဆီ တစ်ပိဿာ ၁၂၅၀၀ ကျပ် ဝန်းကျင်၊ ကြက်သွန်နီ တစ်ပိဿာ ၂၂၀၀ ကျပ်ဝန်းကျင်၊ ကြက်သွန်ဖြူတစ်ပိဿာ ၈၀၀၀ ဝန်းကျင်၊ ငရုတ် (မြစ်ဝ) တစ်ပိဿာ ၁၆၀၀၀ ကျပ်ဝန်းကျင်၊ အာလူး တစ်ပိဿာ ၂၃၅၀ ကျပ်ဝန်းကျင်၊ ကြက်ဥ အသေး ၂၅၀ ကျပ်၊ အကြီး ၃၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စည်း ၄၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၂၀၀၀ ကျပ်၊ အထုပ် ၃၀ ပါ ပရီမီယာကော်ဖီမစ်တစ်ပါကင် ၆၄၀၀ ကျပ်၊ ကျွဲရိုင်း (Shark) အချိုရည်တစ်ဘူး ၁၃၀၀ ကျပ်၊ ရွိုင်ရယ်ဒီအချိုရည် တစ်ဘူး ၈၀၀ ကျပ်၊ ချဉ်စပ်ခေါက်ဆွဲတစ်ထုပ် ၇၀၀ ကျပ်၊ လက်ဖက်ရည် တစ်ခွက် ကျပ် တစ်ထောင်ဝန်းကျင် စသဖြင့် ဈေးနှုန်းအသီးသီး မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။

အခု ဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ လက်လှမ်းမီသမျှ ဈေးကွက်အတွင်းက စုံစမ်းဖော်ပြထားခြင်းဖြစ်ပြီး နေရာဒေသအလိုက် ဈေးနှုန်းကွာဟမှုတွေ ရှိနိုင်သလို တည်ငြိမ်မှုမရှိဘဲ နေ့စဉ်၊ လစဉ်အလိုက် ဈေးနှုန်းအပြောင်းအလဲတွေလည်း ရှိလာနိုင်တယ်လို့ သိရပါတယ်။

“ရေသန့်ဘူး တစ်လီတာဘူးတစ်ဘူး ၅၀၀ ကျပ်၊ ၆၀၀ ကျပ် ဖြစ်သွားကြပြီ။ ဘုရားပန်းတစ်ကြိမ်လဲရင် အနည်းဆုံး သပြေပန်းတောင် ၂၀၀၀ ဖိုးလောက်မှ အဆင်ပြေတာ။ လိမ္မော်သီးတစ်လုံး တစ်ထောင်ကျပ်ဖြစ်သွားပြီ။ ကျန်တဲ့ အသီးအနှံဈေးနှုန်းတွေကတော့ မေးတောင်မမေးရဲတော့ဘူး။ ခြင်ဆေးခွေတစ်ဘူး ၈၀၀ ကျော်၊ ယပ်တောင်တစ်ချောင်း ၅၀၀ ကျပ်၊ အဲ့ဒီတော့ ခြင်ဆေးမထွန်းဘဲ ကပ်ထူစက္ကူနဲ့ ယပ်ခတ်ကြရဖို့ပဲရှိတယ်။ ထွန်းရွှေဝါ အထူးထုတ် ၁၂၀၀ ကျပ်၊ လျက်ဆား တစ်ဘူး ၉၀၀ နား ကပ်သွားပြီ။ အော်ရာမင်ဂျီတစ်လုံး ၉၀၀ ကျပ်၊ ကေသီပန်တစ်ထုပ် ၄၀၀ ကျပ်ဖြစ်နေပြီ။ ဈေးမတက်တာကို မရှိဘူး၊ အကုန်တက်နေတာ။ ပိုက်ဆံရှိတဲ့သူတွေများကျတော့လည်း ရှိပြီးရင်းရှိပဲ။ အခြေခံပြည်သူတွေကတော့ နင်းပြားဘဝနဲ့ ရုန်းကန်နေရတယ်။ တစ်နေ့တစ်နေ့ တက်လိုက်တဲ့ ကုန်ဈေးနှုန်းတွေ၊ နေ့စဉ်နဲ့အမျှ မျက်လုံးပြူးမျက်ဆံပြူးနဲ့ အသက်ရှူကြပ်နေရတယ်”လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်ရခြင်းမှာ စီးပွားရေးဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံရေးမတည်ငြိမ်တဲ့အခါ စီးပွားရေးကို ထိခိုက်လာတာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ ဒီရဲ့အကျိုးဆက်က မြန်မာကျပ်ငွေတန်ဖိုးကို ကျဆင်းစေပြီး ပြည်တွင်း၊ ပြည်ပ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ခြင်းကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

ကုန်ဈေးနှုန်းတက်ရင် ပထမဆုံး ထိခိုက်မယ့်သူတွေကတော့ လက်လုပ်လက်စား ဆင်းရဲသားတွေ၊ ပုံသေဝင်ငွေရတဲ့ လခစားဝန်ထမ်းတွေဖြစ်ပြီး ကုန်ဈေးနှုန်းတက်ခြင်းက ပမာဏများပြီး အရှိန်အဟုန်မြင့်လာကာ ပိုမိုကြာရှည်လာခဲ့ရင်တော့ လူလတ်တန်းစားတွေနဲ့ ငွေကြေးချမ်းသာသူတွေကိုပါ ထိခိုက်လာစေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

“ကုန်ဈေးနှုန်းက လက်ရှိမှာ ၃ ဆ နီးပါးတက်လာတာ။ အဓိပ္ပါယ်က လက်ထဲ ကျပ်ငွေတစ်သိန်းစုထားတဲ့ သူတွေဟာ ၃ သောင်းကျော်လောက်ပဲ တန်ဖိုးကျန်တာပေါ့။ ကျပ်ငွေ သိန်းတစ်ထောင်စုထားသူက သိန်း ၆ ရာကျော် အလဟဿ ဆုံးရှုံးသွားရတဲ့သဘောပါ” လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တစ်ရက်ကို ၄ နာရီကြာသာ အချိန်ခွဲခြားရရှိနေတဲ့ လျှပ်စစ်မီးကြောင့် ထုတ်ကုန်လုပ်ငန်းတွေ လျော့ကျလာသလို စက်သုံးဆီဈေးကြောင့် ကုန်စည်စီးဆင်းမှုစရိတ် မြင့်တက်ကာ အခြေခံစားကုန်ဈေးနှုန်းတွေ ရက်သတ္တပတ်နဲ့တစ်ပတ် တရိပ်ရိပ် မြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံ့စီးပွားရေးဟာ ၂ နှစ်ကျော်ကာလအတွင်း ပဋိပက္ခတွေကြောင့် ဆိုးဆိုးဝါးဝါးကျဆင်းနေသလို ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP ဟာလည်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ ၃ ရာခိုင်နှုန်းမျှသာ ရှိလာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အခု ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ နိုင်ငံရေး အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းပဋိပက္ခတွေ၊ ဆိုးဝါးတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေဟာ နိုင်ငံရေးနဲ့ လူမှုရေးအတွက် အကျပ်အတည်းတွေ ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မတည်ငြိမ်နိုင်လွန်းတဲ့ စည်းမျဉ်းကန့်သတ်ချက်တွေက စီးပွားရေးကို ဆက်လက် ဆိုးဝါးစေသလို ရုပ်အားဖြင့်ပင် တိုးတက်လာဖွယ် မရှိသေးဘူးလို့ သုံးသပ်ထားပါတယ်။

ဒါပေမယ့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကတော့ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကျပ်အတည်းတွေ ရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ပြည်တွင်းအားများ စုစည်းမှုကောင်းလာတာကြောင့် ကုန်ထုတ်လုပ်မှုတွေ ကောင်းမွန်လာသလို နယ်စပ်ကုန်သွယ်မှုတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်တာကြောင့် လုပ်ငန်းတွေ ပြန်လည် လည်ပတ်လာနိုင်ပြီး နိုင်ငံရဲ့စီးပွားရေးဟာ အနှုတ်လက္ခဏာမှ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့တယ်လို့ အခုနှစ် ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။

“ထုတ်ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ကျွန်တော်တို့ပြည်သူတွေက ပိုမိုကြိုးပမ်း ဆောင်ရွက်ခဲ့ရင် ဒီနှစ်ဟာ ယခင်နှစ်တွေထက် စီးပွားရေးတိုးတက်မှုအား ပိုမိုကောင်းလာမယ်လို့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်” လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

မည်သို့ပင်ဆိုစေကာမူ အချိန်ကြာလာတာနဲ့အမျှ မြန်မာနိုင်ငံအတွင်းမှာ ကျပ်ငွေတန်ဖိုး ကျဆင်းလာသလို ကုန်ဈေးနှုန်းမှာလည်း ဝင်ငွေနဲ့ နှိုင်းစာရင် တရိပ်ရိပ် မြင့်တက်လာနေတယ်လို့ စီးပွားရေးလေ့လာသူတွေက ပြောပါတယ်။

“လစာပုံသေတစ်ခုနဲ့ မိသားစုတစ်ခုလုံးစာအတွက် အလုပ်လုပ်နေကြရတဲ့ ဝန်ထမ်းတွေဟာ ကုန်ဈေးနှုန်း သုံးဆလောက် မြင့်တတ်သွားရခြင်းကို အလူးအလဲ ဒဏ်ခံနေကြရတာ လူတိုင်းအသိပဲ ဖြစ်ကြမှာပါ။ လစာကသာ နှစ်ဆ၊ သုံးဆ တက်မလာတာ။ စရိတ်က သုံးဆလောက် မြင့်တက်နေတဲ့အပေါ် ဘယ်လိုများ ရှေ့ဆက်သွားကြမလဲလို့ စဉ်းစားမိတယ်။ ကုန်ဈေးနှုန်းဒဏ်ကို လူတိုင်း ခံစားနေရတယ်ဆိုပေမယ့် ဝန်ထမ်းမဟုတ်သူတွေက ဝင်ငွေတိုးရှာဖို့ အလုပ် တိုးလုပ်ဖို့ ဖြစ်နိုင်ပေမယ့် အလုပ်ထပ်တိုးလုပ်ဖို့ မဖြစ်နိုင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေအတွက် ကိုယ်ချင်းစာမိတယ်” လို့ စီးပွားရေးလေ့လာသူတစ်ဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

လူအများဟာ ငွေကိုချွေတာသလို အချိန်ကိုလည်း ချွေတာရမယ်လို့ ဆိုထားပါတယ်။ ပစ္စည်းဥစ္စာ၊ ရွှေ၊ ငွေ ရှိတဲ့သူတွေအတွက် ချွေတာခြင်းကို မဖြစ်နိုင်လို့ ပြောသူရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်နေ့လုပ်၊ တစ်နေ့စား ထမင်းနပ်မှန်အောင် ရုန်းကန်နေကြရသူတွေအဖို့ကတော့ ချွေတာဖို့နေနေသာသာ မနက်၊ ည အလျဥ်မီအောင် ရုန်းကန်နေကြရပါတယ်။

ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ရဲ့ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံမှာ ဒုစရိုက်မှုတွေ တိုးလာသလို ကိုယ့်ကိုယ်ကို သတ်သေနှုန်းတွေလည်း မြင့်တက်လာနေပြီး ပြည်ပနိုင်ငံတွေဆီထွက်ခွာကာ အလုပ်လုပ်ကိုင်သူတွေဟာလည်း များပြားလို့လာနေပါတယ်။

အခြေခံကုန်ဈေးနှုန်းတွေ ၃ ဆနီးပါး တက်သွားပေမယ့်လည်း လုပ်ခလစာကတော့ တိုးတက် ပြောင်းလဲလာခြင်း မရှိတဲ့အတွက် အနိမ့်ဆုံး လုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်သာရတဲ့ အခြေခံ အလုပ်သမားတွေအတွက်ကတော့ ဝင်ငွေနဲ့ထွက်ငွေ မမျှတမှုက ဝမ်းတစ်ထွာအရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပါတယ်။

လက်ရှိမှာ အိမ်ထောင်စုဝင်တိုင်းရဲ့ ဝင်ငွေနဲ့ သုံးစွဲနိုင်အား ကျဆင်းလျက်ရှိသလို စီးပွားရေးဘက်မှာလည်း ဘဏ်လုပ်ငန်း အကျပ်အတည်းတွေကြောင့် လုပ်ငန်းလည်ပတ်ငွေတွေ ပုံမှန်စီးဆင်းနိုင်မှု မရှိတဲ့အပြင် အမေရိကန်ဒေါ်လာဈေး မြင့်တက်ခြင်း၊ ဈေးကွက်ဝယ်လိုအား ကျဆင်းခြင်းနဲ့ ကုန်ကြမ်း‌ဈေးနှုန်းတွေ အပါအဝင် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ မြင့်တက်လာခြင်း စတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတာပါ။

လတ်တလောမှာတော့ အကျပ်တည်းပေါင်းစုံပေါ်ကို ခြေစုံကျ ရပ်နေမိတဲ့ မြန်မာ့စီးပွားရေးကတော့ ဆက်ခါ ကျပ်တည်းနေဦးမှာ သေချာနေသလို ကုန်ဈေးနှုန်းတွေ ကျဆင်းနိုင်ဖို့ကလည်း ကမ်းမမြင်လမ်းမမြင် အခြေအနေ ဖြစ်လို့နေပါတယ်။ ထွက်ပေါက်ဆိုတာကလည်း ရေးရေးတောင်မပေါ်သေးတာမို့ မနက်ဖြန်တွေဟာလည်း ရုန်းကန်မှုတွေနဲ့ပဲ ဆက်ပြီး အသားကျနေဦးမှာ ဖြစ်ပါတယ်။ ။

Photos Crd – Original Uploader
#voiceofmyanmar #VOM #ကုန်စျေးနူန်းအခြေအနေ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW