စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် အရင်နှစ် ထက် ၂၀ ရာခိုင်နှုန်းကျော်မြင့်တက်လာ

ဇွန် ၉-၂၀၂၃
MM(VOM)

၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်ရဲ့ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို ဒီနေ့ ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီး အရင်နှစ်ကထက် ၂၀ ရာ ခိုင်နှုန်းကျော်အောင်ချက် မြင့်တက်လာတယ်လို့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ သိရပါတယ်။

ဒီနေ့ ဇွန်လ ၉ ရက်၊ မနက်ပိုင်းက ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်က စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်သူ ၁၀၉,၈၅၁ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေနဲ့ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်း အထိရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၂၈၁,၇၅၁ ဦးရှိခဲ့ပြီး အောင်မြင်သူ ၁၃၂,၀၇၇ ဦးရှိခဲ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာနကနေ သိရပါတယ်။

”ပြီးခဲ့တဲ့ မတ်လ ၈ ရက်ကနေ မတ်လ ၁၈ ရက် အထိ ကျင်းပပြုလုပ်ခဲ့တဲ့ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို ဒီနေ့ ၉ ရက် မနက် ၄ နာရီကနေ စတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်ပြန်ကြေညာခဲ့တာ၊ အခုနှစ် စာမေးပွဲကို ရန်ကုန်တိုင်းကဖြေဆိုသူ ၂၃၈၀၇ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ဖြေဆိုသူ ၂၂၀၆၉ ဦးနဲ့ ဒုတိယအများဆုံးဖြစ်တယ်၊ ကယားပြည်နယ်က ၉၁၂ ဦးနဲ့ ဖြေဆိုသူ အနည်းဆုံးဒေသ ဖြစ်ပါတယ်။”လို့ စာစစ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ အောင်ချက်ရာခိုင်နှုန်း များပေမယ့် နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း တက္ကသိုလ်ဝင်တန်း ၁၀ တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် သိန်းနဲ့ချီပြီး လျော့နည်းလာတယ်လို့ ပညာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။

”နိုင်ငံရေး အပြောင်းအလဲ မဖြစ်ခင် ၂၀၁၉ -၂၀၂၀ စာသင်နှစ်က တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၉၇၁,၄၀၇ ဦးအထိရှိခဲ့တယ်၊ ၂၀၂၂- ၂၀၂၃ စာသင်နှစ် ကျတော့ ၁၆၁,၈၅၀ ဦးသာ ရှိတော့တယ်၊ ဒါ့ကြောင့် ဝင်ရောက်ဖြေဆိုသူ ၈၂ ဒသမ ၇၂ ရာခိုင်နှုန်း လျော့နည်းသွားတာကိုတွေ့ရပါတယ်။ ”လို့ ပညာရေးဝန်ထမ်းတစ်ဦး ကပြောပါတယ်။

အဲ့ဒီ အောင်စာရင်းထွက်ရှိခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် မဖြေဆိုနိုင်ခဲ့သူတွေနဲ့ ကျရှုံးသူတွေကို လာမယ့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းတက်ခွင့်မပေးတော့ဘဲ ပြင်ပမှာလေ့လာပြီး စာမေးပွဲဖြေဆိုခွင့်ကိုသာ ခွင့်ပြုသွားမယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #တက္ကသိုလ်ဝင်စာမေးပွဲ #၂၀၂၃ခုနှစ်

Related posts

Leave a Comment

VOM News

FREE
VIEW